Wednesday, January 1, 2014

နှစ်သစ်ကူးဆုတောင်း


အချိန်ဆိုတဲ့နာရီတွေကို နေ့ရက်တွေက စား၊ နေ့ရက်ဆိုတာတွေကို လတွေက စားရင်းနဲ့ တစ်နှစ်တာဆိုတဲ့ အချိန်ကာလတစ် ခုကို ကျွန်တော်တို့အားလုံးဖြတ်ကျော်လို့ လာခဲ့ပြန်ပါပြီ။ ၂၀၁၃ ဆိုတဲ့သက္ကရာဇ်ဟောင်းတစ်ခုကို နောက်မှာချန်ရစ်ထားခဲ့ လို့ ပျော်ရွှင်ဖွယ်ရာအောင်မြင်မှု အနာဂတ်မျှော်လင့်ချက်တွေနဲ့အတူ မင်္ဂလာရှိလှတဲ့ “သက္ကရာဇ် ၂၀၁၄ ခုနှစ်” ကိုလည်း ဆက် လက်ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


“အချိန်နဲ့ဒီရေ လူကိုမစောင့်” ဆိုသလိုတစ်နှစ်ဆိုတဲ့ အချိန်ကာလလေးကလည်း ကျွန်တော့်အဖို့တော့ အကုန်မြန်သလိုပါ ဘဲ။ မနှစ်ကဒီလိုနှစ်သစ်ကူးအချိန် မိသားစုနဲ့အတူရှိနေခဲ့တာကို ကျွန်တော့်အဖို့ဒီနေ့အထိ မနေ့တစ်နေ့ကလိုဘဲလို့ စိတ်ထဲမှာခံ စားမိပါတယ်။ ဘာမှမကြာလိုက်သလိုထင်ရပေမယ့် သေချာတာကတော့ အချိန်အားဖြင့်တစ်နှစ်ကြာသွားခဲ့ပါပြီ။ ဒီလိုနဲ့ဘဲ မ သိလိုက်မသိဖာသာ ကျွန်တော်တို့ရဲ့အသက်တွေကလည်း တစ်နှစ်ထက်တစ်နှစ်ပိုလို့ ကြီးသွားသလို ကိုယ့်ဘ၀ရဲ့နေ၀င် ချိန်ဟာလည်း တဖြည်းဖြည်းနီးကပ်လို့လာပါပြီ။


ဘယ်အရာမှတည်မြဲခြင်းမရှိတဲ့ လောကနိယာမတရားကို ဘယ်သူမှလွန်ဆန်လို့လည်း မရပါဘူး။ ပြီးခဲ့တဲ့သက္ကရာဇ် ၂၀၁၃ ခုနှစ်ကို ပျော်ရွှင်စွာကြိုဆိုခဲ့ကြတဲ့ မိတ်ဆွေသူငယ်ချင်းတစ်ချို့ ယခုသက္ကရာဇ် ၂၀၁၄ ခုနှစ်မှာ မရှိကြတော့ပါဘူး။ သေ ချာတွေးကြည့်ရင် သံဝေဂရစရာပါ။ အရွယ်အားဖြင့် ၂၈- ၄၀ ၀န်းကျင်တွေမို့ အရွယ်ကောင်းတွေပါ။ သို့သော်သေခြင်းတရား က ဆင်းရဲချမ်းသာ၊ ကြီးငယ်မရွေးပါဘူး။ ကိုယ့်အလှည့်ဘယ်တော့လည်းဆိုတာ ဘယ်သူမှကြိုပြီးမသိထားကြပေမယ့် အချိန် မရွေးရောက်လာနိုင်တယ် ဆိုတာကတော့ သေချာပါတယ်။




အင်မတန်မှရခဲလှပြီး တိုတောင်းလှတဲ့ လူဘ၀တာအချိန်တိုတိုလေးထဲကို ခဏတာရောက်လာခဲ့ကြတဲ့ သူတွေအချင်း ချင်း လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေမထားကြဘဲ တစ်ယောက်အပေါ်တစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင် နာ နာနဲ့ ဖေးမကူညီလို့ မေတ္တာတရားလက်ကိုင် ထားစေချင်ပါတယ်။ အတ္တနဲ့ အမုန်းတွေကိုခ၀ါချလို့ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် မှာ သာယာချမ်းမြေ့ပြီးပျော်ရွှင်စရာကောင်းတဲ့ မိမိတို့ရဲ့ဘ၀တွေကို အဓိပ္ပာယ်ရှိရှိဖြတ်သန်း ကုန်လွန်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။


နှစ်ဟောင်းကအဆင်မပြေမှုတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ပင်ပန်းနွယ်နယ်မှုတွေ၊ စိတ်သောကတွေ အားလုံးကိုပြီးခဲ့ အတိတ် မှာချန်ရစ်ထားခဲ့လို့ ပျော်ရွှင်စရာနှစ်သစ်နဲ့အတူ “သက္ကရာဇ် ၂၀၁၄ ခုနှစ်” မှာ မိတ်ဆွေ သူငယ်ချင်း ညီအကိုမောင်နှမ များ အားလုံး အစစအရာရာ အဆင်ပြေအောင်မြင်နိုင်ကြပါစေ၊ ကြံတိုင်းအောင်လို့ ဆောင်တိုင်းလည်းမြောက် ကြပါစေ၊ လိုအင် ဆန္ဒတွေလည်း ပြည်စုံနိုင်ကြပါစေ၊ ထာဝရကံကောင်းခြင်းတွေနဲ့အတူ ပျော်ရွင်ချမ်းမြေ့နိုင်ကြပါစေ၊ ကျွန်တော်တို့လို အကြောင်း အမျိုးမျိုးကြောင့် မိသားစုဆိုတဲ့နွေးထွေးတဲ့ အသိုက်အမြုံနဲ့ဝေးနေကြတဲ့ သူတွေအားလုံးလည်း အမြန်ဆုံး “ပြန်လည်ဆုံဆည်းနိုင်ကြပါစေ” လို့ နှစ်သစ်ကူးမှာ မင်္ဂလာဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ မိတ်ဆွေသူငယ် ချင်း၊ ညီအကိုမောင်နှမများ အားလုံးပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀အမောတွေပြေကြပါစေခင်ဗျာ။   




ရာဇာထွေး
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: