Sunday, March 25, 2012

ယပင့်နဲ့ချစ်မှာလား ရရစ်နဲ့ခြစ်မှာလား(စိတ်အားဖြည့်ဓမ္မသံစဉ်)















၁။ ဘယ်မှာလဲ ထာဝရအချစ်

မေတ္တာတိမ်းပါးလို့ စိမ်းကားစွာလမ်းခွဲကြပြီဆိုမှဖြင့်

ဝမ်းနည်းစရာ အဖြစ်အပျက်တွေပဲ အသစ်ဆက်ပေါ်လာတော့မှာပေါ့။

“အခုတော့လည်း သူစိမ်းတွေလိုပါပဲလား”ဆိုတဲ့ စကားက

ကျက်သရေအပေါင်းခညောင်းနေတဲ့

မင်္ဂလာစကားမှ မဟုတ်ပဲကွယ်။
 

၂။ အလုပ်မြတ်ဖို့ အဓိက

ယောင်္ကျားဖြစ်ရုံသက်သက်နဲ့ မြင့်မြတ်သူတစ်ယောက်

ဖြစ်မလာနိုင်သလို မိန်းမဖြစ်ရုံသက်သက်နဲ့လည်း

ယုတ်နိမ့်သူတစ်ယောက် ဖြစ်မသွားနိုင်ပါဘူး။

ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်

မြင့်မြတ်တဲ့ အလုပ်လုပ်ရင် မြင့်မြတ်သူဖြစ်ပြီး

ယုတ်နိမ့်တဲ့အလုပ်လုပ်ရင် ယုတ်နိမ့်သူဖြစ်ပါတယ်။


၃။ အလင်းပွဲစား
 
တရားစာပေရေးတယ်ဆိုတာ ကိုယ့်ဘဝ၊ ကိုယ့်ကမ္ဘာမှာ

ထိန်လင်းနေတဲ့ သစ္စာဥာဏ်အလင်းကို

သူများဘဝ၊ သူများကမ္ဘာတွေမှာလည်း

ထိန်လင်းအောင် ထွန်းညှိဝေငှနေတာပါ။


၎။ လွမ်းခန်းရောက်မှ ငိုမနေနဲ့

တို့ သတ္တဝါတွေအားလုံးဟာ ကံဇာတ်ဆရာညွှန်ကြားတဲ့အတိုင်း

ကပြသရုပ်ဆောင်ကြရတဲ့ သံသရာဇတ်စင်ပေါ်က

စင်တင်ဇာတ်လိုက်တွေမဟုတ်လား။

ကံက ဆုံတွေ့ခိုင်းတော့လည်း တို့တစ်တွေဆုံတွေ့ကြရတာပေါ့။

ကံက လမ်းခွဲခိုင်းတော့လည်း တို့တစ်တွေလမ်းခွဲကြရတာပေါ့။

ဆုံတွေ့ခိုက်မှာ ပုံမမေ့လိုက်ပါနဲ့လား။


၅။ တစ်ခုသိ တစ်ခုကျင့်

ဓမ္မဗဟုသုတတွေ အများကြီးမသိပေမယ့်

ကိုယ်သိသလောက်နည်းနည်းလေးကို လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်

ကျင့်သုံးသလောက်လည်း ကိစ္စပြီးမြောက်ချမ်းသာရောက်တဲ့ပုဂ္ဂိုလ်ဟာ
 
တွင်းမတူးပေမယ့် အောင်းတဲ့ကြွက်နဲ့ ဥပမာတူပါတယ်။

တွင်းမှာအောင်းနေမှ ဘေးရန်ကင်းရှင်း ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်တာမို့ တွင်းအောင်းဖို့က အဓိကပါပဲ။


၆။ စိတ်နူနာသည်

ကိလေသာတွေဟာ နူနာရောဂါနဲ့တူတယ်။

ကာမဂုဏ်ချမ်းသာတွေဟာ မီးပုံကြီးနဲ့တူတယ်။

ကာမဂုဏ်ချမ်းသာခံစားနေရတာဟာ နူနာရောဂါထလာလို့

ယားလွန်းတဲ့အတွက် မီးကင်ပြီး အယားဖျောက်နေတာနဲ့တူတယ်။


၇။ မေတ္တာအပြည့်နဲ့ ဆက်ဆံပါ

ပိုက်ဆံအကြွေးတင်တာထက် မေတ္တာအကြွေးတင်တာက အဆပ်ရပိုခက်ပါတယ်။

ကြွေးဆိုတာ ကြွေးရှင်နဲ့တွေ့တုန်းပဲ ဆပ်ခွင့်ရတာလေ။

သံသရာခရီးဖော်တွေအပေါ် မေတ္တာကြွေးအကျေဆပ်နိုင်ရင်

အနေမြတ်ရုံမက အသေတတ်ဖို့လည်း သေချာပါတယ်။


၈။ ခွဲရတာများအဆန်းလုပ်လို့

သေကွဲခွဲရတဲ့လမ်းခွဲခြင်းလောက် ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက် တစ်ခုမှမရှိတော့ပါဘူး။

ပြန်မဆုံနိုင်တဲ့လမ်းခွဲခြင်းမျိုးနဲ့တောင် တစ်နေ့လမ်းခွဲရတာလေးကို ဝမ်းနည်းမနေပါနဲ့လားကွယ်။

အိုသွေးရှိသူတိုင်း အိုကြရသလို ခွဲသွေးရှိသူတိုင်းခွဲကြရမှာပါ။


၉။ မရှိမဖြစ်ကုသိုလ်

သံသရာမှာချမ်းသာဖို့လည်း ကုသိုလ်ရှိဖို့လိုပါတယ်။

သံသရာကလွတ်မြောက်ဖို့လည်း ကုသိုလ်ရှိဖို့လိုပါတယ်။

ကုသိုလ်များများရှိလေ ချမ်းသာများများခံစားရလေ ကုသိုလ်မြင့်မြင့်ရှိလေ နိဗ္ဗာန်မြန်မြန်ရောက်လေပါပဲ။

ကုသိုလ်အများဆုံးရချင်ရင် ကုသိုလ်အမြင့်ဆုံးရောက်ချင်ရင် ရဟန်းပြုတာအကောင်းဆုံးပါ။


၁၀။ ယပင့်နဲ့ချစ်မှာလား ရရစ်နဲ့ခြစ်မှာလား

“ချစ်ခြင်း”ဟာ ပြည့်စုံခြင်းမှာ အဆုံးသတ်ပြီး “ခြစ်ခြင်း”ကတော့ ပျက်စီးခြင်းမှာ နိဂုံးချုပ်ပါတယ်။

“ချစ်ခြင်း”ဟာ အပြုသဘောကို ဆောင်ပြီး “ခြစ်ခြင်း”ကတော့ အဖျက်သဘောကိုဆောင်ပါတယ်။

ကိုယ် နှုတ် စိတ်နဲ့ ကောင်းမှုကိုပြုခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းပါ။

ကိုယ် နှုတ် စိတ်နဲ့ မကောင်းမှုကိုပြုခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ခြစ်ခြင်းပါ။



မှတ်ချက်။ ။အရှင်ဆန္ဒာဓိက(စိတ်အားဖြည့်ဓမ္မသံစဉ်)စာအုပ်မှကောက်နှုတ်ချက်ဖြစ်သည်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

3 comments:

  1. မှတ်သားသွားပါတယ် အကိုရေ...............

    ReplyDelete
  2. စာကောင်းလေးတွေပါအကိုရေ
    မှတ်သားသွားပါတယ်..

    ReplyDelete
  3. အလွန်တန်ဖိုးရှိတဲ့စကားလေးတွေပါ ရေးသူသော မျှဝေသူရော ဖတ်သူများပါ အကျိုးရှိနိုင်ကြပါစေ

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: