Wednesday, April 3, 2013

ဧည့်သည် ရှင်းတမ်း


“ဧည့်သည်”

လာတုန်းကလည်း၊ တစ်ယောက်တည်းနော်..
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး..
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။


ပြန်သွားတော့လဲ၊ တစ်ယောက်တည်းနော်..
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး..
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။


လာပြီးတော့နား ၊ မသွားသေးခင်

ချိန်လေးတင်မှ၊ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ၊ ပြုံးရယ်မဲ့ငို
ချစ်မုန်းပိုကြ၊ မလိုဒေါသ
လိုလောဘနှင့်၊ လောကဇာတ်ခုံ ကကြိုးစုံခဲ့။


ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်က
သုတ်သုတ်စောလျှင် ခရီးနှင်သည်
တို များဧည့်သည်တွေပါတကား။


(အရှင်ဇာဂရိယ)

သံဝေဂရဖွယ် ကဗျာတွေထဲက အကောင်းဆုံးကဗျာလေးတစ်ပုဒ်မို့ ဒီကဗျာလေးကို ကျွန်တော်အရမ်းနှစ်သက် ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်လေးထဲက ဖတ်လာခဲ့၊ ရင်းနှီးခဲ့တဲ့ ကဗျာလေးဆိုရင်လည်း မမှားပါဘူး။ အသက်အ ရွယ်လေးရလာတာနဲ့အမျှ ကဗျာလေးရဲ့ သံဝေဂရဖွယ်ရာ အဓိပ္ပာယ်လေးက ပိုပြီးလေးနက်လာပါတယ်။ ဒါကြောင့် ဒီကဗျာလေးကို ဘယ်နေရာမှာတွေ့တွေ့ ဖတ်ဖြစ်အောင်ကိုဖတ်လိုက်ပါတယ်။ မှတ်စုအနေနဲ့လည်း ကျွန်တော်ကူးပြီး သိမ်းထားပါတယ်။ ဒီ “ဧည့်သည်” ကဗျာလေးကို “ကဗျာဆရာဗန်းမော်ရွှေညို” (ဦးမြအုန်း)ရေးစပ်ခဲ့တဲ့ ကဗျာလေး လို့ လူသိများခဲ့ပါတယ်။



မင်းတို့ လာလည်း

ငါ့မှာတားခွင့်မရှိပါ ။

မင်းတို့ သွားလည်း

ဟန့် တားပိုင်ခွင့်မရှိပါ ။



ဆိုသောကဗျာကိုလည်း “ဧည့်သည်” ဟူသော ခေါင်းစဉ်ဖြင့်ပင် ကဗျာဆရာဗန်းမော်ရွှေညို(ဦးမြအုန်း) ကရေးဖွဲ့ ခဲ့ဖူး ပါသည် ။ (ဤ “ဧည့်သည်” ဆိုသောကဗျာကို မည်သည့်နှစ်တွင် ရေးဖွဲ့ခဲ့ကြောင်းအထောက်အထားရှာ မတွေ့ သေး ပါ)။ ကဗျာဆရာ ဗန်းမော်ရွှေညို (ဦးမြအုန်း)သည်  ၂၀၀၁ ခုနှစ်တွင် ရဟန်းဘ၀ဖြင့် ဘ၀နတ်ထံပျံလွန်တော်မူသွားပြီ ဟု သိရပါသည်။ ယပ်တောင် ပေါ်မှ “ဧည့်သည်” ကဗျာနှင့်ပတ်သက်၍ ကဗျာနှစ်ပုဒ်ကို ယှဉ်ကြည့်သောအခါ ယပ်တောင်ပေါ်မှ “ဧည့်သည်” ကဗျာသည် ဆရာဗန်းမော်ရွှေညိုရေးစပ်ထားသော ဧည့်သည် ကဗျာမဟုတ်ကြောင်း ထင်ရှားပါသည် ။





အချို့ဆောင်းပါးများတွင်လည်း “ဧည့်သည်” ကဗျာရေးစပ်သူအစစ်မှာ “ကဗျာဆရာဗန်းမော်ရွှေညို (ဦးမြအုန်း)” မ ဟုတ်ပဲကဗျာရှင် “အရှင်ဇ၀န” လို့ရေးသားဖော်ပြထားတာကိုလည်း ဖတ်ရပါတယ်။ ကဗျာရှင် အမည်ကိုမဖော်ပြ ဘဲ နှစ်ပေါင်းများစွာကပင် လုပ်ငန်းရှင်များအသုံးပြုလာခဲ့သော ယပ်တောင်ပေါ်မှ “ဧည့်သည်” ကဗျာ၏ ပိုင်ရှင်အစစ် မှာ “အရှင်ဇာဂရိယ” သာဖြစ်ပါသည်။ အရှင်ဇာဂရိယ (အခြားသော ဆောင်းပါးများတွင် တွေ့ ရသော“အရှင်ဇ၀န” မ ဟုတ်ပါ) သည်မကွေးတိုင်း၊ ဂန့် ဂေါမြို့နယ်ဇာတိ၊ ယောနယ်သားဖြစ်ပါသည်။ ၁၉၇၉ ခုနှစ်တွင် အလုံ၊ အောင်မင်္ဂလာ တိုက်သစ်၌ သတင်းသုံးနေစဉ် ဓမ္မာစရိယတန်းစာသင်သားထဲမှ (အရှင်ဦးတိသာ) ရုတ်တရက်ပျံလွန်တော်မူသွား သဖြင့် ဤယပ်တောင်များပေါ်မှ “ဧည့်သည်” ဆိုသောကဗျာအပါအ၀င် သံဝေဂကဗျာသုံးပုဒ်ကို ရေးစပ်ခဲ့ကြောင်း၊ ယပ်တောင်များကိုမှာယူစေခဲ့ပြီး ၎င်းယပ်တောင်များပေါ်တွင် “ဧည့်သည်” သံဝေဂကဗျာလေးကို ကပ်ခဲ့ကြောင်း၊ သီးခြားစာရွက်လေးတွေနှင့်လည်း ရိုက်နှိပ်ခဲ့ပြီး ပရိသတ်များကိုဝေမျှခဲ့ကြောင်းကို “အရှင်ဇာဂရိယ” နှင့်အနီးကပ်နေ ခွင့်ရခဲ့ဖူးသော စာရေးဆရာတစ်ဦးက ယပ်တောင်ပေါ်မှ “ဧည့်သည်” ကဗျာရေးသူအစစ်မှာ “အရှင်ဇာဂရိယ” သာ  ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ဖူးပါသည်။ ယပ်တောင်များပေါ်မှ သံဝေဂရဖွယ်ရာ “ဧည့်သည်” ကဗျာပိုင်ရှင် “အရှင် ဇာဂရိယ” ရေးဖွဲ့ ခဲ့သော “ဧည့်သည်” ကဗျာသက်တမ်းသည် ယခု ၂၀၁၃ ခုနှစ်တွင် ၃၄ နှစ်ပြည့်ခဲ့ပြီး ၁၉၇၉ ခုဖွား ကျွန်တော်နှင့် သက်တမ်းအတူတူဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။ သူငယ်ချင်းညီအကို မောင်နှမများ အားလုံးဘ၀အမော တွေပြေ ကြပါစေ....။ 





တစ်နေကွယ် ၊ သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ ၊ သေဘူးမထင်ပါနဲ့ 

နေကွယ်တာ အချိန်များရင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်သွားရမယ်
တားမရဘူး ။  ။


( လယ်တီဆရာတော် ရှင်ဥာဏဓဇ )





မှတ်ချက်။  အချို့သောဘလော့စာမျက်နှာများနှင့် Facebook စာမျက်နှာများပေါ်တွင်တင်ထားသော “ဧည့်သည်” ကဗျာကိုဖော် ပြကြရာတွင် ကဗျာရှင်အား “ဗန်းမော်ရွှေညို” ဟုရေးသားဖော်ပြကြပါသည်။ ထိုကြောင့် “ဧည့်သည်” ကဗျာမူပိုင်ရှင် အစစ်အမှန်ကို သိစေချင်၍ စာရေးဆရာမောင်ကြည်သန့်၏ “အငြင်းပွား အမှတ်လွဲ လူသိနည်း မြန် မာ့ဖြစ်ရပ်(၁၀၀)” မှနောက်ဆုံးကောက်နှုတ် ချက်များကိုမှီငြမ်းပြီး ဤပို့စ်ကိုပြန်လည်ရေးသားပါသည်။ အထက် တွင်ဖော်ပြခဲ့သော ကဗျာဆရာဗန်းမော်ရွှေညို(ဦးမြအုန်း) ရေးသားစပ်ဆိုခဲ့သော “ဧည့်သည်” ကဗျာလေးမှာ (မင်း တို့ လာလည်း၊ ငါ့မှာတားခွင့်မရှိပါ။ မင်းတို့ သွားလည်း၊ ဟန့်တားပိုင်ခွင့်မရှိပါ) အပြည့်အစုံ မဟုတ်ပါ။ မှတ်မိ သလောက် ကိုသာပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။ ကဗျာအပြည့်အစုံကို ယခင်က Multiply စာမျက်နှာများ တွင်တင်ထားသည်ကိုဖတ်ဖူးပါသည်။ ယခု Multiply စာမျက်နှာများဖွင့်လို့မရသဖြင့် ကဗျာဆရာဗန်းမော်ရွှေညို (ဦးမြအုန်း) ရေးသားစပ်ဆိုခဲ့သော “ဧည့်သည်” ကဗျာလေးကိုအပြည့်အစုံမဖော်ပြနိုင်တာကို နားလည်းခွင့်စေချင်ပါ သည်။  ဤပို့စ် နှင့်ပတ်သက် ၍မှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော်၏အမှားသာဖြစ်ပါသည်။





ရာဇာထွေး


No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: