Monday, December 31, 2012

နှစ်သစ်ကူးဆုတောင်း







 သက္ကရာဇ် 2012 ဆိုတဲ့နှစ်ဟောင်းတစ်ခုကိုလက်ပြနှုတ်ဆက်ရင်း မင်္ဂလာရှိလှတဲ့နှစ်သစ် 2013 ကိုလက်ကမ်း လို့ကြို ဆိုပါတယ်။ ကုန်ဆုံးသွားပြီးဖြစ်တဲ့နှစ်ဟောင်းတစ်ခုထဲမှာ ကျွန်တော်တို့အားလုံးကံဇာတ်ဆရာရဲ့အလိုကျ ကပြလို့အ သုံးတော်ခံခဲ့ကြရပြီးပါပြီ။ တစ်နှစ်ပတ်လုံးမှာအကောင်းတွေရှိသလိုအဆိုးတွေနဲ့လည်းကြုံတွေ့ခဲ့ကြရမှာပါ။ ကျွန်တော့်အတွက်တော့ 2012 နှစ်သစ်ကူးနေ တဲ့အချိန် (01.01.2012 ဒေသစံတော်ချိန်မနက် 12:15 နာရီ) မှာဓါးပြတိုက်ခံရပြီး 15 မိနစ်အကြာမှာရဲအဖမ်းခံရပါတယ်J။ 2012 ခုနစ်နှစ်သစ်ကူးအချိန်အခါသမယ ကတော့အဲဒီ လိုလေးကို ကောင်းပါတယ်။ တော်တော်လေးကိုလည်းမှတ်မှတ်ရရလေးဖြစ်ကျန် နေရစ်ခဲ့ပါတယ်။ အဲဒီနေ့ကအ လုပ်မပိတ်ပေမယ့်သူများတွေ ” Happy New Year ” မှာပျော်နေတဲ့ မနက် 12 နာရီလောက်မှာကိုယ်တွေ လည်း တောင်ငေးမြောက်ငေးလုပ်ရင်းလမ်းလျှောက်ထွက်ပါတယ်။ လူပြတ်တဲ့နေရာအရောက်မှာ ကုလားလေးယောက်ကား နဲ့ရောက်လာပြီး ဓါးနဲ့ထောက်လို့တွေ့သမျှကို အလှူခံသွားပါတယ်။ ဖုန်း၊ ပိုက်ဆံများများ မပါတဲ့ပိုက်ဆံအိတ်နဲ့ Passport မိတ္တူ၊ အ လုပ် သမားအထောက်အထားစာရွက်လေးတွေပါသွားလို့ လက်ထဲမှာ လည်းဘာမှမကျန်တော့ပါဘူး။ စိတ်ညစ်ပြီးအလုပ်ရှိရာကို သူငယ်ချင်းနှစ်ယောက်ပြန်အလာမှာလှည့်ကင်း(ရဲကား) ကားနဲ့တန်းပြီးတိုးပါတယ် (အကုသိုလ်ဂြိုလ်မင်းတို့မွှေပုံများပြောပါတယ်)။


ရဲကအိုင်စီတောင်းပါတယ်။ ကိုယ့်မှာပြစရာကဘာမှမရှိ။ မရှိတော့သူကရစ်။ သူရစ်တော့ကိုယ်ကစိတ်ညစ်။ အခုလေး တင်ဓါးမြ တိုက်ခံရကြောင်းရှင်းပြလည်းသူကမယုံနောက်ဆုံးတော့ ရဲကားစီးပြီးစခန်းကိုအလည်အပတ်လိုက်သွားရ ပါတယ်။ ကျွန်တော်နဲ့အ တူအဖမ်းရတဲ့သူက ဒီနိုင်ငံသားတရုတ်ပါ။ စခန်းရောက်မှ မန်နေဂျာကိုသူတရုတ် လိုဖုန်းဆက်အကြောင်းကြားလို့ မနက်၂နာ ရီလောက်မှာ မန်နေဂျာစခန်းမှာလာခေါ်ပါတယ်။ ကံကောင်းလို့ ကျွန်တော်အချူပ်ခန်းထဲမှာ နှစ်သစ်မကူးခဲ့ရတာပါJ။ 2012 နှစ် သစ်ကူးကာလကတော့အဲဒီလိုမကောင်းခြင်းတွေနဲ့ မှတ်မှတ်ရရဖြစ်ခဲ့ရတာပါ။ ကျွန်တော့်အတွက်တော့ 2012 တစ်နှစ်ပတ်လုံး ဟာအကောင်းတွေထက် အဆိုးတွေကပိုပြီးများတယ်လို့ပြောလို့ရပါတယ်။ အခုတော့ဒါတွေအားလုံးဟာ အိမ်မက်တစ်ခုလိုပြီးဆုံး သွားခဲ့ပါပြီ။ သက္ကရာဇ် 2013 ဆိုတဲ့နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ စာမျက်နှာအသစ်ကို စိတ်လက်ပေါ့ပါးစွာနဲ့ဖွင့်လှစ်လိုက်ပါပြီ။




တကယ်တော့ကျွန်တော်တို့အားလုံးဟာ သက္ကရာဇ်ရထားကြီးကိုစီးပြီး ခရီးသွားနေကြသူတွေပါ။ ပြီးခဲ့အတိတ် ကို ပြန်လှည့်ကြည့် လိုက်ရင် ပျော်ရွှင်စရာတွေ၊ ၀မ်းနည်းစရာတွေ ၊ အောင်မြင်မှုတွေနဲ့ ကြေကွဲဝမ်းနည်းမှုတွေ အသီးသီးကိုယ်စီ အားလုံးမှာရှိကြမှာ ပါ။ ရှေ့မှာရှိနေတဲ့ဘူတာကရော ဘယ်လိုဘူတာမျိုးဖြစ်မလည်းဆိုတာ ကျွန်တော်တို့အားလုံး ဘယ်သူမှကြိုပြီးမသိနိုင်ကြပါဘူး ။ ကျွန်တော်တို့အားလုံးရဲ့ လူ့ဘ၀ခရီးစဉ်ရထားလက်မှတ် မှာ ရှေ့ဘူတာအကြောင်း ဘာမှကြိုရေးမထားတာကြောင့် ကျွန်တော် တို့အားလုံးဟာ ဘယ်ဘူတာမှာခရီးလမ်းဆုံး မလည်းဆိုတာကိုလည်း ဘယ်သူမှကြိုပြီးမသိနိုင်ကြပါဘူး။ ဒါကြောင့် ဘယ်အရာမှမတည်မြဲတဲ့ကျွန်တော်တို့ရဲ့ လူ့လောကထဲကို ရောက်နေစဉ်ခဏတာလေးမှာ ဘ၀ကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းရင်း တစ်ယောက် အပေါ်တစ်ယောက် ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ နဲ့ဖေးမကူညီနေထိုင်ဆက်ဆံရင်း ကျန်ရှိနေသေးတဲ့မရေရာလှတဲ့ အချိန် လေးတွေကို ကုန်ဆုံးစေချင်ပါတယ်။

  
အိန္ဒိယစကားပုံ တစ်ခုက" အချိန်ကိုလက်ဖြင့်ဖမ်းဆီး၍မဖြစ်နိုင် " ( There is no hand to catch time ) လို့ဆိုပါတယ်။ အချိန် နဲ့ပတ်သတ်ပြီးသိပ်ကိုမှန်တဲ့ စကားပုံလေးပါ..။ ဒါကြောင့် ကျွန်တော်တို့တွေအားလုံး လည်း နှစ်ဟောင်းကိုတစ်ခုကို လက်ပြနှုတ် ဆက်လိုက်တာနဲ့ တစ်နှစ်တော့ထပ်ပြီး“အို”သွားကြပါပြီ။ ဘယ်အရာကမှထာဝရ မတည်မြဲတဲ့သဘောပါ။ အခုလည်း ကျွန်တော် တို့အားလုံး အဆိုးတွေရောအကောင်းတွေ နဲ့ပါ ရောပြွန်းနေတဲ့နှစ်ဟောင်းတစ်ခုကို ဖြတ်ကျော်လာခဲ့ကြပြီးပါပြီ။ ရှေ့မှာစောင့်နေ တဲ့ ကျွန်တော်တို့ ရင်ဆိုင်တွေ့ ရမယ့် နှစ်သစ်ကိုလှပပြီးအောင်မြင်တဲ့ နေ့သစ်တွေပဲဖြစ်စေချင်တာ ကျွန်တော့်ရဲ့ဆန္ဒမှန်ပါ။ ဒါကြောင့်ယနေ့ ကျရောက်တဲ့ “2013” နှစ်သစ်မှာ ကျွန်တော့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေအားလုံး အစစအရာရာအ ဆင်ပြေအောင် မြင်နိုင်ကြပါစေ၊ လိုအင်ဆန္ဒတွေလည်းပြည်စုံနိုင်ကြပါစေ၊ ထာဝရကံကောင်းခြင်းတွေနဲ့အတူပျော်ရွင် ချမ်းမြေ့ကြပါစေ လို့ကျွန် တော်သူငယ်ချင်း၊ ညီအကိုမောင်နှမအားလုံးအတွက် နှစ်သစ်မှာဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ် ခင်ဗျာ။ သူငယ်ချင်း၊ ညီအကိုမောင်နှမတွေအားလုံး နှစ်သစ်မှာစိတ်ရွှင်လန်းချမ်းမြေ့ပြီး ဘ၀ အမောတွေပြေကြပါစေ။


ရာဇာထွေး

read more

Sunday, October 21, 2012

ကုသိုလ်ဖြင့် တည်ဆောက်သော ဘ၀ကောင်းဘ၀မွန်



(မိမိ၏ အပြုအမူကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်းချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။ တဖက်သားအပေါ် မေတ္တာကရုဏာဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကြည့်သော အကြည့်လေးတစ်ချက်၌ပင် ကုသိုလ်ဓာတ်လင်းလက်နေပါသည်။)

ကောင်းမှုပြုသောသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏။ နောင်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ ၀မ်းမြောက်ရ၏။ ထိုသူသည် မိမိပြုပြီးသော ကောင်းမှုကံကိုမြင်၍ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏

(ဓမ္မပဒ)

ကောင်းမှုပြုသော သူသည် ဤဘ၀၌လည်း နှစ်သက်ရ၏။ နောင်ဘ၀၌လည်း နှစ်သက်ရ၏။ ပစ္စပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ နှစ်သက်ရ၏။ ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။ ထိုသူသည် ကောင်းသောဘ၀သို့ရောက်သောအခါ သာ၍ပင် နှစ်သက်ရ၏

(ဓမ္မပဒ)

လောက၌ ကုသိုလ်၊ အကုသိုလ်နှင့် အဗျာကတဟူ၍ တရားသုံးမျိုးရှိ၏။ ဤတွင် ပုထုဇဉ်တို့နှင့် ဆက်ဆံသော အရာမှာ ကုသိုလ်နှင့် အကုသိုလ်သာ ဖြစ်ပါသည်။ အဗျာကတဟူသော တရားကား ပုထုဇဉ်တို့နှင့် မဆိုင် ၊ ကိလေသာဟူသမျှကို အကြွင်းမဲ့ပယ်သတ်ပြီးသော ရဟန္တာတို့နှင့် သာ သက်ဆိုင်သော အရာဖြစ်ပါ၏။

ပုထဇဉ်မည်သော လူတို့သည် အချိန်နှင့်အမျှပင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတွေ ပြုနေကြသည်။ ကြံစည်တွေးတောနေသည်။ ပြောဆိုနေသည်။ ပြုမူဆောင်ရွက်နေသည်။ ထိုကံသုံးပါးတို့သည် ကုသိုလ်ဖြစ်လျှင်ဖြစ်၊ ကုသိုလ်မဖြစ်လျှ အကုသိုလ်ဖြစ်ပေမည်။ ပုထဇဉ်လူသားတို့ ကြံတွေးမှု၊ ပြုမူပြောဆိုမှုတို့သည် ကုသိုလ်(သို့မဟုတ်) အကုသိုလ်ဘောင်ဝင်း နှစ်ခုအတွင်းမှ မလွတ်ကင်းပေ။

သို့ဖြစ်၍ ပြုပြုသမျှ မိမိ၏ ကံသုံးပါးကို ကုသိုလ်(ကောင်းမှု) အဖြစ်ခံမည်လား၊ အကုသိုလ်(မကောင်းမှု)အဖြစ်ခံမည်လား။ ဤသည်ကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။ ဤရွေးချယ်မှုကပင် ထိုသူ၏ ဘ၀ကို ပုံဖော်ဖန်တီးသွားခြင်းဖြစ်ပါသည်။ အဖြူအမည်း သဲကွဲအောင် အရောင်ခြယ်မှုန်းသွားခြင်းဖြစ်ပါသည်။ ကုသိုလ်ကောင်းမှုဟူသော အရာကိုယ်တိုင်က ပြုသူကိုလည်း ကောင်းကျိုးပေး၏။ သူတစ်ပါးကိုလည်း ကောင်းကျိုးပေး၏။ ပြုသူလည်း ချမ်းသာ၊ သူတစ်ပါးလည်း ချမ်းသာစေသော အရာဖြစ်ပါသည်။

လူဟူသည် လူ့ဘ၀ လူ့လောကကို ခေတ္တခဏ နားနေရောက်ရှိလာသော “ လောက၏ ဧည့်သည် ” ဖြစ်ပါသည်။ လောက၏ ဧည့်သည်အဖြစ် နေရစဉ်အခိုက် ကောင်းမှုတွေကို မြတ်နိုးဖို့လိုသည်။ ကောင်းတာလေးတွေကို ကြံစည်ဖို့ လိုသည်။ ကောင်းတာလေးတွေ ပြောဖို့လိုသည်။ သို့မှသာ မိမိလည်း အပြစ်ကင်း၍ စိတ်ချမ်းသာမည်။ မိမိနှင့်ဆက်ဆံရသူ တွေလည်း စိတ်ချမ်းသာမည်။ ကုသိုလ်နှင့်ယှဉ်သော စိတ်ချမ်းသာမှု ရှိမှသာ ဘ၀သည် အဓိပ္ပါယ် ရှိလာမည်။ ဘ၀တန်ဖိုးရှိလာမည်။ နေပျော်စရာဖြစ်လာမည်။

မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊ သူတစ်ပါးကိုလည်း ချမ်းသာစေသော အတွေးအကြံဟူသမျှ ကုသိုလ်အကြံအစည်ဖြစ်ပါသည်။ မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊ သူတစ်ပါးလည်း ချမ်းသာစေသော အပြောအဆိုဟူသမျှ ကုသိုလ်အပြောဖြစ်ပါသည်။ မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊ သူတစ်ပါးလည်း ချမ်းသာစေသော လုပ်ဆောင်ချက်မှန်သမျှ ကုသိုလ်အလုပ်ဖြစ်ပါသည်။

ဒါနကောင်းမှုပြုလျှင်လည်း ကုသိုလ်ဖြစ်ပါသည်။ သီလဆောက်တည်လျှင်လည်း ကုသိုလ်ဖြစ်ပါသည်။ ၀ိပဿနာ ပွားများအားထုတ်လျှင်လည်း ကုသိုလ်ဖြစ်ပါသည်။ သမထအားထုတ်လျှင်လည်း ကုသိုလ်ဖြစ်ပါသည်။

မနောကံမှုတွင် စေတနာကောင်းထည့်သော် မနောကံကုသိုလ်ဖြစ်ပါသည်။ ကာယကံမှုတွင် စေတနာကောင်းထည့်သော် ကာယကံကုသိုလ်ဖြစ်ပါသည်။ ၀စီကံမှုတွင် စေတနာကောင်းထည့်သော် ၀စီကံ ကုသိုလ်ဖြစ်ပါသည်။ မိမိ၏ အပြုအမူကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်းချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။ မိမိ၏ အပြောအဆိုကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်း ချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။

တဖက်သားအပေါ် မေတ္တာကရုဏာဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကြည့်သော အကြည့်လေးတစ်ချက်၌ပင် ကုသိုလ်ဓာတ်လင်းလက်နေပါသည်။ ငွေအမြောက်အများ အကုန်အကျခံလျက် အလှူကြီးအတန်းကြီးပေးမှသာ ကုသိုလ်ရသည်ဟူသော သမားရိုးကျ အမြင်မျိုးမှ ရုန်းထွက်ဖို့ လိုပါသည်။

ငွေကြေးဥစ္စာများစွာ အသုံးပြုလှူဒါန်းမှသာ ကုသိုလ်ရသည်မဟုတ်ပါ။ ဓနဥစ္စာမကြွယ်ဝလင့်ကစား၊ မိမိ၏ ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ ပြုနိုင်သော ကောင်းမှု အထွေထွေရှိပါ၏။

မိမိ၏ နှလုံးသားထဲတွင် မိမိကို အကြောင်းပြု၍ သူတစ်ပါး စိတ်ချမ်းသာပါစေ၊ အခက်အခဲပြေလည်ပါစေ၊ လိုအင်ဆန္ဒပြည့်ပါစေဟူသော စေတနာကောင်း စေတနာမွန်တစ်ခုသာ စွဲစွဲမြဲမြဲ တည်ကိန်းနေသူအဖို့ သူ့ပတ်ဝန်းကျင်တွင်ပင် ပြုဖွယ်ကောင်းမှုများ အများအပြားပင် ရှိနေပါသည်။ ကောင်းမှုပြုနိုင်မည့် အခွင့်အလမ်းများကို နှလုံးလှမျက်စိဖြင့် ကြည့်တတ်လျှင် မြင်နိုင်ပါသည်။ ရှာဖွေလျှင် တွေ့နိုင်ပါသည်။

လမ်းမသိသောသူအား မေတ္တာဖြင့် စိတ်ပါလက်ပါ လမ်းကို သေသေချာချာ ညွှန်ပြပေးခြင်း၊ လမ်းသွားလမ်းလာတို့ ခလုတ်မထိ ဆူးမငြိစေရန် လမ်းပေါ်တွင် တွေ့သော အုတ်ခဲကျိုး ဆူးခက်တုတ်ချောင်းတို့ စသည်တို့ကို ကောက်ယူရှင်းလင်းပေးခြင်း၊ အများသုံးရေကန်ဝန်းကျင်တွင် ရေညှိများတက်နေပါက သုတ်သင်ဖယ်ရှားပေးခြင်း၊ လမ်းသွားလမ်းလာတို့ အတွက် အရိပ်ရအပင်စိုက်ပျိုးပေးခြင်း၊ ရေချမ်းစင်တည်ခြင်းနှင့် မိမိနှင့်ဘ၀တူလူသားများအား အကူအညီပေးခြင်း စသည်တို့သည် ကုသိုလ်ကောင်းမှုချည်းသာဖြစ်ပါ၏။

အထက်ပါ ဘုရားရှင်၏ အဆုံးအမတော်အတိုင်း လူသည် ကုသိုလ်ကောင်းမှုပြုဖို့ အားထုတ်ရာတွင် ပထမဦးဆုံးလိုအပ်ချက်မှာ ကုသိုလ်ရေး၌ မမေ့လျော့ခြင်း (အပ္ပမာဒ)ပင် ဖြစ်ပါသည်။ မေ့လျော့ခြင်း (ပမာဒတရား)သည် မြူမှုန်အညစ်အကြေးနှင့် ပမာတူပါသည်။ ပြင်ပရှိ ဖုန်မှုန်အညစ်အကြေးတို့က အ၀တ်အထည်တို့ကို ပေကျံညစ်ထေးစေသည်။

မေ့လျော့ခြင်းဟူသော မြူမှုန်ကလည်း စိတ်ထဲတွင် အနည်အမှုန်တို့ကိုထစေသည်။ ကုသိုလ်ရေး၌ မေ့လျော့ခြင်းသည် မကောင်းကျိုးတွေကို နှင်းအပ်သော အရာဖြစ်၏ ။ ပစ္စုပ္ပန်တွင်လည်း အကျိုးမဲ့ကို ဖြစ်စေ၏။ တမလွန်တွင်လည်း အကျိုးမဲ့ကို ဖြစ်စေ၏။ ကုသိုလ်ရေး၌ မမေ့လျော့ခြင်းသည် ကောင်းကျိုးများကို ဆုလာဘ်အဖြစ် ချီးမြှင့်၏။ ပစ္စပ္ပန်တွင်လည်း ကောင်းကျိုးအထွေထွေပေးစေသည်။ တမလွန်တွင်လည်း ကောင်းကျိုးအထွေထွေပေးစေသည်။

ကျေးဇူးရှင် ညောင်တုန်းရွှေဟင်္သာတောရ ဒုတိယစံကျောင်းဆရာတော်ကြီးက-

“ ကုသိုလ်ကို ကိုယ်ကမေ့လျှင်

ကုသိုလ်က ကိုယ့်ကို မေ့လိမ့်မည်။

ကုသိုလ်က ကိုယ့်ကိုမေ့လျှင်

ဘေးတွေ့လိမ့်မည် ”

ဟူ၍ ဆုံးမသြ၀ါဒ ပေးတော်မူခဲ့ပါ၏။

လူအများစုအနေဖြင့် မိမိ၏ မိသားစု စားဝတ်နေရေး၊ ဘ၀ရည်တည်ရေးတို့အတွက် နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေကြရပါသည်။ သို့ဖြစ်၍ နိစ္စဓူဝ အချိန်ပေး၍ ဒါနမှု၊ သီလမှု၊ ဘာဝနာပွားများမှုတို့ကို ပြုခွင့်သာချင်မှ သာပါလိမ့်မည်။

ယင်းသို့ ပြုခွင့်မသာသူများအတွက် အိမ်၌နေစဉ်တွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း၊ လမ်းသွားလမ်းလာစဉ်တွင်လည်းကောင်း၊ နှလုံးလှစေတနာကောင်း အရင်းခံလျက် ပြုနိုင်သော ကုသိုလ်ကောင်းမှုတွေရှိပါသည်။ မိမိ၏ မေတ္တာ၊ ကရုဏာ ၊ မုဒိတာ အရင်းခံသော ကံသုံးပါး အပြုအမှုများက မိမိ၏ မိသားစုဝင်များ ၊ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များ၊ ခရီးသွားဖော်အချင်းချင်းများ နှလုံးစိတ်ဝမ်း ချမ်းမြေ့စေသည်ဆိုလျှင် ယင်းသည် ကုသိုက်ကောင်းမှု ဖြစ်သည်။

လမ်းသွားလမ်းလာစဉ် အလေးအပင် မ လာသူအား လမ်းဖယ်ပေးခြင်း၊ ဘတ်စ်ကားပေါ်တွင် သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့အား မိမိထိုင်နေရာကို နေရာပေးပြီး မိမိက မတ်တပ်ရပ်လိုက်ခြင်းတို့သည် “ ၀န်ဆောင်မှု အရင်းအနှီးပြု ကုသိုလ်ကောင်းမှုများ ” ဖြစ်ပါ၏

တစ်ခုတော့ရှိပါသည်။ မည်သည့်ကောင်းမှုကိုပြုစေ လွတ်လွတ်စွန့်လွှတ်သော စေတနာအရင်းခံဖို့လိုပါသည်။ ကုသိုလ်ကောင်းမှုပြုရာမှ ရရှိလာမည့် အကျိုးတစ်စုံတစ်ရာကို မျှော်ကိုးမှုလည်း မပြုသင့်။ တောင့်တမှုလည်း မပြုသင့်။ ဒါနပြုလျှင် မမျှော်ကိုးစေကာမူ ဒါန၏ အကျိုးကို ခံစားရမည်။

ဝိပဿနာဘာဝနာကို နည်းစနစ်ကျန မှန်ကန်စွာ စွဲစွဲမြဲမြဲ အားထုတ်လျှင် ၀ိပဿနာ၏ အကျိုးကို ခံစားရမည်။ ကောင်းမှုကုသိုလ်ပြုလျှင် ထူးပြီးတောင့်တနေစရာမလိုပါ။ ကုသိုလ်ကောင်းမှုက သူ့အလုပ်ကို သူလုပ်သွားမည်သာ ဖြစ်ပါသည်။ သူ့သဘော သူဆောင်သွားမည်သာ ဖြစ်ပါသည်။

ကုသိုလ်မှုမှန်သမျှတွင် စွမ်းအင်သတ္တိနှစ်မျိုး ရှိပါသည်။ ယင်းတို့မှာ ကောင်းကျိုးများကို ဖြစ်ထွန်းစေခြင်းနှင့် မကောင်းကျိုးများကို တားဆီးခြင်းတို့ ဖြစ်ပါသည်။ ကောင်းသောကံသုံးပါးက ကောင်းသော အကျိုးကို ပေးသည်ဟူသော အချက်ကို ခိုင်ခိုင်မြဲမြဲ ယုံကြည်အပ်ပါသည်။ ကောင်းမှုပြုသူသည် ပစ္စုပ္ပန်ဘ၀နှင့် တမလွန်ဘ၀တို့၌ ကောင်းကျိုးပေးမည်ဖြစ်ကြောင်း (အထက်ပါ အဆုံးအမတော်တွင်) မြတ်စွာဘုရားရှင် အာမခံတော်မူခဲ့ပါသည်။

ဘ၀ဟူသည် သူ့ချည်းသက်သက်ဆိုလျှင် အဖြူထည်ပါ။ အဖြူထည်ဘ၀ထဲသို့ ကုသိုလ်ကောင်းမှုကို ထည့်နိုင်လေ၊ ဘ၀တန်ဖိုးမြင့်လာလေ၊ ဘ၀အဓိပ္ပါယ် ရှိလာလေပင် ဖြစ်ပါသည်။ ဘ၀ထဲသို့ ကုသိုလ်ကောင်းမှု ထည့်သွင်းဖို့ မေ့လျော့နေလျှင် ယင်းသည် ဘ၀ကို တန်ဖိုးရှိရှိ နေထိုင်ခြင်း မဟုတ်လေပါ။

နံနက်အရုဏ်လင်းပြီး နေ့သစ်တစ်ခုကို အစပျိုးလိုက်သည်နှင့် ကုသိုလ်ကောင်းမှုပြုရန် အခွင့်အလမ်းကောင်းတစ်ခု စတင်ခြင်းပင် ဖြစ်သည်ဟု ခံယူယုံကြည်လျက် အသက်ရှင်နေထိုင်ရချိန်ကို ကောင်းစွာ အသုံးချနိုင်ဖို့ လိုပါသည်။

နေ့သစ်တိုင်း နေ့သစ်တိုင်းတွင် ဘ၀စာမျက်နှာ အသစ်အသစ်များကို ကုသိုလ်ကောင်းမှုများဖြင့် ကမ္ဗည်းတင်သွားဖို့လိုပါသည်။ နေ့စဉ်နှင့်အမျှ တစ်နိုင်တစ်ပိုင် ကောင်းမှုလေးများ ပြုသွားခြင်းအားဖြင့် တန်ဖိုးရှိသော ဘ၀ကောင်းဘ၀မွန်တစ်ခုကို ပုံဖော်တည်ဆောက်သွားအပ်ပါသည်။

မင်းနန် (မော်ကျွန်း) ၏ ဗုဒ္ဓ၏ အဆုံးအမတော်များ စာအုပ်မှပြန်လည်ကူးယူဖော်ပြပါသည်။


ရာဇာထွေး

 
read more

Thursday, October 18, 2012

ခင်မ



စာမရေးတာလည်းကြာပါပြီ။ ကိုယ့်အပူနဲ့ ကိုယ်မို့စိတ်ညစ်ညစ်နဲ့ ဘလော့ထဲမရောက်တာလည်းတစ် လလောက်ရှိသွားပါပြီ။ “စိတ်ထောင်းတော့ကိုယ်ကြေ”ဆိုတဲ့စကားအတိုင်း ကျွန်တော်လည်းစိတ်ထာင်း တဲ့ဒဏ်တော်တော်လေးခံလိုက်ရလို့ အခုမှနလံပြန်ထနိုင်တာဆိုလည်း မမှားပါဘူး ခင်ဗျား)။ 

 “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးအချက်မပိုင်လျှင် နောင်ပြင်ရန်ခက်တဲ့အမျိုး” လို့ရှေးလူကြီးသူမများက အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်လို့ အင်မတန်မှအရေးကြီးကြောင်း၊ ပြုလုပ်ပြီးသွား ရင်ပြန်ပြင်ရန်မလွယ်ကူတဲ့ အကြောင်းကိုအခုလို ဆုံးမပြောဆိုထားတာ အားလုံးကြားဘူး၊ မှတ်သားကြဘူး မှာပါ။ မိန်းကလေးတစ်ယောက်အတွက် ဘ၀နဲ့ပတ်သက်ပြီးဆုံးဖြတ်ရာမှာအင်မတန်မှအရေးကြီးသလို ယော က်ျားလေးများအတွက်လည်း အင်မတန်မှအရေးကြီးလှပါတယ်။ “လွယ်လွယ်” လို့သဘောထားလိုက်မယ်ဆို ရင်“အငိုလွယ်သလောက်အရှိုက်ခက်”ပါလိမ့်မယ်။ အထူးသဖြင့်မိန်းမသား (ညီမငယ်)များအတွက်ပိုပြီး အလေးထားဂရုပြုသင့်ပါတယ်။ အမိ၊ အဖ၊ ညီအကိုမောင်နှများရဲ့ အုပ်ထိန်းမှုအောက်ကနေကင်းကွာနေတဲ့ မိန်းမသားတွေအနေနဲ့ ပိုလို့တောင်သတိပြုဆင်ခြင်သင့်ပါတယ်။“အသွင်တူအိမ်သူဖြစ်”ဆိုတဲ့မြန်မာစကား ပုံရှိပေမယ့် အသွင်မတူပဲအိမ်သူဖြစ်ပြီး “အရှိုက်ခက်” နေတဲ့သူတွေ၊ နေ့စဉ်ရက်ဆက်မျက်ရည်နဲ့ မျက်ခွက် လင်ယောက်ျားရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေတဲ့ သူတွေဟာလည်း “ဒုနဲ့ ဒေး” ပါ။
ဥပမာ ခင်မ လို့ခေါ်တဲ့ ညီမလေးတစ်ယောက် လိုပေါ့ခင်ဗျာ……. 


စာရေးသူတို့လိုပြည်ပမှာနေတဲ့ မြန်မာတွေအနေနဲ့နေဖို့အိမ်၊ အခန်းဌားမယ်ဆိုရင်နီးစပ်ရာသူငယ်ချင်း မြန် မာတွေနဲ့ စုပေါင်းစပ်ပေါင်းလုပ်ပြီးအခန်းခကို စုပြီးဌားနေကြတာများပါတယ်။ စာရေးသူတို့အတွက်တော့ သူဌေးကနေစရာအိမ်စီစဉ်ပေးထားတာမို့ အစစအရာရာအဆင်ပြေလှပါတယ်။ အိမ်အခန်းတွေကကျယ်သ လို အခန်းလွတ်တွေလည်းအပိုပါတာမို့ စာရေးသူတို့သူငယ်ချင်း ၃ ယောက်ထဲနေတဲ့ အိမ်ကလိုတာထက်ပို ကျယ်နေပါတယ်။ ဒါကြောင့်တစ်ခြားသူငယ်ချင်းတွေ အလုပ်မရှိသေးတာပဲဖြစ်ဖြစ်၊ လောလောဆယ်နေရာ ထိုင်ခင်းအဆင်မပြေသေးတဲ့ သူငယ်ချင်းတွေဖြစ်ဖြစ် စာရေးသူတို့နေတဲ့အိမ်ဟာ ခဏတာလာရောက်နားခို တဲ့ နေရာဆိုရင်လည်းမမှားပါဘူး။ ဒါကြောင့်စာရေးသူတို့နေတဲ့ အိမ်မှာဧည့်သည် ပြတ်မသွားတတ်ပါဘူး။ 


စာရေးသူနဲ့အတူနေသူငယ်ချင်းနှစ်ယောက်ကတော့ ကိုမောင်နဲ့ ကိုပီတာပါ။ စာရေးသူထက်အရင် သူဌေးဆီ မှာအလုပ်ဝင်လုပ်နေကြတဲ့ လူဟောင်းတွေပါ။ စာရေးသူထက်အသက်တွေကြီးကြသလို၊ လုပ်သက်ရောပြည် ပအတွေ့အကြုံပါပိုပြီးများကြတဲ့ သူတွေဆိုရင်လည်းမမှားပါဘူးခင်ဗျာ။ စာရေးသူအနေနဲ့ အစစအရာရာသူ တို့ဆီမှာပဲ သင်ယူရတာပါ။ စာရေးသူတို့သုံးယောက်ထဲမှာ စာရေးသူတစ်ယောက်သာမြန်မာပြည်မှာ အိမ်ထောင်ကျပြီး ဒီကိုရောက်လာတာပါ။ သူတို့နှစ်ယောက်ကတော့ အိမ်ထောင်မရှိတဲ့လူလွတ်တွေပေါ့  (နောက်မှသိရတာကတော့ ကိုပီတာကမြန်မာပြည်ကအိမ်ထောင်နဲ့မလေးရှားရောက်မှကွဲသွားတဲ့အကြောင်း ၊ ကိုမောင်ကတော့မလေးရောက်မှ မိန်းမတစ်ယောက်နဲ့အတူနေပြီးအိမ်ထောင်ကျဖူးတဲ့အကြောင်း စာရေး သူသိရပါတယ်။ စာရေးသူရောက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်လုံးလူလွတ်တွေပေါ့)။ လူအမျိုးမျိုးစိတ် အထွေထွေဆိုသလို ကိုပီတာကအရက်သေစာမသောက်စားတတ်ပေမယ့် မိန်းမကိစ္စတော့အတော်လေး ၀ါသနာပါ ပါတယ်။ နေရာတကာဆရာလုပ်တတ်ပြီးအပြောဆိုးပေမယ့် အကူအညီလိုသူတွေအတွက်တော့ လက်မနှေးတတ်ပါဘူး။ ကိုမောင်ကတော့လိုင်းစုံပါတယ်။ အပြောလေးကောင်းသလို ပါးရည်နပ်ရည်လည်း ရှိတာမို့ သူဌေးနဲ့သူ့ရဲ့ဆက်ဆံရေးကလည်း စာရေးသူတို့ထက်ပိုပြီးအဆင်ပြေလှပါတယ်။ စာရေးသူ ကတော့ နောက်မှရောက်တဲ့လူသစ်မို့လူဟောင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်နဲ့အဆင်ပြေအောင်ပေါင်းရပါ တယ်။ 


သူငယ်ချင်းတွေနဲ့ အ၀င်အထွက်များလှတဲ့ စာရေးသူတို့အိမ်ကိုတစ်နေ့မှာ ကိုပီတာရဲ့အဆက်အသွယ် နဲ့ အမျိုးသမီးနှစ်ယောက်ရောက်လာခဲ့ပါတယ်။ စာရေးသူလည်း သူတို့ရဲ့သူငယ်ချင်းတွေခါတိုင်းလိုပဲအလုပ်ရှာ မရသေးလို့ခဏလာနေတာလို့ပဲသိထားပါတယ်။ ကိုယ်နဲ့လည်းသိပ်မရင်းနှိးတာမို့သိပ်လည်းစကားမပြောဖြစ် ခဲ့ပါဘူး။ နှစ်ရက်လောက်နေတော့ အမျိုးသမီးတစ်ယောက်က အလုပ်ရသွားပြီး သူ့အလုပ်ရှင်ပေးထားတဲ့ အိမ်ကိုပြောင်းသွားပါတယ်။ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ “ခင်မ” ကတော့စာရေးသူတို့အိမ်မှာပဲ ဆက်ပြီးသောင်တင်နေခဲ့ပါတယ်။ စာရေးသူရယ် ကိုမောင်ရယ်ကအလုပ်ချိန်တူတာမို့ နေ့လည်၁နာရီအလုပ် ၀င်လို့ မနက်၂နာရီဆို အလုပ်ကပြန်ပါပြီ။ ကိုပီတာကညနေ၆နာရီဝင်ပြီး မနက်၆နာရီမှအလုပ်ကနေပြန်ရပါ တယ်။ စာရေးသူတို့ပြန်တဲ့အချိန်မနက်၂နာရီဆိုရင် “ခင်မ” တစ်ယောက်တစ်ရေးနိုးတဲ့ချိန်ပါ။ စာရေးသူ တို့ပြန်လာရင် အဖော်မရှိလို့စကားလာလာပြောနေတာ မို့မကြာခင်မှာပဲစာရေးသူနဲ့ “ခင်မ” လည်းတော်တော်လေး ရင်းနှီးလာပါတယ်။ စာရေးသူထက် အသက်ငယ်တာကလည်းတစ်ကြောင်း ပိန်သေးသေးလေးနဲ့မို့ “ခင်မ” ပုံစံလေးက ကလေးတစ်ယောက်နဲ့ပိုပြီးတူနေတာမို့ စာရေးသူအနေနဲ့ ညီမလေးတစ်ယောက်လိုခင်မင်မိပါတယ်(စာရေးသူမှာအိမ်ထောင်ရှိတယ်ဆိုတာကိုပီတာနဲ့ ကိုမောင်ပြောပြ ထားလို့ “ခင်မ” သိထားပြီးသားပါ)။ ဒါကြောင့် “ခင်မ” ကလည်းစာရေးသူကို အကို တစ်ယောက်လိုသာ ဆက်ဆံခဲ့ပါတယ်။ 


သွေးမတော်၊ သားမစပ်သူစိမ်းတစ်ရံယောက်ျားသားတွေနဲ့အတူနေ နေရတဲ့မိန်းမသားဘ၀ဟာတကယ်ပဲ လုံခြုံမှုမရှိဘူးဆိုတာကို အရွယ်ရောက်နေပြီဖြစ်တဲ့“ခင်မ”တစ်ယောက်မိန်းမသားတို့ သဘာဝအရအန္တရာယ် ကိုသိနေပါပြီ။ အလုပ်ကလည်း မရသေး၊ ဘယ်မှလည်း မသွားတတ်မလာတတ်၊ ဆွေမျိုးအရင်းအချာလည်း မရှိဆိုတော့ သူတွက်အားကိုးအားထားပြုစရာ စာရေးသူတို့သုံးယောက်သာလျှင် “ခင်မ” အနားမှာရှိနေတာ မဟုတ်ပါလားခင်ဗျာ။ အဲဒီတော့ “ခင်မ” အနေနဲ့ သူ့ဘ၀အတွက် အားကိုးအားထား ရှာရပြီပေါ့။ အဲလိုမှမရှာ ရင်သူ့ဘ၀လုံခြုံမှုမရှိဘူးဆိုတာ စာရေးသူအနေနဲ့လည်း အတပ်သိနေပါတယ်။ ဘာလို့လည်းဆိုတော့ကိုယ့် သူငယ်ချင်းနှစ် ယောက်လုံးရဲ့“ ဇ ” နဲ့ခြေလှမ်းကို စာရေးသူအသိဆုံးမို့လို့ပါ။ အဲဒီအချိန်မှာ ကိုပီတာရော၊ ကိုမောင်ပါ “ခင်မ” ကိုအပြိုင်ချဉ်းကပ်နေကြပါပြီ။ “ခင်မ”အနေနဲ့လည်းသိပ်အချိန်ဆွဲနေလို့ မရတော့အခြေ အနေမို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးရမှာဖြစ်တာမို့ ကိုပီတာထက် အစစအရာရာသာသလို အပြောချိုချို နဲ့ ခင်မအပေါ်ဂရုတစ်စိုက်ရှိလှတဲ့ ကိုမောင့်ကို “ခင်မ” ရွေးချယ်တာ မှားတယ်လို့မဆိုလိုနိုင် ပါဘူး။ “ခင်မ” နဲ့ကိုမောင် အသက်တော်တော်ကွာပေမယ့် ကိုမောင်ကလူကြီးမို့အစစအရာရာ သည်းခံနိုင် မှာပါလို့စာရေးသူအကောင်းမြင်မိပါတယ်။ ကိုမောင့်အနေနဲ့လည်းစာရေးသူကို“ရာဇာရေ.. ကောင်မလေးက နားစရာပါကွာ..သူ့မိဘတွေနဲ့သူ့မောင်တွေ၊ ညီမလေးတွေအတွက်လာပြီးအလုပ်လုပ်နေရတာ…အလုပ်က လည်းမရသေးတဲ့အပြင် အကိုတို့ဆီမှာလာပြီးမှီခိုနေရတော့ သူ့ခမြာတော်တော်အားငယ်နေရှာတာ…သူဒီ ကိုလာတုန်းကချေးဌားလာတဲ့ငွေကလည်း တစ်ပြားမှမဆပ်ရသေးဘူးတဲ့ ရာဇာရေ ” လို့မကြာခဏဂရုဏာ သက်စွာပြောနေတာမို့ စာရေးသူလိုပဲသူလည်း “ခင်မ” ကိုသနားဂရုဏာသက်မိနေတယ်လို့ စာရေးသူထင် ထားပါတယ်။ အလုပ်ပြီးလို့ အိမ်ပြန်ရောက်တိုင်း “ခင်မ” စာရေးသူတို့နဲ့လာစကားပြောနေကျပါ။ ကိုမောင်နဲ့ “ခင်မ”သာအဓိကပြောနေကြတာမို့ စာရေးသူကတော့နားထောင်ယုံသက်သက်ပါ။ ဒါကြောင့်သူတို့မအိပ် ခင်စကားဝိုင်းကစောစောပြန်ပြီးအိပ်ရာဝင်တာ စာရေးသူပါ။ သူတို့ချင်း တော်တော်အဆင်ပြေနေတယ်ဆို တာစာရေးသူရိပ်မိပေမယ့်မသိချင်ယောင်ဆောင်နေလိုက်ပါတယ်။ နောက်တစ်ပတ်လောက်အကြာမှာတော့ ကိုမောင်က စာရေးသူကို “ရာဇာရေ… အကို တော့ ကောင်မလေးနဲ့မှားခဲ့ပြီကွာ…သူများသားသမီးဆိုတော့ စားပြီးနားမလည်လုပ်ရင်ရိုင်းရာကျမယ်၊ အကိုပဲအစစအရာရာသူ့တာဝန်ယူတော့မယ် ”လို့လာပြောပါတယ်။ စာရေးသူလည်းဖြစ်လာမယ်ဆိုတာ ကြိုတွေးထားပြီးသားမို့ သိပ်တော့မအံသြသွားပါဘူး။ အခုလိုကိုမောင့် အနေ နဲ့ ဖွင့်ပြောလာလိုက်မယ်လို့တော့ ထင်မထားတာအမှန်ပါ။ ဘာလို့လည်းဆိုတော့ ကိုမောင်တွဲနေတဲ့ အရင်ကောင်မလေး တွေတုန်းကအဲလိုတာဝန်ယူရမယ်ဆိုတဲ့စကားမျိုးမပြောဘူးခဲ့လို့ ဒီတစ်ခါတော့ ကိုမောင်တစ်ယောက် တကယ်ပဲအတည်တစ်ကျနဲ့ခြေငြိမ်သွားပြီလို့ စာရေးသူယူဆလိုက်ပါတယ်။ “ခင်မ” အတွက်လည်းစိတ် အေးသွားရပါတယ်။ ကိုမောင်နဲ့ကိုပီတာလည်း“ခင်မ”နဲ့ပတ်သက်လို့ တစ်ယောက်နဲ့ တစ်ယောက်မကြေမလည်လေးဖြစ်သွားပါတယ်။ စာရေးသူလည်း အဆင်မပြေတဲ့ သူတို့နှစ်ယောက်ကြား အတော်လေးသတိထားပြီးနေခဲ့ရပါတယ်။ အဲဒီလိုနဲ့ နောက်များမကြာမီ ကိုပီတာလည်းမိန်းမတစ်ယောက် အိမ်ပေါ်ကောက်တင်လာပြီးမှ နှစ်ယောက်စလုံးတော်တော်လေးခြေငြိမ်သွားကြပါတယ်။ 


မိန်းမကိုယ်စီနဲ့မို့အားလုံးအေးဆေးဖြစ်သွားသလို လိုင်းစုံတဲ့ကိုမောင်တစ်ယောက်လည်းအားလုံးပြတ်သွားပြီး ဘုရား၊ တရားဖက်ကိုအတော်လေး အာရုံရောက်လာပါတယ်။ မိန်းမလိုက်စားတာဝါသနာပါလှတဲ့ ကိုပီတာ လည်း အခုအတူနေတဲ့အမျိုးသမီးနဲ့မှတော်တော်လေး နေသားကျသွားကြပါတော့တယ်။ အရင်တုန်းက လူစည်ကားတဲ့ စာရေးသူတို့အိမ်လည်း အိမ်ရှင်နှစ်ယောက်ရဲ့အဆင်မပြေတဲ့ အဆိုင်အခဲလေးတွေကြောင့် အရင်လိုမလာကြတော့ပါဘူး။ “ခင်မ” လည်းစာရေးသူတို့ အိမ်နဲ့ နီးနီးနားနားက အလုပ်မှာအလုပ်ရလို့ သူလည်းအဆင်ပြေသွားပါပြီ။ “ခင်မ” အလုပ်ကနေစရာအခန်းပေးပေမယ့် သွားမနေပဲသူ့အမျိုးသား ကိုမောင်နေတဲ့ စာရေးသူတို့အိမ်မှာသာ လိုက်နေပါတယ်။ အဲဒီအချိန်အထိတော့ “ခင်မ” တစ်ယောက်အ ဆင်ပြေနေပါတယ်။ ချစ်စ၊ ခင်စ၊ ကြင်နာစ ဆိုတော့ ဘယ်အပြစ်မြင်နိုင်ပါ့ မလည်းခင်ဗျာ။ သူတို့တွေ အိမ်ထောင်တွေကိုယ်စီတွေနဲ့မို့ တစ်ယောက်ထဲနေရတဲ့ စာရေးသူလည်း မြန်မာပြည်မှာကျန်ခဲ့တဲ့ဇနီးသည် ကိုခေါ်ချင်နေမိပါတယ်။ ကိုပီတာရော၊ ကိုမောင်ကပါ “ရာဇာ .. မင်းမိန်းမကိုခေါ်လိုက်ပါလား” သူဌေးကို သူတို့ပြောပေးမယ်လို့အကြံပေးလို့ စာရေးသူလည်းဇနီးသည်ကို ခေါ်လိုက်ပါတယ်။ အဲဒီတော့စာရေး သူတို့သုံးယောက်စလုံး အိမ်ထောင်ကိုယ်စီတွေနဲ့ပေါ့။ ကိုမောင်တို့လင်မယား နဲ့ကိုပီတာတို့လင်မယား စကားမပြောကြပေမယ့် စာရေးသူတို့လင်မယားကိုတော့ သူတို့အားလုံးပြောဆိုဆက်ဆံကြပါတယ်။ ဒီလိုနဲ့ လက်ရှိနေတဲ့အိမ်ကို ပိုင်ရှင်ကဆက်ပြီးမဌားတော့တာမို့ တခြားအိမ်ကိုပြောင်းပြီးဌားရပါတယ်။ ကိုမောင်နဲ့ အဆင်ပြေတဲ့စာရေးသူတို့ ကတစ်အိမ်နေရပြီး၊ ကိုပီတာတို့လင်မယား ကိုတစ်အိမ်သပ်သပ်သူဌေးက ဌားပေးပါတယ်။ အဲဒီအချိန်အထိ “ခင်မ” တို့အိမ်ထောင်ရေးအဆင်ပြေနေတယ်လို့ စာရေးသူထင် မိနေတာပါ။ စာရေးသူတစ်ယောက်ထဲထင်နေတာမဟုတ်ပါဘူး။ သူငယ်ချင်းအားလုံးက ကိုမောင်နဲ့“ခင်မ” တို့ရဲ့အိမ်ထောင်ရေး အစစအရာရာဆင်ပြေနေကြတယ်လို့ ထင်ထားကြတာပါ။ ဘာလို့လည်းဆိုတော့ စာရေးသူတို့ရှေ့မှာရော၊ သူငယ်ချင်းအပေါင်းသင်းတွေရှေ့မှာပါ ကိုမောင်က “ခင်မ”ကိုအရမ်းကြင်နာသ လို၊ “ခင်မ”နဲ့ပတ်သက် ပြီးသူ့အနေနဲ့လင့်ဝတ္တရားတကယ်ကျေခဲ့တာ၊ အစစအရာရာအလိုလိုက်တာကိုတွေ့ မိလို့ သူတို့အိမ်ထောင်ရေးအဆင်ပြေသလို “ခင်မ” လည်းအရမ်းကံကောင်းတယ်လို့ အားလုံးထင်မိ ကြတာပါ။ 


ဒီလိုနဲ့ တစ်နှစ်ကျော်ကျော်လောက်အကြာမှာတော့ ကိုမောင်တစ်ယောက် ရာထူးတွေတိုးပြီးတခြားနေ ရာမှာအလုပ်ပြောင်းလုပ်ရပါတယ်။ သူ့ရဲ့အလုပ်နေရာမှာနေရာထိုင်ခင်းအခက်အခဲကြောင့် “ခင်မ”ကိုခေါ် မသွားနိုင်ပဲ လက်ရှိနေတဲ့စာရေးသူတို့အိမ်မှာသာ “ခင်မ”ကိုဆက်ပြီးနေစေခဲ့ပါတယ်။ “ခင်မ”ရယ်၊ စာရေး သူတို့မိသားစုရယ်ပေါ့။ ကိုမောင်ကတော့တစ်ပတ်ကို ၂ရက်လောက်ပြန်လာတတ်ပါတယ်။ စာရေးသူ တို့မိသားစုကိုကြည့်ပြီး “ခင်မ”အနေနဲ့ အားကျကြောင်း၊ အဲဒီလိုနွေးထွေးတဲ့ဘ၀မျိုးကို “ခင်မ” အနေနဲ့လို ချင်တဲ့အကြောင်း စာရေးသူတို့ဇနီးမောင်နှံထံမှာ မကြာခဏညှိုးငယ်စွာပြောဆိုတတ်ပါတယ်။ အဲဒီတုန်း ကတော့ “ခင်မ” အနေနဲ့ဘာကိုရည်ရွယ်ပြောသလည်းဆိုတာ စာရေးသူသဘောမပေါက်ခဲ့ပါဘူး။ နောက် မှစာရေးသူရဲ့ဇနီးသည်ထံမှ ကိုမောင်နဲ့ “ခင်မ”တို့ရဲ့ဆက်ဆံရေးအခြေအနေတွေကိုသိလိုက်ရပါတော့ တယ်။ စာရေးသူအပါအ၀င် မိတ်ဆွေသူငယ်ချင်းအပေါင်းများရှေ့မှာ အပြောချိုသဘောကောင်း သလောက် “ခင်မ”အပေါ်အနုနည်းနဲ့ နှိပ်စက်တတ်တဲ့အကြောင်း၊ မိတ်ဆွေသူငယ်ချင်းလင်မယားတွေ အိမ်ထောင်ရေး အဆင်မပြေတဲ့ကိစ္စတွေမှာ လင်ရောမယားပါအဆင်ပြေသွားအောင်ပြောဆိုဆုံးမတတ်သလောက် “ခင်မ” နဲ့သူရဲ့အိမ်ထောင်ရေးမှာ ကိုမောင့်အနေနဲ့ ၀တ္တရားမကျေပဲ ထင်ရာစိုင်းနေတဲ့အကြောင်း၊ အများအမြင်မှာ လူအထင်ကြီးအောင် ဘာသာတရားကိုင်းရှိုင်းအောင်ပြုမူပြီးနောက်ကွယ်မှာ ကလပ်သွားပြီးမိန်းမရှုပ်ပွေနေ တဲ့အကြောင်းတွေကို“ခင်မ”အနေနဲ့ စာရေးသူတို့ကိုရင်ဖွင့်လာပါတယ်။ စာရေးသူအနေနဲ့တော့တော်တော် အံသြမိပါတယ်။ “ခင်မ”အနေနဲ့ ကိုမောင့်အပေါ် ပိုပိုသာသာပြောတာပဲလို့လက်ခံထားလိုက်ပါတယ်။ ဘာလို့ လည်းဆိုတော့ “ခင်မ” ပြောနေတာတွေနဲ့ စာရေးသူတို့အမြင်မှာ ပြောဆိုဆက်ဆံတာတွေက တခြား စီဖြစ်နေလို့ပါ။ “ခင်မ”နဲ့ရင်းနှိးတယ်ဆိုတဲ့သူတွေအားလုံးဟာ ကိုမောင့်မိတ်ဆွေသူငယ်ချင်းတွေပါပဲ။ ကိုမောင်နဲ့ ပေါင်းလာတာနှစ်တော်တော်ကြာနေကြပြီဖြစ်တဲ့မိတ် ဟောင်းဆွေဟောင်းတွေပါ။ “ခင်မ” ပြော တဲ့စကားကို ဘယ်သူမှယုံကြည်ကြမှာမဟုတ်သလို တစ်အိမ်ထဲ(၇)နှစ်လောက်အတူနေလာတဲ့ စာရေး သူတောင် အယုံအကြည်မရှိခဲ့ပါဘူး။ 


တကယ်တော့“ခင်မ” ပြောခဲ့တာတွေဟာအမှန်တွေပါ။ ခင်မအနေနဲ့စာရေးသူအပေါ်မှာအကိုတစ်ယောက် လိုဆက်ဆံတာကို ကိုမောင်တစ်ယောက်မကြိုက်သလို၊ ကိုမောင့်သူငယ်ချင်းယောက်ျားလေးတွေအပေါ်ခင် ခင်မင်မင်ဆက်ဆံတာမျိုးကိုလည်း ကိုမောင်မကြိုက်ခဲ့ပါဘူး။ အားလုံးရှေ့မှာတော့ကိုမောင့် အနေနဲ့ လိုက်ရောညီထွေပြောဆိုနေထိုင်ပေမယ့် စာရေးသူတို့နောက်ကွယ်ရောက်ရင်တော့ “ခင်မ” အနေ နဲ့တော်တော်လေးအပြောအဆို အရိုက်အနှက်ခံရပြီး အားလုံးနင့်လင်တွေမို့ လားဆိုပြီးအပြစ်ဆိုစွပ်စွဲတတ်ပါ တယ်။ မိန်းမငယ်ငယ်လေးယူပြီးချစ်လို့သ၀န်တိုတာဆိုရင်တော့ စာရေးသူလက်ခံပါတယ်။ အခုလိုကိုမောင့် အနေနဲ့ “ခင်မ”ကိုပြောရလောက်အောင်လည်း “ခင်မ”အနေနဲ့ အနေအထိုင်မတတ်တဲ့ ခပ်ပျက်ပျက် မိန်းကလေးမျိုးလည်းမဟုတ်ပါဘူး။ “ခင်မ”ရဲ့ရင်းနှိးတဲ့မိတ်ဆွေတွေဆိုတာလည်း စာရေးသူတို့လို့ကိုမောင့် ရဲ့မိတ်ဆွေတွေပါပဲ။ အားလုံးကို ကိုမောင်နဲ့ပတ်သတ်ပြီးမှ“ခင်မ”ရင်းနှီးခွင့်ရတာပါ။ အဲဒီလိုကို မောင့်အနေ နဲ့ ဟိုလူနဲ့သမုတ်လိုက်၊ ဒီလူနဲ့စွပ်စွဲလိုက်နဲ့ “ခင်မ” ခမြာအမြဲတမ်းစိတ်ဆင်းရဲနေခဲ့ရတာပါ။ အလုပ်မှာ ပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ လမ်းမှာသွားရင်းလာရင်း “ခင်မ”ကို ကိုမောင်နဲ့အတူတွေ့ခဲ့ရင် ရင်းရင်းနှိးနှိးမ ဆက်ဆံဖို့ “ခင်မ”အနေနဲ့အားလုံးကိုတောင်းပန်ထားရတဲ့အထိကို အခြေအနေဆိုးပါတယ်။ အဲဒီလိုနဲ့ကြာ လာတော့ “ခင်မ” ခမြာအပေါင်းအသင်းတော်တော်ရှားပါးသွားတော့တယ်။ စာရေးသူကတော့ နဂိုအတူနေ တဲ့သံယောဇဉ်ကလည်းရှိ၊ အခြေအနေမှန်တွေကိုလည်းသိထားသလို၊ ကိုမောင်ဆိုတာ ကလည်းကိုယ် နဲ့ပေါင်းသင်းနေထိုင်လာခဲ့တာကြာပြီမို့ ညီအကိုလိုဖြစ်နေတာမို့ ရေလိုက်ငါးလိုက်ပဲ ဆက်ဆံနေလိုက် ပါတယ်။ 


ဒီလိုနဲ့စာရေးသူရဲ့ဇနီးသည်နဲ့သားလေးလည်း နေထိုင်ခွင့်နှစ်စေ့လို့မြန်မာပြည်ပြန်သွားသလို “ခင်မ” တစ်ယောက်လည်း ကိုမောင်အလုပ်ရှိရာနေရာကိုအပြီးပြောင်းရွေ့သွားပါတယ်။ “ခင်မ” ပြောင်းသွားတဲ့ နေ ရာမှာအသိမိတ်ဆွေမရှိတာကတစ်ကြောင်း၊ ကိုမောင့်အနေနဲ့အရင်ကထက်ပိုပြီး သူ့ကိုနှိပ်စက်နေတာမို့ စာရေးသူတို့ထံဖုန်းနဲ့ ငိုယိုပြီးရင်ဖွင့်ရှာပါတယ်။ “ခင်မ”အနေနဲ့ သူ့ခံစားချက်တွေကိုရင်ဖွင့်ချင်ရင် အကို လိုဖြစ်နေတဲ့ စာရေးသူရယ်၊ အမတစ်ယောက်လို ခင်မင်ရင်းနှီးနေတဲ့ ကိုမောင့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေ အမတစ်ယောက် ရယ်ထံမှာသာရင်ဖွင့်လေ့ရှိပါတယ်။ စာရေးသူရော၊ အဲဒီအမလင်မယားနှစ်ယောက်စလုံး ကိုမောင်ရဲ့သူငယ်ချင်းအရင်းကြီးတွေပါ။ ဒါကြောင့်“ခင်မ”နဲ့ ကိုမောင့်အကြောင်းအူမချေးခါးအကုန်လုံးသိ ထားတာမို့ စာရေးသူရောအဲဒီအမပါ “ခင်မ”ကိုသနားပြီးသူစိတ်သက်သာယာရအောင် တတ်နိုင်သလောက် နားထောင် နှစ်သိမ့်အားပေးနေခဲ့တာပါ။ စာရေးသူရော၊ အဲဒီအမပါ ကြားသုံးကြားထဲမှာပါတဲ့ “လင်မယား ကြား” ထဲမှာ မ၀င်ကောင်းဘူးဆိုတာကိုသိပေမယ့် “ခင်မ”ကိုသနား တဲ့စိတ်နဲ့ မိတ်ဆွေကောင်းပီသစွာ သည်းခံပြီး ဆက်ဆံခဲ့ပါတယ်။ အခုတော့အဲဒီအမလည်း သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ကိုမောင့်ရဲ့ ကြမ်းတမ်းတဲ့ရိုင်းစိုင်းတဲ့အပြုအမူ၊ အပြောအဆိုတွေကိုကိုယ်တိုင်ကြား သိရလိုက်ရလို့ တော်တော်လေး အံသြတုန်လှုတ်သွားခဲ့ရပါတယ်။ 


တစ်ရက်မှာတော့“ခင်မ”တစ်ယောက် ကိုမောင့်ကိုဘာမှမပြောပဲအဲဒီအမရဲ့အိမ်ကို အလည်သွားပြီးသူခံ စားနေရတဲ့စိတ်ဒုက္ခတွေကို ရင်ဖွင့်နေတဲ့အချိန်ပေါ့။ “ခင်မ” ပျောက်နေလို့အိမ်မှာ ဒေါသပုန်ထနေတဲ့ ကိုမောင်လည်း သူ့မိန်းမ “ခင်မ”ကိုဖုန်းခေါ်ပြီးဖုန်းထဲမှာ ပြောလိုက်တာရစရာကိုမရှိပါဘူးတဲ့ခင်ဗျာ။ ပေးစား လိုက်တာလည်း “ခင်မ”နဲ့ရင်းနှီးတဲ့ယောက်ျားမှန်သမျှအကုန်ပါဘဲ။ မကြားဝင့်မနာသာ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေသုံးပြီးပြောတာကို ဖုန်းစပီကာဖွင့်ထားတာမို့ အဲဒီအမလည်းနားနဲ့ဆက်ဆက်ကြားလိုက်ရပြီး ဘုရားပါတလိုက်မိပါတယ်လို့ စာရေးသူပြန်ပြောပြပါတယ်။“ကိုရာဇာရေ.. ကိုမောင့်ပါးစပ်ကအဲလိုစကားလုံး မျိုးတွေထွက်လာတာကျွန်မတော်တော်အံသြသွားတယ်သိလား.. “ခင်မ” ကျွန်မဆီရောက်နေတာလည်း သူမသိဘူး၊ အခုလို“ခင်မ”ဖုန်းစပီကာဖွင့်ထားမယ်ဆိုတာလည်း သူသတိမထားမိဘူးထင်တယ်… ပြော လိုက်ပြောလိုက်တာ ကျွန်မတို့သူငယ်ချင်းမဟုတ်တဲ့အတိုင်းပဲ…ကိုမောင် အဲဒီလောက်ရိုင်းစိုင်းမှန်း အစကကျွန်မတို့မသိခဲ့ဘူး…အခုတော့နားနဲ့ဆက်ဆက်ကြားလိုက်ရလို့ယုံသွား ပြီးကိုရာဇာရေ…ကျွန်မတော့ “ခင်မ” ကိုသနားပေမယ့် ကိုမောင့်ရဲ့ပါးစပ်ကိုတော်တော် ကြောက်သွားလို့ နောင်ကိုဆက်ဆံ ဖို့တောင်တော်တော်စဉ်းစားနေရတယ် ကိုရာဇာရေ…” လို့စာရေးသူကို အဲဒီအမက ပြန်ပြောပြပါတယ်။ အဲဒီနေ့ထဲကငိုယိုပြီးပြန်သွားတဲ့ “ခင်မ” တစ်ယောက်လည်းဘာသံမှမကြားရတော့ပါဘူး။


စာရေးသူနဲ့ကိုမောင်ဟာ လုပ်ငန်းချင်းစပ်ဆက်နေတာမို့ ဖုန်းအဆက်အသွယ်အမြဲတမ်းရှိနေပါတယ်။ အဲလိုပြောဆိုဆက်ဆံတဲ့နေရာမှာ ဟိုးယခင်ကအတိုင်း ညီအကိုလိုပဲပြောဆိုဆက်ဆံနေတုန်းပါ။ “ခင်မ” နဲ့ပတ်သက်ရင်လည်း အကိုက“ခင်မ” ကိုဘာမှမခိုင်းဘူး၊ သူ့မိဘတွေကို အကိုဘယ်လောက်ထောက် ပံ့ပေးလိုက်တယ် စသဖြင့်သကာလောင်းပြီးရွှမ်းရွှမ်းဝေနေအောင်ပြောနေတုန်းပါ။ အများအမြင်မှာတော့ သူကသူတော်ကောင်းပေါ့ခင်ဗျာ။ လင့်ဝတ္တရားကျေပွန်တဲ့သူပေါ့ခင်ဗျာ။ စာရေးသူတို့သူငယ်ချင်း တွေရှေ့ မှာတပ်ထားတဲ့ သူ့ရဲ့မျက်နှာဖုန်းဟာ အားလုံးလေးစားထိုက်တဲ့လူတစ်ယောက်ပေါ့ခင်ဗျာ။ သူ့ရဲ့အပြုအ မူတွေကို စာရေးသူတို့မသိသေးဘူးလို့ ကိုမောင်တစ်ယောက်ထင်နေတုန်းပါခင်ဗျာ။ “ခင်မ” အ တွက်နောင်ရေးကတော့ ရင်လေးစရာပါခင်ဗျာ။ 


ခင်မနဲ့ပတ်သက်လို့ ပြန်တွေးကြည့်လိုက်ရင် “ခင်မ”အနေနဲ့ ကိုမောင့် ကိုယူလိုက်တာဟာအပျိုရည်ပျက်ပြီး “အိမ်ထောင်သည်” ဖြစ်သွားတာပဲအဖတ်တင်ပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်လုပ်စာကိုယ်စားနေ ရတာမျိုးပါ။ မြန်မာပြည်မှာကျန်ခဲ့တဲ့မိဘတွေကိုယ်လည်း ကိုယ့်လုပ်စာနဲ့သာ “ခင်မ” ထောက်ပံ့ခဲ့ရှာတာ ပါ။ အိမ်ထောင်ပြုလိုက်လို့လည်း လင်ယောက်ျားရဲ့အထောက်အပံ့ဘာမှမရခဲ့တဲ့အပြင် နေ့စဉ်ရက်ဆက် တစ်မျိုးမျိုးနဲ့စိတ်ဆင်းရဲနေရတဲ့ “လင်ဆိုးမယားတဖားဖား” ဘ၀ပါ။ ကိုမောင်ကလပ်သွားလို့လည်းမသွားပါ နဲ့ပြောလို့ မရ၊ ဟော်တယ်လိုနေရာမျိုးမှာ တခြားမိန်းမနဲ့သွားအိပ်တဲ့ကိစ္စကိုသိလို့တားလည်း တားပိုင်ခွင့်မရ၊ မိန်းမတစ်ယောက်အနေနဲ့ဘာမှ ချိုသည်၊ ခါးသည်ပြောပိုင်ခွင့်မရှိပဲ ကိုမောင်ပြုသမျှလည်စင်းခံနေရတဲ့ “ခင်မ” ဘ၀ဟာသနားစရာပါ။ ကိုမောင့်ရဲ့ဒဏ်တွေကိုမခံစားနိုင်လို့လမ်းခွဲလိုက်ပြီထားပါအုန်း… ငယ်ငယ်ရွယ်ရွယ်နဲ့တစ်ခုလပ်ဖြစ်ပါအုန်းမယ်… ဆက်ပြီးပေါင်းသင်းနေထိုင်မယ်ဆိုရင်လည်းအမြဲတမ်းစိတ် ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ တစ်သက်လုံးနေသွားရအုန်းမှာပါ။ “ခင်မ” ခမြာ “ဆုပ်လည်းဆူး၊ စားလည်းရူး” အဖြစ်မျိုးပါ။ ဒါကြောင့်အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ရှေးလူကြီး သူမများက “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးအချက်မပိုင်လျှင် နောင်ပြင်ရန်ခက်တဲ့အမျိုး” လို့တင်စားပြီး ဆိုရိုးစကားထားရှိခဲ့တာနေမှာပါ။ “လှေကုန်ရှုံးရင်တစ်ခေါက်၊ လင်ကုန်ရှုံးရင် တစ်သက်လုံးမှောက်” ဆိုတဲ့ စကားပုံလေးကလည်း “ခင်မ”အတွက်တော့ သွေးထွက်အောင်မှန်တဲ့စကားလေးပါ။ 


ဒါကြောင့်ညီမငယ်များအနေနဲ့ အိမ်ထောင်ပြုတော့မယ်ဆိုရင် အစစအရာရာသေချာစဉ်းစားပြီးမှဆုံးဖြတ် ကြဖို့အသိပေးချင်ပါတယ်။ နှလုံးသားအလိုကိုလိုက်လို့ အချစ်တစ်ခုထဲနဲ့ဘ၀ကိုရူးရူးမိုက်မိုက် တည်ဆောက် လို့လည်းမရနိုင်ပါဘူး။ အိမ်ထောင်သည် ဘ၀ကိုရောက်လာရင် အဲဒီအချစ်ဆိုတာဟာ ဒုတိယနေရာကို အလိုလိုရောက်သွားတတ်တာမျိုးပါ။ အိမ်ထောင်ရေးမှာ အဓိကလိုအပ်တာက “တစ်ယောက်အပေါ် တစ်ယောက် ကြင်ကြင်နာနာနဲ့ နားလည်ပေးမှု” ကသာအဓိကကျပါတယ်။ ဒါကြောင့် ညီမငယ်များအနေနဲ့ “ခင်မ”ရဲ့အဖြစ်လေးကိုသင်ခန်းစာယူလို့ “လင်ကုန်မရှုံးရလေအောင်” သေသေချာချာစဉ်းစားဆုံးဖြတ်နိုင် ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


ရာဇာထွေး

မှတ်ချက်။ ။ ပြည်ပမှာ living together နေထိုင်ပြီးအိမ်ထောင်သည်ဘ၀ကိုရောက်သွားတဲ့ညီမလေးတစ်ရဲ့ သနားစရာအဖြစ်အပျက်လေးပါ...အမေသေလို့လည်းပြည်တော်မပြန်နိုင်၊ ကျန်ခဲ့ညီအကိုမောင်နှမတွေနဲ့ လည်းတွေ့ခွင့်မရရှာပဲမျက်စိသူငယ်၊ နားသူငယ်နဲ့ လင်ယောက်ျားဆိုးသမျှကိုခါးစည်းခံနေရတဲ့ ညီမလေး တစ်ယောက်ရဲ့အကြောင်းပါလေးပါ... သူလိုမိန်းကလေးမျိုးတွေအများကြီးရှိနေမှာပါ... ဒီပို့စ်လေးထဲကနေ သင် ခန်းစာကောင်းတွေထုတ်ယူနိုင်ကြပါစေ။
read more

Friday, September 21, 2012

မမေ့လျော့ခြင်းနှင့်ပတ်သတ်သော အဆိုအမိန့်များ

ပိဋကတ်စာပေတို့၌ အပ္ပမာဒနှင့် ပတ်သက်၍ ထူးခြားသော အဆိုအမိန့်များကို တွေ့ရ၏။ ယင်းတို့မှာ


၁။ မမေ့လျော့ခြင်းသည် မြတ်သော မင်္ဂလာ။

၂။ မမေ့လျော့ခြင်းသည် နိဗ္ဗာန်ရကြောင်းဖြစ်သည်။

၃။ မမေ့လျော့သူတို့သည် မသေတော့ပြီ။

၎။ မမေ့လျော့ခြင်းသည် ကျေးဇူးများသော တရားတစ်ပါးဖြစ်  စသည်တို့ဖြစ်ပါသည်။


၁။ မမေ့လျော့ခြင်းသည် မြတ်သောမင်္ဂလာ

မြတ်စွာဘုရားရှင်သည် ကြီးပွားချမ်းသာခြင်း၏ အကြောင်းမင်္ဂလာတရားတော်များကို ဟောကြားတော်မူရာ

တွင် “အပ္ပမာဒေါစ ဓမ္မေသု ဧတံမင်္ဂလ မုတ္တမံ”ဟူသော မင်္ဂလာတရားတစ်ပါးကိုလည်း ထည့်သွင်းဟော

ကြားတော်မူ ပါတယ်။ယင်း၏ အဓိပ္ပါယ်မှာ ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်းသည် မြတ်သော မင်္ဂလာ

မည်၏။ဟူပေသည်။



လောကစည်းစိမ်ချမ်းသာ လောကုတ္တရာစည်းစိမ်ချမ်းသာတို့ကို ရရှိခံစားရခြင်းကို မင်္ဂလာရှိသည်ဟုဆိုကြ

သည်။ ယင်း ချမ်းသာတို့ကို အရင်းအနှီးမရှိဘဲ အလကားရရှိကြ သည်မဟုတ်ပေ။ ဒါန၊ သီလ၊ သမထဝိပဿ

နာ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ဆည်းပူးမှု အရင်းအနှီးလိုအပ်ပေသည်။ ယင်းကုသိုလ်တရားတို့ကို ပြု

လုပ် ဆည်းပူးရန်မှာ မမေ့မလျော့မှု အပ္ပမာဒတရားနှင့် ပြည့်စုံရပေမည်။ အပ္ပမာဒတရားရှိမှ ယင်းကုသိုလ်

တို့ကို ပြုလုပ်ဆည်းပူးပေမည်။ အပ္ပမာဒမရှိဘဲ မေ့မေ့လျော့လျော့နေကြသူများမှာကုသိုလ်တရားတို့ကို ပြု

လုပ်ဆည်းပူးလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ကုသိုလ်တရားတို့၌ မမေ့မလျော့မှု အပ္ပမာဒတရားကို

“မြတ်သောမင်္ဂလာ”ဟု ဟောတော်မူခြင်းဖြစ်သည်။



၂။မမေ့မလျော့ခြင်းသည် နိဗ္ဗာန်ရကြောင်းဖြစ်

မမေ့လျော့ခြင်းသည် နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းဖြစ်၏။ နိဗ္ဗာန်၌ ပဋိသန္ဓေနေခြင်းကင်းရကား အိုခြင်း၊

သေခြင်း၊ သဘောမရှိ။ထို့ကြောင့် “အမတ” ဟုခေါ်၏။ မမေ့လျော့ခြင်းသည် အမတခေါ် နိဗ္ဗာန်ကိုရခြင်း

အကြောင်းဖြစ်၏။ မမေ့လျော့သူသည် ဆိုခဲ့ပြီးသည့်အတိုင်း ကုသိုလ်တရားတို့၌ မမေ့မလျော့သည်ဖြစ်၍

သံသရာဝဋ်မှထွက်မြောက်ကြောင်း ဒါနကိုလည်းပြု၏။ သီလကို လည်း စောင့်ထိန်း၏။ ဘာဝနာကိုလည်း

ပွားများ၏။ ဤသို့ ဒါနစသော ကုသိုလ်တို့ကိုဖြည့်ကျင့် ဆည်းပူးသူ သည် ပါရမီကုသိုလ်တို့ တဖြည်းဖြည်း

ပြည့်လာရကား နောက်ဆုံးတွင် အမတခေါ် နိဗ္ဗာန်ကို မျက်မှောက် ပြုသွားနိုင်ပေသည်။



၃။မမေ့မလျော့သူတို့သည် မသေတော့ပြီ

မမေ့လျော့သူတို့သည် မသေတော့ပြီ။ မမေ့လျော့သူတို့သည် မသေတော့ ဟု ဆိုလိုက်သဖြင့် လုံးဝမသေ

တော့ ဟူကား မမှတ်သင့်ပေ။ “နတ္ထိ ဇာတဿ အမရဏံ” “ပဋိသန္ဓေနေရသူကား မသေခြင်းမည်သည် မ

ရှိချေ။“ စကားနှင့်အညီ ပဋိသန္ဓေနေ၍ ဇာတိရှိလာပြီဆိုပါက မအိုသောသူ ၊ မသေသောသူမည်သည်မရှိ

ချေ။ မမေ့လျော့သူသည် မသေတော့ဟု ဆိုရခြင်းကား မေ့လျော့သူ၏ ဘဝသံသရာသည် ဤ၍ ဤမျှ ကျင်

လည် ရဦးမည်ဟု ဂဏန်းပိုင်းခြား၍ မရသေးပေ။ မမေ့လျော့သူ၏ သံသရာမူကား ဂဏန်းပိုင်းခြား၍ ရပေပြီ။

ထို့ကြောင့်မေ့လျော့သူသည် ဇာတိစသည်တို့မှ မလွတ်မြောက်နိုင်သေးရကား အသက်ရှင်နေသော်လည်း

သေနေသူသာဖြစ်တော့၏။ (သတိလွတ်ကင်း၍ မေ့လျော့နေသဖြင့် လူသေနှင့်သာ တူတော့၏။)


မမေ့မလျော့သူသည်ကား သတိနှင့်ပြည့်စုံသေဖြင့် အမြဲနိုးနိုးကြားကြားရှိနေရကားအသက်ရှင်သူနှင့်တူပေ၏။

မမေ့မလျော့မှု အပ္ပမာဒဘာဝနာကို အမြဲလက်ကိုင်ထားပွားများနေသဖြင့် မျက်မှောက်ဘဝမှာပင် မဂ်၊ ဖိုလ်၊

နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်ရကား ဒုတိယ၊ တတိယဘဝတို့မှစပြီး ပဋိသန္ဓေမနေရတော့ပြီ။ ထို့ကြောင့်

ထိုသူတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ မသေသူသာမည်တော့၏။



၎။မမေ့လျော့ခြင်းသည် ကျေးဇူးများသောတရားတစ်ပါးဖြစ်

သတ္တဝါတို့အား ကျေးဇူးများသော တရားတစ်ပါးရှိ၏။ ယင်းမှာ ကုသိုလ်တရားတို့၌ မမေ့လျော့မှု အပ္ပမာဒ တ

ရား ပင်ဖြစ်၏။ အပ္ပမာဒတရားကို ကျေးဇူးများသော တရားဟု ဆိုရခြင်းကား အလုံးစုံသော အကျိုးစီးပွားတို့

ကိုပြီးစေ တတ်သောကြောင့် ဖြစ်၏။ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ စသော လောကီကိစ္စများ၌လည်း

အပ္ပမာဒ တရား ပါမှ ပြီးစီးနိုင်၏။ ဒါနပြုမှု၊ သီလစောင့်ထိန်းမှု စသောဘာသာရေးကိစ္စများ၌လည်း ယင်း

အပ္ပမာဒပါမှပင် ပြီးနိုင်၏။ ခပ်သိမ်းသော ဝဋ်ဒုက္ခတို့၏ ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေး၌လည်း

ယင်းအပ္ပမာဒပါမှပင် ပြီးစီးနိုင်၏။ထို့ကြောင့် မြတ်စွာဘုရားရှင်က “အကြင်သူသည် ဤသာသနာတော်၌ 

မမေ့မလျော့နေလတ္တံ။” ထိုသူသည် ဇာတိဟုဆိုအပ်သော သံသရာကို ပယ်စွန့်၍ ဒုက္ခကုန်ဆုံးရာ နိဗ္ဗာန်ကို

မျက်မှောက်ပြုနိုင်လိမ့် လတ္တံ့ဟု (ဒီဃနိကာယ်) မှာ ဟောတော်မူထားပေသည်။



အပ္ပမာဒ၏ ကျေးဇူးများပုံသာဓက

အသောက မင်းကြီးသည် တူတော် နိဂြောဓသာမဏေထံမှ “အပ္ပမာဒေါ အမတံပဒံ” စသော တရားတော်ကို

နာယူရသဖြင့် စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ခြင်း စသည်ဖြင့် သာသနာပြုမင်းတစ်ပါး ဖြစ်ခဲ့ရ

လေသည်။


စာဖတ်သူအားလုံး သတိတစ်လုံးလက်ကိုင်သုံးပြီး သက်ရှည်ကျန်းမာစိတ်ချမ်းသာစွာဖြင့် နိဗ္ဗာန်တိုင်ပေါက်

ခရီးရောက်အောင် စွမ်းဆောင်နိုင်ပါစေ။


အရှင်ဝိမလဝံသ( နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

http://www.wiradhamma.blogspot.in/

ဦးဇင်းဘလော့သို့လည်းသွားရောက်လေ့လာနိုင်ပါသည်။
read more

Tuesday, August 28, 2012

စေတီအကြောင်း သိကောင်းစရာ



ဘုရားသို့မှန်းခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ၊ နတ်လူဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်။ ထို့အပြင်စေတီတော်မှ ညွှန်ပြသောသင်္ကေတများ မှဟောပြောနေသော တရားတော်များကို ဆင်ခြင်နှလုံးသွင်းနိုင်ပါက ပါရမီရင့်သန်ပြီးသူဖြစ်ပါကဘုရားဖူး ရင်းပင်နိဗ္ဗာန်ရနိုင်ကြောင်းပြော မည်ဆိုပါကလွန် အံ့မထင်.....။


စေတီဆိုတဲ့ ဝေါဟာရ

စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင်မပွင့်ထွန်းခင်ကတည်းကအိန္ဒိယနိုင်ငံမှာရှိနေခဲ့ပါတယ်။ ဝေသာလီပြည် ကြီးရဲ့အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသောအရာဌာနတွေကို စေတီသမုတ်ပြီးကိုးကွယ်ခဲ့တာကြောင့် စေ တီတွေများစွာရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကိုရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့နတ်ကြီးတယ်ဆိုပြီး မခူးကြနဲ့၊ မဖျက်ဆီးကြနဲ့ စသည်ဖြင့်သီးခြား သတ်မှတ် ထားတဲ့ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာတောင်တွေဖြစ်ပါတယ်။ အချို့ ကတော့တော တွေဖြစ်ပါတယ်။

စေတီဆိုတဲ့ အဓိပ္ပာယ်

စေတီဆိုတဲ့အဓိပ္ပာယ်မှာ အရိုအသေပြုအပ်သောအရာ၊ ဌာနအားလုံးပါဝင်ပါတယ်။ အဲဒါကြောင့်ကျွန်တော် ကတော့ မြန်မာလိုပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတဆိုတာပဲသင့်တော်မယ်ထင်ပါတယ်။


ထေရဝါဒဗုဒ္ဓသာသနာပြင်ပမှ စေတီများ


ဟိန္ဒူ ဘုရားစေတီများ ၊ ဒီနေ့ခေတ် Holy City တွေအဖြစ် သတ်မှတ်ခံထားရတဲ့လာဆာ၊ မက္ကာ၊ ဂျေရုဆင် တို့လို မြို့တော်တွေဟာလည်း သက်ဆိုင်ရာဘာသာဝင်တို့ရဲ့ အရိုအသေပေးရာ ဌာနတွေ ဖြစ်လို့ အထက် ကပြော ခဲ့တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်းပြောရရင် စေတီခေါ်ထိုက်ပါတယ်။ (အခုပြောခဲ့တဲ့ စေတီတွေ ကတော့ ထေရဝါဒဗုဒ္ဓသာသနာ ပြင်ပက စေတီတွေပါ )


ထေရဝါဒဗုဒ္ဓသာသနာတွင်းက စေတီ(၄)မျိုး

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေအလေးအမြတ်ပြုကြတဲ့ သာသနာတွင်းစေတီတွေကတော့ အား လုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။

(၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ
(၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
(၃) ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ
(၄) ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ


ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေ ကတော့ ဗုဒ္ဓဂါယာအစရှိတဲ့ သံဝေဇနိယ လေးဌာနတို့ပါပဲ။

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့အထက်ကဖော်ပြခဲ့တဲ့ စေတီတွေ၊ သံဝေဇနိယလေးဌာနလို နေရာတွေ အရိုအသေပေးကြ၊ ကိုးကွယ်ကြတဲ့အခါမှာလည်းနည်းလမ်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဗုဒ္ဓရှင်တော်မရှိတော့
တဲ့နောက်ပိုင်းကျမှ ဗုဒ္ဓရှင်တော်အမှတ်တရအဖြစ်နဲ့ သင်္ကေတပြုထားတဲ့အရာတွေကိုမဆိုထားနဲ့ ဗုဒ္ဓရဲ့ သက်ရှိထင်ရှား ကိုယ်ကာယကြီးကို ကိုးကွယ်တာတောင်နည်းမှန်လမ်းမှန်မဟုတ်ရင် ဗုဒ္ဓကအားမပေးခဲ့ပါ ဘူး။ ကဲ့ရဲ့တော်မူခဲ့ပါတယ်။


ကိုးကွယ်ပုံနည်းလမ်းမမှန်တဲ့အခါ

ဓာတ်တော်စစ်တွေ၊ ပရိဘောဂအစစ်တွေရှိနေသော်လည်း ဗုဒ္ဓရှင်တော်နဲ့လုံးဝမလွဲတစ်ထေရာတည်းတူတဲ့  ပုံတော်ထုလုပ်ထားလည်းအကျိုးများမှာ မဟုတ်ပါဘူး။ ဂါယာအစရှိတဲ့ဒေသတွေကိုသွားလည်း ငွေကုန်လူ ပန်းတာက လွဲလို့ သံသရာအတွက် အကျိုးမများပါဘူး။ ဂါယာက ပြန်လာလို့လည်း ဘာမှ မဖြစ်ပါဘူး။

ကျွန်တော်နားလည်သလိုပြောရရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီကိုးကွယ်ခြင်းဟာ ဗုဒ္ဓဘုရားရှင်ဆီ ကကယ်တင်ခြင်းတစုံတရာကို လိုချင်လို့၊ ကောင်းချီးမင်္ဂလာမြှောက်စားခြင်း တစုံတရာ လိုချင်လို့မဟုတ် တာတော့ သေချာပါတယ်။


မြန်မာပြည်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များ နှင့် ဗိသုကာပညာရပ်

ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒဗုဒ္ဓဘာသာစေတီ၊ ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦး ဆုံးသော ထေရ၀ါဒဗုဒ္ဓဘာသာစေတီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးဖြစ်ပါတယ်..။
(မှတ်ချက်။ ဤစေတီတော်သမိုင်းနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်းစာအုပ်တွင် အသေးစိပ်ဖတ်ရှုနိုင် သည့်အတွက် ယခုမဖော်ပြတော့ပါ.....။) ဒါကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာစေတီကိုရည်ညွှန်းတဲ့အခါမှာ ရွှေ တိဂုံစေ တီတော်မြတ်ကြီးနဲ့သာ ကိုးကားဖော်ပြလိုပါတယ်...

ဗိသုကာပညာရပ်တစ်ခုအနေဖြင့် လေ့လာကြည့်မည်ဆိုပါက ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာတို့  ၏သီးခြားဗိသုကာလက်ရာစင်စစ် ဖြစ်သည်ဆိုသည်ကို အောက်ပါအချက်များအရ သိရှိနိုင်ပါသည်...။


၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားပါတယ်.(ဟိန္ဒူဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း
အဆောက်အဦးကိုဖြစ်စေ၊ အ၀ိုင်းပုံနှင့်အခုံးပုံကို အခြေခံပြီးဆောက်လုပ်ထားကြောင်း တွေ့ရှိရမှာဖြစ်ပါ တယ်)


၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာသုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကိုဆဌဂံမှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲတည်ဆောက်ထားပါတယ်..။ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိပသာဒ ဖြစ်ဖွယ်ပညာသားပါပါ ပြေပြေလေး ပြောင်းလဲယူခြင်းဖြစ်ပါတယ်..


၃. ပစ္စယာသုံးဆင့်ပေါ်တွင် အမျှဝေခြင်းအထိမ်းအမှတ် ခေါင်းလောင်းမှောက်ကိုတည်ထား ရာခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်းစည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ခြင်း၊ အခုံးနဲ့အခွက် ကို ကြည့်သူရဲ့အမြင်တွင် သဟဇာတဖြစ်အောင်ဆက်ထားပုံကို ပညာရှင်များအနေနဲ့  အတုယူကြရပါတယ်။


၎. ခေါင်းလောင်းမှောက်ရဲ့အထက်တွင် ကြာမှောက်၊ ကြာလှန်ကိုတည်ထားပုံမှာလည်း သည်သဘောတရား ပင်ဖြစ်ပါသည်။


၅. ငှက်ပျောဖူးတွင် အထက်သို့ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင်ထီးတော်နဲ့ပြန်အုပ်ထားသော ဒီဇိုင်းမှာလည်း ဖူးမြော်သူရဲ့စိတ်ကိုထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကိုကြည်ညိုနိုင်စေရန် ဆွဲဆောင်သောလက် ရာမြောက်သည့် ဗိသုကာပညာရပ်တစ်ခုဖြစ်ပါတယ်။


၆. ပုထိုးတော်ဒီဇိုင်းဖြစ်သော အာနန္ဒာဘုရားသည် ထိပ်ပိုင်းကဟိန္ဒူဒီဇိုင်းဟုထင်ရသယောင်၊ ဆင်သယောင် ရှိသော်လည်း လိုဏ်သုံးထပ်လုပ်ထားပုံမှာလုံးဝမတူခြားနားခြင်းရဲ့သက်သေဖြစ်၊ ရွှေတိဂုံကဲ့သို့မတည်ရခြင်း မှာ အပူပိုင်းဒေသရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကိုဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့တည်ခြင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်းဇကာများသည် အကောင်းဆုံး သက်သေဖြစ်ခြင်း၊ အပြင်ဘက်ဆုံးကျောက်ပန်းဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိကျောက်ပန်း ဇကာ သည်နေရောင်စစ်ရန်ဖြစ်ပြီး အတွင်းဘက်ဆုံးရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်းဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ခြင်း။


ရည်ရွယ်ချက်မှာ

ဘုရားဖူးလာသူသည် နေပူ၊ လေပူ၊ ဖုန်ထူတို့ကိုဖြတ်ပြီး ဘုရားဖူးလာရာတွင် ပုထိုးတော်ထဲသို့ ရောက် သည်နှင့် လူရော၊ စိတ်ပါအေးချမ်းတည်ငြိမ်သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှလာသော စိတ်ပျံ့ လွင့်နေသော ဘုရားဖူးသူကိုအလင်းရောင် စစ်ထားသောကြောင့် မှောင်သယောင်၊ အလင်းမှိန်သော ပု ထိုးတော်ထဲတွင် စိတ်ကိုတည်ငြိမ်စေပြီးမှ ရုပ်ပွားတော်ပေါ်တွင်သာ အလင်းကျရောက်နေ စေရန်စီစဉ် ထားသော ဗိသုကာလက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကိုဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေခြင်း၊ စိတ်ပညာကိုပါအသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်း သဏ္ဍာန်ဖြင့် ဆောက်လုပ်သောဗိသုကာလက်ရာကို အရှေ့တောင်အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံးတွင် ပါ မတွေ့ရှိရခြင်း၊ ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမကမည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ်မှာမှ မမြင်ဖူးသောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာလက်ရာ သည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။


ဗုဒ္ဓဘာသာ

မြန်မာလူမျိုးများသည် ဘုရားစေတီပုထိုးများ သို့ပုံမှန်မဟုတ်တောင် မကြာခဏသွားလာ ဖူးမြော်ကြသည် ။ အထူးသဖြင့်နေ့ကြီး၊ ရက်ကြီးများတွင်လူငယ်၊ လူကြီးမရွေးဘုရားဖူးသွားကြလေသည်။ သူလိုကိုယ်လို ဘုရား ဖူးနေကျဖြစ်သောကြောင့် ဖူးမယ့် သာဖူးလိုက်သည်။ ဘုရားကိုဘာလို့ သည်လိုတည်ထား သလဲဆိုတာ၊ ဘုရားမှာ ဘာလို့သည်လိုနေရာ တွေထည့်ထားသလဲဆိုတာ သေချာစဉ်းစားရှာဖွေကြသူ အင်မတန်နည်း ပါသည်။ အမှုမဲ့၊ အမှတ်မဲ့ နေကြသူသာများပါသည်။ ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံတည်ထား ရသလဲ။ ဘာကြောင့် ပစ္စယာကို ၃ဆင့် ထားရသလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ
အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာဘာကြောင့် ကြောက်စရာဘီလူးပန်းဆွဲဆိုတဲ့ပုံနဲ့ ဗိသုကာလက်ရာ ပါနေရသလဲ။ ဖောင်းရစ်ကဘာလို့ ခုနှစ်ရစ်ဖြစ်နေရသလဲ။ ကြာကိုဘာကြောင့် မှောက်လိုက်၊ လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့်ကြာပန်းကိုမှ ရွေးထည့်ရသလဲ.... စသည် စသည်ဖြင့်....။

ယခု ဤစာဖတ်နေသော.. မိတ်ဆွေကရော..။ (ကျနော်သည်လည်းဤသို့ အမှုမဲ့၊ အမှတ်မဲ့နေခဲ့ပါသည်။ မိမိ ၏ လေ့လာမှုအားနည်းခြင်းကြောင့် အခြားသောဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင် သီး သန့်အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့်မိမိမှာမသိသေးကြောင်း ၀န်ခံဖြေကြားခဲ့ရသည်ကများပါသည်။ ကဲ့ရဲ့သူများ ရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့်မခံချင်စိတ်များကြောင့် အချို့ သော ဥပမာများဖြင့် ပြဿနာကိုဖြေ ရှင်း ခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ..ကျေနပ်အားရမှု မရှိခဲ့ပါ )


ဘာကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာစေတီတွေကို ယနေ့တွေ့ မြင်နေရသောပုံများအတိုင်း တည်ထားခဲ့ပါသလဲ
ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတစ်ခု၏ အောက်ပါအစိတ်အပိုင်းများနှင့် အမည်များကမည်သို့ သောအချက် များ ကို ရည်ညွှန်းနေကြသနည်း..


၁။ ပန်းတင်ခုံ
၂။ပစ္စယာ ၃ ဆင့်
၃။ခေါင်းလောင်းမှောက် ( သို့  ) သပိတ်မှောက်
၎။ဘီလူးပန်းဆွဲ
၅။ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း
၆။ဖောင်းရစ် (၇)ရစ်
၇။ ကြာမှောက်
၈။ ရွှဲလုံး
၉။ ကြာလှန်
၁၀။ ငှက်ပျောဖူး
၁၁။ထီးတော်
၁၂။ငှက်မြားနှား
၁၃။ထီးတော်
၁၄။ စိန်ဖူးတော်

ယင်းတို့ အပြင် စေတီအနီးရှိ ဟင်္သာနားနေဟန် တံခွန်တိုင်ကို ဘာကြောင့် တည်ဆောက်ထားကြသလဲ....


၁. ပန်းတင်ခုံကိုအကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာလူ့စိတ်တွေထဲမှာလောကုတ္တရာနည်းနဲ့ပိုင်းခြား ရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေအများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီးဥပမာပေးခြင်း၊ ဘုရားကိုပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံဆောက်လုပ်ပေး ထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း။


၂. ပစ္စယာကို ၃ဆင့်ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကိုရည်ညွှန်းကြောင်း၊ ယင်းတို့မှာဘ၀ မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကိုလိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံးသူ့သဘောနဲ့ သူဖြစ်ပျက်မှုကိုသိပြီး အစွဲ ကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကိုရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကိုလိုချင်ခြင်းသည် ဒိဌိတ မျိုး သာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်းဟူသောလောကုတ္တရာနယ်ရဲ့ အောက်ခြေကတဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့်ထားရခြင်း။


၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့အဓိပ္ပာယ်မှာ အထက်ပါသံသရာလည်စေကြောင်းအချက်များ ကို မပြုလုပ်၊ လက်မခံဟူသောအဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်း ညွှန်ခြင်း။


၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန်ပန်းကို လှမ်းဆွဲစေချင်သည်ဟူသောသတိပေးချက် ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန်၅ခုမြောက်တွင် ဘီလူးပန်းဆွဲကိုထားခြင်းမှာဥာဏ်စဉ် ၁၆ပါး ရှိသည့်အနက် ၅ဆင့်မြောက်ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင်ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကိုပါအောင်ထည့်ပြီး အောက်မြန်မာပြည်တွင်မူ ဘီလူးထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကိုအပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်းဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြားမှတ်သားနိုင်ပါ သည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင်ယောဂီများကို တရားစစ်ရာတွင်အ ဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ်မရခင် အခြေခံဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း။


၅. ခါးစည်းခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာမိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း။


၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း။


၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကိုထားခြင်းသည် တရားအားထုတ်နေသောယောဂီဖြစ် လျက်သောတာပတ္တိမဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရခါနီးဥာဏ်စဉ်၁၄ဆင့်မြောက်ရောက်နေစေဦးတော့ သံသရာအ တွက်စိတ်မချရသေးဘဲ ထိုအချိန်တွင်မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာလုပ်မိနိုင်သေးကြောင်း၊ ထို သို့လုပ်မိပါက အောက်သံသရာအပါယ်လေးဘုံသို့ မှောက်မှောက်မှားမှားပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း။


၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿနနယ်ကိုပြဆိုပြီး ဥာဏ်စဉ်အမှတ်၁၅နှင့် ၁၆ သည်အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လော ကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း။


၉. ကြာလှန်သည် ထိုဥာဏ်စဉ် ၁၆ပါးလုံးကိုရရှိပြီးပါက သောတာပန် ဖြစ်ပြီဖြစ်ပြီး အောက်သံသရာကို ပြန် စရာမရှိတော့ဘဲ အထက်မဂ်ဖိုလ်များကို ရရှိကာအလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာဝင်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း။

သင်္ကေတ၀ါဒအရကြာပန်းကိုထားရခြင်းမှာ ရေမှာ၊ နွံမှာပေါက်ဖွားသောကြာပင်ဖြစ်လျက် ရေမစို၊ နွံမ လူး၊ မွှေးကြိုင်သင်းပျံ့ခြင်းရှိသောကြာပန်းကဲ့သို့ လောကီနယ်မှလူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင်ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်းတို့တွင် အဓိပ္ပာယ်ဆင်တူသောဂုဏ်ရည် ချင်းကို ဥပမာခိုင်းနှိုင်းလိုသောကြောင့် ကြာပန်းကိုသုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ်ခံ စဉ်တွင်လည်းကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်းကြာပွင့်များ အလိုလိုပေါ်လာကာခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း။


၁၀. ငှက်ပျောဖူးဆိုတာ ငှက်ပျောတစ်ပင်ရဲ့နိဂုံး သင်္ကေတပါပဲ။ ပေတစ်သီး၊ ကျီးတစ်သား ငှက်ပျောတစ်ပင် တဲ့။ ငှက်ပျောတစ်ပင်ဟာ ငှက်ပျောဖူးထွက်လာပြီး ငှက်ပျောတခိုင်သီးပြီးတာနဲ့ သူ့ဘ၀ပြီးဆုံးရသလို ကြာ လှန် အဆင့်ဖြစ်တဲ့ (သံသရာမှာအောက်သံသရာကို လည်စရာမလိုတော့တဲ့ နိဗ္ဗာန်ရောက်ဖို့သေချာနေတဲ့)
သောတာပန်အဆင့်ကိုရောက်ပြီဆိုရင် သံသရာမှာဆက်ရှင်သန်ကျင်လည်စရာ မလိုတော့တဲ့အတွက် သံသ ရာ ပြီးဆုံးတဲ့အတွက် ငှက်ပျောဖူးနဲ့တင်စား တာပါတဲ့။ ငှက်ပျောဖူးပြီးရင်တော့အထက်မှာ ထီးတော်ပဲရှိတော့ တာမို့ထီးတော်နဲ့ကျန်တဲ့အစိတ်အပိုင်းတွေအကြောင်းကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ပေဖူးပုံ မသုံးဘဲငှက်ပျောဖူး ပုံသုံးရခြင်းအကြောင်းက မျက်စိအမြင်ထဲမှာပုံပန်းသဏ္ဍာန်အရ ကြည်ညိုသပ္ပါယ ဖြစ် မယ့်ပုံကို ရွှေးချယ်ခြင်းဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ တစ်ခြားအကြောင်းကြောင့်ဆိုရင် သိတဲ့သူ များဖြည့်စွက်ပေးကြစေလိုပါတယ်။ သိရှိရသလောက် ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်းရှူးပြီး ထီးတော်ခုနှစ်ဆင့်အဖြစ်တက်သွားသလို သောတာပတ္တိမဂ်ဥာဏ်ရပြီးသားသူဟာလဲ အထက်မဂ်ဖိုလ် ၇ဆင့် ဆီကိုတသမတ်တည်းအစဉ်လိုက် ရရှိ ရောက်ရှိသွားတဲ့သဘောကို ဖော်ကျူးတဲ့အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော်၇ဆင့်ကြား အချိတ်အဆက်မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီ အကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှုနိုင်ပါတယ် )


၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်းဖြစ်ပါတယ်


၁၂. ငှက်မြတ်နားဆိုသည်မှာ ဘုရား၊ ရဟန္တာတို့လက်ရှိဘ၀မှ နိဗ္ဗာန်သို့မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန်မပြု မီခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကိုပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ထို ဟင်္သာ အမြီးပုံငှက်မြတ်နားတွင် ပတ္တမြားကိုထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကိုမြုပ်နှံဌာပနာ ထားခြင်း သည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နားဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူ ငါ တွေးထင်သလို ငှက်မြီးပုံကိုငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာတွင်မြန် မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံနက္ခတ်ကိုယူကာ သည်စေတီကိုတည်ထားကိုးကွယ်သော မြန် မာနိုင်ငံသားများ၏ အစွမ်းအစကိုသမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ်သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း။


၁၃. စိန်ဖူးတော်သည် အသင်္ခတဓာတ်နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာ ဟာရတို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့်သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကားမည်သို့မျှပြန်လည် ပြုပြင်ပြောင်း လဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကိုရည်ညွှန်းခြင်း။

(က) ကာဗွန်ဒြပ်စင်သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီးလေးဆင့်ရှိရာတွင် စိန်အဆင့် တွင်ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တမဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာတို့တွင်ထိပ်ဆုံးအဆင့်ဘုရားသည် ကိလေသာလုံးဝစင်ကြယ်ဆုံးအ ဆင့်ရောက်နေသည်ကို ပြဆိုခြင်း။

(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှုလုံးဝမရှိတော့ခြင်းဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပ မာပေးထားခြင်း၊ သည်နေရာတွင်ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ်ဖြာ ထွက်နေသော်လည်း စိန်ဖူးတော်ကိုဘာကြောင့် တလုံးတည်းထားသနည်းဟူ သောမေးခွန်းရှိလာပါသည်။ ရဟန္တာကိုယ်တော်ကြီး များသည်ကားအချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနားကြသော် လည်း နိဗ္ဗာန်သို့ဝင်စံတော်မူကြသည့် အခါတွင်ကား တူညီသော၊ တခုတည်းသော အသင်္ခတဓာတ်သို့ သာသက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်းထားခြင်းဖြစ်လေသည်။


၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာသတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီတည်ရခြင်းအကြောင်း အနှစ်တရားများကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သောအကျိုးကျေးဇူးတရားများ ခံစားကြရ မည် ဖြစ်လေသည်။ သို့သော် အထက်ပါအချက်များနဲ့မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသောစေတီမျှသာ ဖြစ်ကြောင်းသိရှိနိုင်ပါသည်။ ထိုစေတီ များကိုဖူးမြော်ပါက စီရင်သူရဲ့ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့စိတ်စေတနာ အလိုက်သာအကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည်ထင်ပါသည်။

ထို့ပြင် ဘုရားများတွင်တွေ့ရလေ့ရှိသော တိုင်ထိပ်တွင်ဟင်္သာနားနေဟန်တံခွန်တိုင်အကြောင်း ကိုလည်းရှာ ရှာဖွေဖွေသိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက်ရောက်လိုလျှင် မာနကိုအရင်ချခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်ကဘုရားသိုလာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှစတင်ကာ မာန ချသည့်အနေဖြင့်ရော အရိုအသေပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမ ရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည်တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကိုဘုရားပေါ် မရောက် ခင်အဝေးကတည်းကသတိပေးသည့်အနေဖြင့်တံခွန်တိုင်ကိုမြင့်မြင့်တည်ထားခြင်းဖြစ်ကြောင်းသိရလေသည်။


သည်လောက်တောင် စေတီရဲ့အစိတ်အပိုင်းတစ်ခုချင်းစီအတွက်ရော၊ အားလုံးခြုံငုံပြီးပါ အနှစ်ပါပါအဓိပ္ပာယ် ရှိရှိပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သောရှေးမြန်မာကြီးများရဲ့ သင်္ကေတ၀ါဒကို အံ့သြချီးကျူးလို့မ ဆုံးနိုင်တော့ ပါချေ။ ထိုအဟောင်းများရဲ့အနှစ်များကိုမသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ ငါကအသစ် ထွင်တယ်ဆိုသောစကားကိုလက်ကိုင်ပြုပြီး အဟောင်းကိုဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ် ကိုရောခြင်းများကိုပညာမဲ့ပီပီ ပြုလုပ်နေကြသူတချို့ကိုတွေ့တိုင်းစိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲ တွင်တော့သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါကသမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလိုပြင်နိုင်သည် ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့အ၀ီစိကျမည့် သမိုင်းတရားခံများ ဟုသာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့အနှစ်သာရ ကိုအရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကိုထွင်နိုင်ပါမှ တိုးတက်ခြင်းအစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျလှသော အစုတ်ပလုတ်များနှင့်သည်လို လျှောက်လုပ်ရင်အစုတ် ပလုတ်တွေ ဖြစ်ကုန်တတ်တယ်ဟု ဥပမာပြစရာများသာကျန်ခဲ့မည်ကိုလည်း သတိတရားရလိုက်ပါသည်။


ဤနေရာတွင် ယနေ့ခေတ် ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာပြည်အရပ်ရပ်ရှိ ထေရ၀ါဒစေတီတော်
များတွင် အခြားသောအယူဝါဒများ၏ မိရိုးဖလာကိုးကွယ်ယုံကြည်မှုများဖြင့်စနစ်တကျ အပင်းသပ်ခံထား ရသော အချက်အလက်များကိုတင်ပြလိုပါသည်။ ယခုပိုစ့်တွင်အသေးစိပ်တင်ပြလိုသော်လည်း သီးခြားခေါင်း စဉ်ခွဲ၍တင်ပြလိုပါသည်။ မိမိထက်ပို၍နားလည်တတ်ကျွမ်းသောသူများမှလည်း ပိုစ့်များရေးသားစေလိုပါ သည် ။ ယင်းမှာ စေတီတော်အရပ် ( ၈) မျက်နှာရှိဂြိုလ်ခွင်များ ၊ ဘိုးတော်ရုပ်များ ၊ နတ်ကွန်းများ နှင့် အခြားသော ထေရ၀ါဒဗုဒ္ဓဘာသာ စေတီများ နှင့်အနည်းငယ်မျှသက်ဆိုင်ခြင်းမရှိသော ကိုးကွယ်ယုံကြည်မှု များမှာ ထေရ၀ါဒစေတီများပေါ်တွင် တရားဝင် ဗီဇာ ဖြင့်မတော်တရော်နေရာယူထားမှုများဖြစ်ပါသည်။



အင်ဂျင်နီယာ ဖိုရမ်မှ phyo ရေးသော ပို့စ် အားဆောင်းပါးအဖြစ်ပြန်လည်တင်ပြပါသည်။
read more

Sunday, August 26, 2012

တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကိုသတ်ပေမယ့် နှစ်ဖက်လုံးသေပါတယ်


အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တယ်ဆိုတာကတော့ အရပ်ထဲမှာ ပြောနေကျအတိုင်းပဲပေါ့။ ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပါပဲ။



ဘယ်သူသေသေ ငတေမာပြီးရော။ ကိုယ်အဆင်ပြေရင်ပြီးရော၊ ကိုယ်ချမ်းသာရင်ပြီးရော၊ ကိုယ်ပြည့်စုံ ရင်ပြီးရော။ သူများတွေဘာဖြစ်ဖြစ်။ ကိုယ့်ရဲ့အကျိုးစီးပွားပြည့်စုံဖို့အတွက် သူတစ်ပါး စိတ်ဆင်းရဲရင် ဆင်းရဲပါစေ။ မျက်ရည်ပေါက်ကြီးငယ်ကျရင် ကျပါစေ။ မျက်ရည်ပေါက်ကြီးငယ်ကျရုံမကလို့ သေရင်သေ ပါစေ။ ကိုယ်နဲ့ ဘာမှမဆိုင်ဘူး။ ကိုယ်အဆင်ပြေရင်ပြီးရော။ အဲဒီလို ကိုယ့်ရဲ့အကျိုးစီးပွားအတွက် သူတစ်ပါးအကျိုးစီးပွား ထိခိုက်နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် လုပ်တဲ့ပုဂ္ဂိုလ်ဟာ အကျိုးစီးပွားတစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ်။ အဲဒီပုဂ္ဂိုလ်မျိုးဟာလည်း အသေလှတဲ့သူ မဖြစ်နိုင်ပါဘူး။



ကိုယ်အဆင်ပြေရင်ပြီးရော၊ ကိုယ်ချမ်းသာရင်ပြီးရောဆိုတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်မှာ ကိလေသာတွေပဲ လွှမ်းမိုးနေမှာပဲ။ ဘာကိလေသာ အများဆုံးလွှမ်းမိုးမလဲ။ လောဘကိလေသာပေါ့။ ၀ိသမလောဘပေါ့။ မမျှတတဲ့လောဘပေါ့။ မတရားတဲ့ လောဘပေါ့။ လွန်ကဲတဲ့လောဘပေါ့။ လောဘကိလေသာ အမြဲတမ်း လွှမ်းမိုးနေတာ။ ဘယ်သူ့ဆီကဘာရမလဲ။ ဘယ်သူ့ဆီက ဘာခံစားရမလဲ။ ဒါပဲ အမြဲတမ်းစဉ်းစားနေမှာပဲ။ ဘယ်သူနဲ့ တွေ့လိုက်တွေ့လိုက် ကိုယ်ရဖို့၊ ဘာအဖြစ်အပျက်နဲ့ ကြုံလိုက်ကြုံလိုက် ကိုယ်ကောင်းဖို့၊ ဒါပဲ သူအမြဲတမ်းစဉ်းစားနေမှာပဲ။ ကိုယ်ရဖို့၊ ကိုယ်ကောင်းဖို့ဆိုတာပဲ အမြဲတမ်းစဉ်းစားနေတော့ ကိုယ်ရဖို့၊ ကိုယ်ကောင်းဖို့အတွက်ဆိုရင် ဘာအကုသိုလ်မဆိုလုပ်ရဲတယ်။ ကိုယ့်လုပ်ရပ်ကြောင့် ဘယ်သူတွေ ဘယ်လိုပဲ ဒုက္ခရောက်ရောက် ဂရုမစိုက်ဘူး။



ဦးဇင်းတို့ ၂၀၀၃ ခုနှစ်၊ ၀ါတွင်းတုန်းက သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ပါရာဂွေးနိုင်ငံမှာ ကုန်တိုက်ကြီးတစ်ခု မီးလောင်တော့ ကုန်တိုက်ပိုင်ရှင်က ကုန်တိုက်ရဲ့ အပြင်ထွက်တဲ့ ထွက်ပေါက်ခြောက်ပေါက်ကို အကုန်လုံးပိတ်ထားလိုက်တယ်။ ဈေးဝယ်နေတဲ့ပုဂ္ဂိုလ်တွေ ငွေမရှင်းဘဲ ထွက်သွားမှာစိုးလို့တဲ့။ ငွေမရှင်းဘဲ ထွက်သွားလို့မရအောင်ဆိုပြီးတော့ ကုန်တိုက်ရဲ့ ထွက်ပေါက်ကြီး အကြီးရော၊ အသေးရော အကုန်ပိတ်ပစ်လိုက်တယ်။ ကုန်တိုက်ရဲ့ထွက်ပေါက်မှန်သမျှ အကုန်ပိတ်ပစ်လိုက်တော့ လူပေါင်းများစွာ မီးလောင်ပြီးသေကြတာပေါ့။ လူပေါင်းနှစ်ရာကျော်သေသွားတယ် ထင်တယ်နော်။ ဘယ်လောက်တစ်ကိုယ်ကောင်းဆန်ထားလဲ။ ဘယ်လောက် အသိဥာဏ်မဲ့ထားလဲ။



တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် တစ်ကိုယ်ကောင်းဆန်တဲ့ လောဘတရား လွှမ်းမိုးလာပြီဆိုရင် မလုပ်သင့်ဆိုတာ ဘာမှမသိတော့ဘူး။ ဈေးဝယ်သူတွေ မီးလောင်သွားတော့ရော သူတို့ဆီက ပိုက်ဆံရပါဦးမလား။ မရတော့ဘူး။ ဈေးဝယ်တဲ့လူတွေလည်းသေတဲ့အပြင် ကုန်တိုက်က ပစ္စည်းဥစ္စာတွေလည်း ဆုံးရှုံးသွားတာပဲ။ အပေါက်တွေ ပိတ်ထားတော့ အပြင်က မီးသတ်မယ့်ပုဂ္ဂိုလ်တွေလည်း ၀င်ပြီးတော့ မီးသတ်လို့ မရတော့ဘူးလေ။ ဒီတော့ ကိုယ့်ကုန်တိုက်က ပစ္စည်းဥစ္စာတွေလည်း မီးလောင်ဆုံးရှုံးကုန်တာပေါ့။ အပေါက်တွေ ပိတ်ထားလည်း ပိုက်ဆံပြန်မရ။ ဖွင့်ထားလည်း ပိုက်ဆံပြန်မရမယ့်အတူတူ ဖွင့်ထားရင် လူတွေ မသေတော့ဘူးပေါ့။ မီးသတ်သမားတွေ အထဲဝင်ငြိမ်းသတ်နိုင်တဲ့အတွက် ကိုယ့်ပစ္စည်းတွေလည်း ဒီလောက်ကြီး မဆုံးရှုံးတော့ဘူးပေါ့။ တစ်ကိုယ်ကောင်းဆန်တဲ့ လောဘက လွှမ်းမိုးနေတော့ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ်ရော၊ သူတစ်ပါးရော၊ နှစ်ဦးနှစ်ဖက်လုံး ဘာမှ အကျိုးမရှိဘူးဆိုတာ လုံးဝမသိတော့ဘူးလေ။



တစ်ကိုယ်ကောင်းဆန်တဲ့အတွက် သူတစ်ပါးအကျိုးကိုလည်း ပျက်စီးအောင် လုပ်ရာရောက်သွားတယ်။ ကိုယ့်အကျိုးကိုလည်း ပျက်စီးအောင်လုပ်ရာရောက်သွားတယ်။ တစ်ကိုယ်ကောင်းဆန်ပြီဟေ့ဆိုရင် လုပ်သင့်မလုပ်သင့်၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ဘာမှ နားမလည်တော့ဘူး။ သူတို့လည်းပဲ တရားစွဲမခံရဘူးလား။ လူသတ်မှု၊ လူသေမှုနဲ့ တရားစွဲခံရတာပေါ့။ ကိုယ့်အကျိုးလည်း ပျက်စီးသွားတာပဲ။ ဈေးဝယ်သူတွေလည်း ဒုက္ခရောက်၊ ကိုယ်လည်း ဒုက္ခရောက်၊ နှစ်ဦးနှစ်ဖက်လုံးဒုက္ခရောက်ပါတယ်။



“ တစ်ဖက်သတ် ” ဆိုတာ တစ်ဖက်ကို သတ်လိုက်တာ၊ ဒါပေမဲ့ တစ်ဖက်လည်းသေ၊ ကိုယ်လည်းသေ၊ နှစ်ဖက်လုံးသေတယ်။ ကိုယ့်ရဲ့ တစ်ဖက်သတ်လုပ်ရပ်ကြောင့် တစ်ဖက်လည်း ဒုက္ခရောက်တယ် ကိုယ်လည်း ဒုက္ခရောက်တယ်။ တစ်ဖက်လည်း ပျက်စီးဆုံးရှုံးတယ်။ ကိုယ်လည်းပျက်စီးဆုံးရှုံးတယ်။ တစ်ဖက်လည်း အကျိုးမရှိဘူး။ ကိုယ်လည်း အကျိုးမရှိဘူး။
                                                                                                              


ကိုယ်လည်း အကျိုးမရှိဘူးဆိုတာက အခုလို ပျက်စီးဆုံးရှုံးတဲ့ကိစ္စမျိုးမှာတော့ သိသာထင်ရှားတာပေါ့လေ။ ပုံမှန်အခြေအနေမျိုးတွေမှာတော့ ကိုယ့်အတွက် အကျိုးရှိသလို ဖြစ်နေတယ်။ ရှိသင့်သလောက်လည်းရှိတယ်။ ဒါပေမဲ့ ခိုင်မာတဲ့အကျိုး၊ ရေရှည်တဲ့အကျိုးမဟုတ်ဘူး။ ကံကောင်းလွန်းလို့ ဒီတစ်ဘ၀အကျိုးရှိလည်း နောင်ဘ၀တွေမှာတော့ အကျိုးမရှိနိုင်ဘူး။ အကုသိုလ်ရဲ့ အကျိုးဆင်းရဲဒုက္ခခံရမှာပဲ။ အကုသိုလ်အကျိုးခံရတာဟာ ကိုယ့်ဘက်ကသေတာပဲပေါ့။ နှစ်ဖက်သေတယ်ဆိုတာ အဲဒါပြောတာ။ အဲဒီအထိ ရည်ရွယ်ပြီးပြောတာ။ တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ်ဟာ ကိုယ်ကောင်းစားဖို့၊ ကိုယ်အဆင်ပြေဖို့ဆိုရင် အကုသိုလ်မှန်သမျှ ဘာမဆိုပြုရဲတယ်။ ဒုစရိုက်မှန်သမျှ ဘာမဆို ကျူးလွန်ရဲတယ်။



သူများအသတ်သတ်မှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် သတ်ဖို့ လုံး၀၀န်မလေးဘူး၊ သတ်ရဲတယ်။ သူများပစ္စည်းခိုးမှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် ခိုးဖို့ လုံး၀၀န်မလေးဘူး။ ခိုးရဲတယ်။ လိမ်မှ ညာမှ ကိုယ့်ဘ၀အဆင်ပြေမယ်ဆိုရင် လိမ်ဖို့ ညာဖို့ လုံး၀၀န်မလေးဘူး လိမ်ရဲ ညာရဲပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် မလုပ်ရဲတဲ့ မကောင်းမှု၊ မပြုရဲ တဲ့ ဒုစရိုက်ဆိုတာ ရှိကိုမရှိတော့ဘူး။ ပြီးတော့ စိတ်အစဉ်မှာ ဘယ်သူ့ဆီက ဘာရမလဲဆိုတာ စဉ်းစားနေတဲ့စိတ်က အမြဲတမ်း လွှမ်းမိုးနေတဲ့အတွက်ကြောင့် ပစ္စုပ္ပန်အသက်ရှင်စဉ်မှာလည်း စိတ်အေးချမ်းမှုဆိုတာ မရှိပါဘူး။ မအေးချမ်းတဲ့စိတ်နဲ့သေမယ်ဆိုရင် အပါယ်လေးဘုံပဲရောက်မှာပေါ့။ ကိလေသာဖြစ်ရုံလေးတွင်မကဘူး၊ အကုသိုလ်တွေကလည်း ကျူးလွန်သေးတာဆိုတော့ သေခါနီးမှာ ဒီအကုသိုလ်အာရုံတွေထင်လာပြီးတော့ အပါယ်လေးဘုံ ရောက်ပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ပုဂ္ဂိုလ် အပါယ်လေးဘုံရောက်မယ်ဆိုတာ အထူးပြောစရာတောင်မလိုဘူး။ အကုသိုလ်အလုပ်ကို သတိရဖို့ အခွင့်အလမ်းပိုများနေလို့။



ကံကောင်းထောက်မလို့ လူပြန်ဖြစ်လာမယ်ဆိုရင်လည်း တစ်ကိုယ်ကောင်းဆန်တဲ့မိဘမျိုး၊ တစ်ကိုယ်ကောင်းဆန်တဲ့ ဆရာသမားမျိုး၊ တစ်ကိုယ်ကောင်းဆန်တဲ့ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းမျိုးနဲ့ပဲ တွေ့ကြုံရမှာပဲ။ ကိုယ်က တစ်ကိုယ်ကောင်းဆန်ခဲ့တာကိုး။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှု၊ တစ်ဖက်သတ်လုပ်မှုကြောင့် အပါယ်လေးဘုံရောက်ရတာ။ တစ်ကိုယ်ကောင်းဆန်သူရဲ့ ၀န်းကျင်မှာ လူဖြစ်ရတာ၊ ပစ္စုပ္ပန်မှာလည်း ကိုယ်ဖြစ်ချင်သလိုဖြစ်မလာလို့ စိတ်ညစ်ရတာ၊ စိတ်ဆင်းရဲရတာတွေဟာ ကိုယ့်ဘက်က သေတာတွေပါပဲ။ တစ်ဖက်သတ်ဆိုပေမယ့် နှစ်ဖက်သေပါတယ်။



တစ်ကိုယ်ကောင်းဆန်တဲ့သူဟာ ကိုယ့်အတွက်ပဲ ကိုယ်စဉ်းစားတဲ့အတွက် ကိုယ်နဲ့ပတ်သက်သူကြောင့် ကိုယ့်အကျိုးထိခိုက်လာမယ်ဆိုရင် ကိုယ်နဲ့ပတ်သက်သူ တစ်ဖက်ရဲ့ အလုပ်တွေကို ၀င်ရောက်စွပ်ဖက်ပြီး မလုပ်ဖြစ်အောင် ပိတ်ပင်ဟန့်တားတတ်တယ်။ တစ်ဖက်ကို သတ်လိုက်တာပဲ။ တစ်ဖက်ရဲ့ အလုပ်က လူပေါင်းများစွာ အကျိုးရှိမယ့်အလုပ်ဖြစ်နေရင် လူပေါင်းများစွာရဲ့အကျိုးပါ ဖျက်ဆီးပစ်လိုက်တာပဲ။ ကိုယ်ဘက်သေတာ၊ မသေတာထက် တစ်ဖက်မသေဖို့က ပိုအရေးကြီးတယ်။ တစ်ဖက်ကို သတ်တဲ့ တစ်ဖက်သတ်လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။




အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)



နှစ်သက်မိသော အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ အသေလှတဲ့သူစာအုပ် မှစာစုလေးများအား ပြန်လည်ရေး သားဖော်ပြပါသည်ခင်ဗျာ။ သူငယ်ချင်း ညီအကို၊ မောင်နှမ များအားလုံးဘ၀ အမောတွေ ပြေ ကြပါစေခင်ဗျာ။


ရာဇာထွေး


read more

Saturday, August 25, 2012

ဆိုက်များ Submit ပြုလုပ်ရန်


မိမိရဲ့Site များ၊ ဘလော့များကို Search Engine မှာလွယ်လွယ်ကူကူ ရှာရတာအဆင်ပြေအောင် ပုံမှန်ဒီနေ ရာလေး ၂ခု မှာမိမိရဲ့Site နဲ့ ဘလော့တွေကို Summit လုပ်ပေးနိုင်ပါတယ် ခင်ဗျာ။


၁။ Submit Start (ပုံလေးကိုကလစ်ပြီး Summit လုပ်ပေးပါ)




၂။ Seoscores (ပုံလေးကိုကလစ်ပြီး Summit လုပ်ပေးပါ)









read more

Friday, August 24, 2012

ဝဋ္ဋ်ဆိုတာ လည်တတ်ပါတယ်


ကောင်းမှုပြုလုပ်ရင် ကောင်းကျိုးခံစားရပြီး မကောင်းမှုပြုရင် မကောင်းကျိုးကို ခံစားရပါတယ်။ ကိလေသာ ကင်းစင်ပြီး နိဗ္ဗာန်သို့ မရောက်မချင်း ကိုယ်ပြုသမျှ ကောင်းမှု မကောင်းမှုများ၏ အကျိုးကို သံသရာတွင် ကျင်လည်နေသမျှ ကာလပတ်လုံး ခံစားရမှာဖြစ်ပါတယ်။ ဘုရားရဟန္တာတို့တောင်မှ ရှောင်လွဲ လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင် နောက်ဆုံးဘ၀တွင် ပေးဆပ်တော်မူခဲ့ရသော ၀ဋ္ဋ်တော်(၁၂)ပါးကို ဖော်ပြ လိုက်ပါတယ်။



(၁) ဒုက္ခရစရိယာ ခြောက်နှစ်ကျင့်ရခြင်း။

ကဿပဘုရားရှင်လက်ထက် ဇောတိပါလပုဏ္ဏားဖြစ်စဉ် ဘုရားဖြစ်မည်ဆိုလျှင်ခြောက်လမဟုတ်ခြောက်နှစ် ဒုက္ခရစရိယာကျင့်ပါမည်ဆိုသော ၀စီပါတ်တော်။


(၂) စိဉ္စမာဏ ကိုယ်ဝန်နှင့်တကွ စွပ်စွဲခြင်းခံရခြင်း။

ရှေးအခါက သေသောက်ကြူးဖြစ်စဉ် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ဆွမ်းရပ်တော်မူရာ အကျင့်ယုတ် ဟုပြော မိခြင်း ၀ိပါတ်တော်။


(၃)သုန္ဒရီပရိဗိုဇ်မ၏ အစွပ်စွဲခံရခြင်း။

ရှေးအခါက မုနာဠိအမည်နှင့် လူဖြစ်စဉ် ပစ္စေကဗုဒ္ဓါအား အကျင့်ယုတ်ဟု စွပ်စွဲခဲ့ခြင်း ၀ိပါတ်တော်။


(၄)သုန္ဒရီသေရာတွင် တိတ္တိသတင်းလွင့်၍ လူအများယုံမှားခံရခြင်း။

အလောင်းတော်ရသေ့ဖြစ်စဉ် ဈာန်ပျံရသေ့ တစ်ဦးအား ငြူစူခဲ့ဖူးသော ဣသာဝိပါတ်တော်။


(၅) ဒေ၀ဒတ်၏ ကျောက်တုံးလှိမ့်ချခြင်းကို ခံရခြင်း။

သူကြွယ်မျိုးဖြစ်စဉ်ညီကို လှည့်ဖြားခေါ်သွား၍ ကျောက်လွှာဖြင့် ဖိညှပ်ထုသတ်ခဲ့မိသော ၀ိပါတ်တော်။


(၆)ကျောက်လွှာထိခြင်းကြောင့် ခြေမတော်တွင် သွေးစိမ်းတည်ရခြင်း။

ရှေးက သူငယ်ဖြစ်စဉ် ပစ္စေက ဗုဒ္ဓါတစ်ပါးအား ခဲဖြင့်ပစ်ရာ ခြေတွင် သွေးယိုခဲ့ဖူးသော ၀ိပါတ်တော်။


(၇)ဆွမ်းခံကြွတော်မူရာ ဒေ၀ဒတ်တို့၏ အစီရင်ဖြင့် နာဠာဂီရီဆင်နှင့်တွေ့ခြင်း။

ရှေးအခါက ဆင်ထိန်းဖြစ်စဉ်ရှင် ပစ္စေကဗုဒ္ဓတစ်ပါးအား ဒေါသဖြင့်ဆင်နှင့်လိုက်၍တိုက်ခဲ့သော ၀ိပါတ်တော်။


(၈) ခြေမတော်တွင် ကျောက်လွှာကြောင့် အနာတည်ရာဇီဝက ဓားနှင့်ခွဲခြင်း။

ပဒေသရာဇ်မင်းဖြစ်စဉ် မူးယစ်သောက်စားလူအရှင်လတ်လတ်ကို ဓားဖြင့်ထိုးဖြတ်ခြင်းပြုခဲ့သော ၀ိ ပါတ်တော်။


(၉)ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း။

ရှေးအခါက တံငါဖြစ်စဉ် ငါးဦးခေါင်းကို ထုရိုက်ရာတွင် ၀မ်းမြောက်ခဲ့ဖူးသော ၀ိပါတ်တော်။


(၁၀)မာရ်နှိုးဆော်၍ ဝေရဉ္စာတိုင်းသားတို့၏ ကပ်လှူသောမုယောဆွမ်းကို စားတော်မူရခြင်း။

မထင်မရှားသောအမျိုးသားဖြစ်စဉ် ရဟန်းတော်များ ဆွမ်းစားနေသည်ကို ဆွမ်းကြမ်းစားဟု ပြစ်မှား ပြောဆို ခဲ့ဖူးသော ၀ိပါတ်တော်။


(၁၁)ခါးတော်ကိုက်ခဲသော ဝေဒနာခံစားရခြင်း။

ရှေးသောအခါ လက်ဝှေ့သမားဖြစ်စဉ် နိုင်လျှင် ခါးရိုးကို မြေနှင့် ကိုင်ရိုက်ခဲ့ဖူးသော ၀ိပါတ်တော်။


(၁၂)ဆန္ဒန်ဆယ်စီးအားကြီးတော်မူငြားသော်လည်း ၀မ်းတော်သွန်၍ အလွန်အားနွဲတော်မူရခြင်း။

ဆေးဆရာဖြစ်စဉ် သူဌေးသားတစ်ယောက်အား ကုစားရာအခမပေးလို၍ မသက်သာသေးဟု လိမ်လည်ပြော ဆိုရာတွင် ၀မ်းလားဆေးကို တိုက်ကျွေးခဲ့ဖူးသောဝိပါတ်တော်။




ဤ၀ိပါတ်တော်များကိုဖော်ပြရခြင်းကတော့ မြတ်စွာဘုရားရှင်တောင်မှအလောင်းတော်ဘ၀ကပြုလုပ်ခဲ့သော အသေးအမွှားကိစ္စလေးများကို ပရိနိဗ္ဗာန်မပြုမီ နောက်ဆုံးဘ၀အထိ ပြန်လည်ပေးဆပ် ရခြင်းကိုလူတိုင်းကို သိစေချင်၍ဖြစ်ပါတယ်။ ဘယ်အရာမဆိုပေါ့ပေါ့တန်တန်နဲ့ အသေးအမွှားလေးပါလို့ သဘောထားပြီး အပျော် အပျက်အနေနဲ့ ပြောလိုက်ပေမယ့် အဲဒီအသေးအမွှားလေးတွေကလည်း တနေ့မှာ ပြန်လည်ပေးဆပ်ရမည် မှာ မလွဲဧကန်ဖြစ်ပါတယ်။ နောင်သံသရာကို ထားလိုက်ပါအုံး။ ယခု လက်ရှိ ဘ၀မှာတောင် ကိုယ်ကတော့ အပျော်အပျက်အနေနဲ့ ပြောလိုက်သော စကားကြောင့်သူတစ် ပါး ထိခိုက်နစ်နစ်သွားရင် အဲဒီသူအတွက် ဘယ်လောက်နစ်နာသွားမလဲ။ ဒါကြောင့်ဘာကိုမဆို မလုပ်ခင်ကတည်းက သူကငါ့ကို ပြောလိုက်ရင် ငါဘယ် လိုခံစားရမလဲဆိုတာကို တွေးတောဆင်ခြင် သုံးသပ်နိုင်ကြပါစေ။


တောသားလေး
(အနှိုင်းမဲ့စာတိုပေစများ)
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: