Friday, October 3, 2014

ငါလူသားပီသပြီလား



“မနုဿတ္တဘာဝေါ ဒုလ္လဘော” ဟူသည်နှင့်အညီ လူ့ဘ၀သည် အလွန်ပင်ရခဲလှ၏။ လူ့ဘ၀ရခဲလှပုံကို ဤကဲ့သို့ ပမာပုံနှိုင်းဆို ကြ၏။ “ဗြဟ္မာ့ပြည်က အပ် တစ်စင်း၊ လူ့ပြည်က အပ်တစ်စင်း၊ အပ်သွားခြင်းသာ ထိဖွယ်ရာ၊ ပမာပုံလို့ခင်း” ဟူ၏။ ဆိုလိုရင်း မှာ ဗြဟ္မာ့ပြည်မှချလိုက်သော အပ်နှင့် လူ့ပြည်ကထောင်ထားသော အပ်တို့သည် အချင်းချင်း ထိပ်တိုက်တွေ့ဆုံဖွယ်ရာသာ ရှိပြီး လူသားဘ၀ဖြစ်ဖို့ရာ အင်မတန်မှခက်ခဲလှသည်ကို ဆိုခြင်းဖြစ်၏။ လူသားဘ၀ဖြစ်ဖို့ရာ ခက်ခဲသလို ရလာသောလူ့ဘ၀ သည်လည်း အင်မတန်မှ တိုတောင်းလှ၏။ ထို တိုတောင်းလှသော ဤလူ့ဘ၀တိုတိုလေးတွင် ကျွန်တော်တို့အားလုံး လူသားပီ သ(လူသားဆန်)စွာ ကျင့်ကြံနေထိုင်သင့်ပေသည်။



“ကိစ္စများမြောင် လူတို့ဘောင်” ဟု ဆို၏။ ထို့ကြောင့် လူ့ဘ၀ကိုရလာသည်နှင့် လုပ်ဆောင်စရာ အမှုကိစ္စတွေလည်း အတော် ပင်များလှပေ၏။ ကိုယ့်ဘ၀ရှင်သန် ရပ်တည်ရေးအတွက် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေဖြင့် ငါမှငါဆိုတဲ့ အတ္တတွေ ကိုရှေ့တန်း မတင်သင့်ပေ။ ဤသက်ရှိ လောကကြီးတွင် ၀မ်းရေးသည် အရေးကြီး၏။ “အူမတောင့်မှ သီလစောင့်” ဟူသော စကားပုံသည် ၀မ်းရေးပြည့်စုံမှ ကိုယ်ကျင့်တရားကောင်းနိုင်မည် ဟုဆိုလိုဟန်တူ၏။ သို့သော် မိမိတို့၏ မဆုံးနိုင်သေးသော သံသရာကို ရည်မျှော်၍ “သီလစောင့်မှ အူမတောင့်မည်” ဟူသော ယုံကြည်ချက်ဖြင့် ဘ၀၏တိုးတက်ရာ တိုးတက်ကြောင်း အ ကျိုးပေးများရှာရာတွင် သမ္မာအာဇီဝ ကျစွာဖြင့်ရှာဖွေသင့်ပေသည်။ ထို့အပြင် လူဟူသည်ကား မိမိတစ်ဦးတည်း၊ တစ်ယောက် တည်းနေလို့မဖြစ်ပဲ ပတ်ဝန်းကျင်နှင့်နေရသူဖြစ်လေရာ မိမိနှင့် ပတ်ဝန်းကျင်၏ ဆက်ဆံရေးသည်လည်း အလွန်အရေးကြီး လှပေ၏။



မိမိ၏ပတ်ဝန်းကျင်တွင် မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အတူ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ခြင်း မရှိသောလူပုဂ္ဂိုလ်များ လည်း အရောင်မျိုးစုံဖြင့် ရှိနေကြပေမည်။ မိမိသည် လူသားပီသစွာ ငြိမ်းချမ်းသောနည်းဖြင့် ပတ်ဝန်းကျင်ကို မဆက်ဆံလျှင် ထိုပတ်ဝန်းကျင်သည်လည်း လူသားဆန်စွာ ငြိမ်းချမ်းသောနည်းဖြင့် မိမိကိုပြန်လည် တုန့်ပြန်လာမည် မဟုတ်ပေ။ လောကနိ ယာမသဘောအရ အရာရာတိုင်းတွင် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာ အမြဲတမ်းရှိနေပြီး မိမိကဘာမှမပေးပဲ ဘယ်အရာ မှ ပြန်ရလာလိမ့်မည် မဟုတ်ပေ။ မိမိ၏ပတ်ဝန်းကျင်နှင့် လူ့အသိုင်းအ၀ိုင်းကြားတွင် မိမိ၏အတ္တကြောင့် တစ်ပါးသူအတွက် ထိခိုက်နစ်နာမှုများ မဖြစ်ရလေအောင် ကြိုးစားအားထုတ်ရင်းဖြင့် မိမိနှင့် ပတ်ဝန်းကျင်ကို ငြိမ်းချမ်းသာယာအောင် အရင်ဆုံး တည်ဆောက်သင့်ပေသည်။



လူဟူသည်ကား အတ္တနှင့် မကင်းနိုင်ပေ။ သို့သော် နည်းအောင်ကား ပြုကျင့်နိုင်၏။ အရာရာတိုင်းတွင် “မေတ္တာတရား” လက် ကိုင်ထားကာ “ကိုယ်ချင်းစာနာစိတ်”မွေးနိုင်လျှင်ပင် ငါဆိုသောအတ္တသည် လျော့နည်းလာမည်ဖြစ်ပြီး လူသားပီသ လာပါလိမ့် မည်။ လူသားပီသ လာသည်နှင့်အမျှ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေလည်း နည်းလာပေလိမ့်မည်။ လောဘ၊ ဒေါသ၊ မာန်မာနတွေ နည်းလာသည်နှင့် အမျှ မိမိ၏ဘ၀သည်လည်း သောကအပူကင်းကာ အေးချမ်းလာပေမည်။ ရရှိလာသောဘ၀ တိုတိုအချိန်လေးတွင် လူသားပီသစွာ ဖြတ်သန်းရင်း ငြိမ်းချမ်းစွာဖြင့်မိမိ၏ လူသားဘ၀ကို နိဂုံးချုပ်သင့်ပေသည်။ ရခဲလှသော လူ့ဘ၀ ကိုရရှိလာပြီးမှ လူသားမပီသ ပဲဘ၀နိဂုံးချုပ်ခဲ့သော် ကျွန်တော်တို့အားလုံး လူဖြစ်ရကျိုးနပ်မည် မဟုတ်ပေ။



လောကတွင် လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြသည်ဖြစ်ရာ မိမိ၏မေတ္တာ၊ ကရုဏာနှင့် ကိုယ်ချင်းစာတရား အပေါ်တွင် ခုတုံး လုပ်အမြတ်ထုတ်လိုသူများလည်း ရှိကြပေမည်။ ထိုသူများကြောင့် မိမိ၏ လူသားပီသမှုကို အပွန်းအပဲ့ခံရန်မထိုက်တန်ပေ။ “သဒိသံ ပါ ကံ ဇနေတိ” မိမိပြုသော ကံသည် တူသောအကျိုးကို ပေး၏။ ထိုကြောင့် စေတနာ၊ မေတ္တာသည် လူတိုင်းနှင့်တန် ၏။ ကိုယ်ပေးလိုက်တာနှင့် အချိုးညီညီ ပြန်ရတတ်ပေ၏။ စေတနာကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီး စေတနာမကောင်း လျှင် ကံလည်းကောင်းမည် မဟုတ်ပေ။ ကံကောင်းခြင်းဟူသည် အလုပ်ကောင်းခြင်းဖြစ်၏။ မိမိ၏ လူသားပီသပြီး ကောင်း မွန်သောပြုမူလုပ်ဆောင်မှုများသည် မိမိဘ၀အတွက် ကံကောင်းခြင်းများဖြစ်ပေလိမ့်မည်။ ဘယ်သူတရားပျက်ပျက် ကိုယ်တ ရားမပျက်ဖို့ လိုပေသည်။



ရတောင့်ရခဲ ရလာသော လူ့ဘ၀အချိန်တိုတိုလေးအတွင်းတွင် မိမိ၏ စိတ်သန္တာန်၌ ရှိသင့်ရှိထိုက်တဲ့ သူတော်ကောင်းတရား (၇)ပါးဖြစ်သော

 (၁) သဒ္ဓါ (ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်ခြင်း)

 (၂) ဟီရိ (မကောင်းမှုကို ရှက်ခြင်း)

 (၃) သြတ္တပ (မကောင်းမှုကို ကြောက်ခြင်း)

 (၄) ဗာဟုဿစ္စ (အကြားအမြင် များခြင်း)

 (၅) ၀ီရိယ (ထကြွလုံ့လ ရှိခြင်း)

 (၆) သတိ (တရား မမေ့ခြင်း)

 (၇) ပညာ (အသိဉာဏ် ရှိခြင်း) စသည့် သူတော်ကောင်းတရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်သင့်ပေသည်။ သို့မှသာ လူသားပီသပြီး လူဖြစ်ရကျိုးနပ်ပေမည်။ လူရယ်လို့ဖြစ်လာလျှင် လောကအတွက်သော်၎င်း၊ မိမိပတ်ဝန်းကျင်အတွက်သော် ၎င်း (သို့မဟုတ်) မိသားစုအတွက်သော်၎င်း တစ်နေရာရာအတွင် အသုံးတည့်သောသူသာဖြစ်ထိုက်ပေသည်။ ငါမှငါဆိုတဲ့ အတ္တတွေနှင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတရားတွေဖုန်းလွှမ်းနေသော လူပို တစ်ယောက်မဖြစ်ရလေအောင် ဂရုပြု သင့်ပေသည်။ ဘယ်နေရာရာ မှအသုံးမတည့်သော အတ္တသမားလူပိုများသည် လူ့လောကကြီးအတွက် “ဆန်ကုန်မြေလေး” များ သာဖြစ်ကြပေ၏။ ထိုသူများသည် အစ မမြင်နိုင်သော သံသရာရေလျဉ်ကြောဝယ် “ကယွတ်ကင်းလျှောက် သဖွယ်” သွား လာနေကြအုန်းပေမည်။



လူဟူသည် သူ့သဘောသူ ဆောင်၏။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားခြင်းလည်း မတိုက်ဆိုင်ပေ။ တစ်ခါတရံ တစ်ယောက်တည်း စိတ်နှစ်မျိုးဖြစ်နေ တတ်၏။ စိတ်သဘောထားခြင်း မတိုက်ဆိုင်၍သာ ရန်သူဟုသတ်မှတ်ပါလျှင် ဘယ်သူ မှ မိတ်ဆွေမဖြစ်နိုင်ပေ။ မိမိ၏ကိုယ်၌ အကောင်းမြင်စိတ်၊ သည်းခံစိတ်သာ မွေးနိုင်ဖို့လိုပေသည်။ အပြောလွယ်သလောက် အလုပ်ခက်ပေမယ့်လည်း မိမိ၏စိတ်သန္တာန်ကို ပြုပြင်ယူလို့ရပေသည်။ ဘယ်အရာမှမတည်မြဲသော ဤလောကကြီးတွင် အ ရာရာကိုဖက်တွယ် ဆုတ်ကိုင်ထားခြင်းသည် မိမိ၏ဘ၀ကို ပူလောင်စေ၏။ ထို့ကြောင့် လူသည် ကာယသုခ၊ စိတ္တသုခ ရချင်ရိုး မှန်ပါလျှင် မိမိ၏ ပတ်ဝန်းကျင်ငြိမ်းချမ်းဖို့ လိုပါသည်။



မိမိ၏ ပတ်ဝန်းကျင်သည် မငြိမ်းချမ်းပဲ ပူလောင်ဆူပွက်နေပါက မိမိသည်လည်း မည်သည့်နည်းနှင့်မျှ ကာယသုခ၊ စိတ္တ သုခ နှစ်ဖြာကို ရလိမ့်မည်မဟုတ်ပေ။ မိမိ၏ ပတ်ဝန်းကျင်ငြိမ်ချမ်းသာယာအောင် မိမိ၏စိတ်သန္တာန်ကို အရင်ဆုံးပြုပြင်ပြီး လူသားပီသ(လူသားဆန်)စွာ ပြုမူကျင့်ဆောင်ပါမှ ပတ်ဝန်းကျင်သည် မိမိကို ငြိမ်းချမ်းသောနည်းဖြင့် ပြန်လည်တုန့်ပြန် လာပေလိမ့် မည်။ မိမိ၏ ပတ်ဝန်းကျင်ငြိမ်းချမ်း ခြင်းကြောင့် မိမိသည်လည်း ကာယသုခ၊ စိတ္တသုခ နှစ်ဖြာကိုရရှိကာ ဘ၀တိုတိုမှာ လူဖြစ်ရ ကျိုးနပ်ပေလိမ့်မည်။ တစ်ပါးသူ အပေါ်တွင် အပြစ်ရှာနေမည့်အစား မိမိ ၏ကိုယ်ပေါ်မှ အပြစ် ကိုအရင်ရှာသင့်ပေ၏။ အရင်ပြု ပြင်သင့်ပေ၏။ မိမိကိုယ်ကို လူအဖြစ် မှတ်ကျောက်တင်နိုင်ခြင်းငှာ “ငါလူသားပီသပြီလား” ဆိုတဲ့အချက်ကို အမြဲမပျက် ပြန် လည်ဆင်ခြင် သုံးသပ်သင့်ပေသည်။



မိတ်ဆွေသူငယ်ချင်း၊ ညီအစ်ကို၊ မောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာ ဖြင့်ပြည့်စုံနိုင်ကြပါစေ။




ခင်မင်လေးစားစွာဖြင့်

ရာဇာထွေး





မှတ်ချက်။ ရးဖို့ အချိန်မမှီလိုက်သော အမဖြူ(စံပယ်ချို)ရဲ့ BPP-Challenge နှင့် အိမ်တံခါးလာခေါက်ပြီး BPP-Challenge လုပ်သွားသော တီတင့်(အန်တီတင့်) အတွက် ရိုသေလေးစားသောအားဖြင့် ဒီပို့စ်လေးအားဖျစ်ညှစ်ပြီး ရေးသားပါ၏။ ၀မ်းစာ ရှားသူပီပီ စာရေးဖို့လည်းတော်တော်ခက်၏။ တီတင့်၏ “ဘ၀တိုတို ထိုထိုလူသား” ပို့စ်လေးဖတ်ပြီး “ငါလူသားပီသပြီလား” ဆိုသော ပို့စ်လေးအား မိမိ၏အယူအဆများပေါ်တွင် အခြေခံပြီးရေးသားပါ၏။ “အမှားပါသော် ဉာဏ်တစ်ထွာ တစ်မိုက်ရယ် နဲ့ မောင်ရာဇာ ငမိုက်သား ကို….အို…. ဘလော့ဂါအပေါင်း သူတော်ကောင်းတို့ သည်းခံခွင့်လွှတ်ကြပါကုန်စေသတည်း။     
read more

Saturday, August 30, 2014

ဘလော့ဒေးအမှတ်တရ "ဘလော့ဂါဘ၀"


တဖြုတ်ဖြုတ်နဲ့အချိန်တွေကုန်မှန်းမသိ ကုန်လွန်သွားလိုက်တာတစ်နှစ်ဆိုတာဘာမှ မကြာလိုက်သလိုပါပဲ။ ဘလော့ဒေးအ မှတ်တရ ဘလော့ဂါဘ၀ Tag Post လေးတွေရေးဖို့ တီတင့်(Anuty Tint) ဖဘကနေနှိုးဆော်လိုက်မှပဲ ဘလော့ဒေးနီးပြီဆို တာသတိရမိပါတယ်။ မနှစ်ကအမဖြူ(စံပယ်ချို)ကြောင့် ဘလော့ဒေးတဂ်ပို့စ်လေး တစ်ခုရေးဖူးပါတယ်။ အခုဘလော့ဒေး ကိုပြန်ရောက်လာပြန်ပါပြီ။ တစ်နှစ်ဆိုတာဘာမှမကြာလိုက်သလို ဘလော့မှာလည်းဘာမှကိုမတင်နိုင်ခဲ့ပါဘူး။ ကိုယ့်ဘလော့ ထဲကိုခြေဦးမလှည့်မိတာလည်း တော်တော်ကြာပြီမို့ တီတင့်(Anuty Tint) ပြောသလိုဒီနေ့တော့အချိန်ပေးပြီး ဘလော့လေးကို ဖုန်ဝင်ခါလိုက်ပါမယ်။ နောက်မှဖုန်ပြန်တက်တာလည်း နောက်အပိုင်းပေါ့။


ဘလော့ဂါဘ၀ ဆိုတော့ခက်တော့ခက်သားလားခင်ဗျာ။ ဘာများခက်လို့လည်းဆိုတော့ ဘလော့ဂါစစ်စစ်တွေအတွက်တော့မ ခက်ဘူးပေါ့။ အဲ…..ဘလော့ဂါမဟုတ်တဲ့ ကျွန်တော်အတွက်တော့ ဘလော့ဂါဘ၀အကြောင်းရေးဖို့တော်တော် ခက်နေတာပါ။ အမှန်က ကျွန်တော်ဆိုတဲ့သကောင့်သားက တောင်မရောက်မြောက်မရောက်ရယ်ပါ။ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်နဲ့ နတ်ကရာကျေးမောနေတတ်တဲ့ လူစားမျိုးပါ။ တစ်ခုခုကိုဓါတ်ကျနေရင် ကျန်တဲ့အရာတွေကို အကုန်မေ့နေတတ်ပါတယ်။ စာရေးဖို့စိတ်ကူး ပေါက်လာရင်တော့ ဘလော့ထဲမှာလည်နေတတ်ပါတယ်။ စာရေးဖို့စိတ်ကူး ဆိုလို့အရမ်းလည်းအထင်မကြီး လိုက်ပါနဲ့အုန်း။ ဘလော့လည်ရင်း ကိုယ်နှစ်သက်တဲ့ပို့စ်လေးတွေကို ကော်ပီကူး၊ ကိုယ့်ဘလော့နဲ့ အဆင်ပြေအောင်စာပြန် စီပြီးပို့စ်တွေတင်တာလောက်သာလုပ်ဖြစ်တာပါ။ အဲဒီအဆင့်လောက်ကို စိတ်ကြီးဝင်ပြီး ကိုယ့်ကိုကိုယ်ဘလော့ဂါတစ်ယောက် ရယ်လို့မသက်မှတ်ပါဘူး။ ကျွန်တော်ဟာ ဘလော့ဂါတစ်ယောက်ပါလို့သက်မှတ်လိုက်ရင် တကယ်ဘလော့ရေးနေတဲ့ဘလော့ ဂါစစ်စစ်တွေကိုစော်ကားရာရောက်တယ်လို့ ကျွန်တော်ခံယူထားလို့ပါ။ တကယ်တော့ကျွန်တော်ဟာ ဘလော့ဂါတစ်ယောက် မဟုတ်တဲ့ ဘလော့ချာတစ်ယောက်ပါ။ ဘလော့ချာဆိုတော့ ချာတာတွေပဲရေးတာပေါ့။


တကယ်လို့ ဘလော့တွေသာ ပန်းချီကားတစ်ချပ်ဖြစ်တယ်ဆိုရင် ဘလော့ဂါတွေဟာပန်းချီဆရာတွေပါ။ ပန်းချီဆရာတွေဟာ သူတို့ရဲ့ပန်းချီကားချပ်ကို သူတို့ရင်ထဲကခံစားချက် အနုပညာတွေကိုပေါင်းစပ်ပြီး စုတ်တံနဲ့ပန်းချီကားချပ်ပေါ်မှာ ပုံဖော်ကြတာ ပါ။ အနီးအဝေး၊ အလင်းအမှောင်နဲ့ အရောင်တွေရဲ့သီအိုရီတွေကို အခြေခံအားဖြင့်နားလည်ခံစားတတ်မှ ပန်းချီဆရာကောင်း တစ်ယောက်ဖြစ်နိုင်သလို ပန်းချီကားတစ်ချပ်ကောင်းခြင်း၊ မကောင်းခြင်းဟာလည်း အဲဒီပန်းချီဆရာပေါ်မှာသာ မူတည်ပါ တယ်။ အဲဒီလိုပါပဲ ဘလော့တစ်ခုကောင်းခြင်း၊ မကောင်းခြင်းဟာလည်း အဲဒီဘလော့ရဲ့ဘလော့ဂါပေါ်မှာသာ မူတည်ပါတယ်။ ဘလော့ဂါသမားစစ်စစ်တွေဟာ သူတို့ရဲ့ခံစားချက်အနုပညာတွေကို သူတို့ရဲ့ဘလော့တွေပေါ်မှာ လက်ရာမြောက်စွာပုံဖော်အ သက်သွင်းကြပါတယ်။ တစ်နည်းအားဖြင့်ဘလော့လေးတွေကို သူတို့ရဲ့ကိုယ်ပွားလေးတွေအဖြစ် ပြုစုပျိုးထောင်ကြပါတယ်။ မိမိဘလော့လေးအတွက် မအားတဲ့ကြားကအချိန်လုပြီးကိုယ်နှစ်သက်ရာ စာပေလေးတွေကိုရေးသားကြရင်း ရှေ့သို့မှန်မှန်ချီ တက်ကြပါတယ်။ ဘလော့ဂါသမားစစ်စစ်တွေဟာ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် သူတို့ရဲ့ဘလော့လေးတွေကို တန်ဖိုး ထားဖက်တွယ်ထားတတ် ပြီးပစ်ပယ်မထားတတ်ကြပါဘူး။ အဲဒီအချက်က ကျွန်တော်နဲ့တော့တစ်ခြားစီပါ။


ဘလော့လေးလုပ်၊ တောင်တောင်အီအီတွေရေး၊ ကော်ပီပို့စ်တွေနဲ့ကဗျာမဆန်လှတဲ့ ကိုယ့်ဘလော့ကို လူမ၀င်တာလည်း အဆန်းတော့မဟုတ်ပါဘူး။ ကိုယ်တိုင်ကပန်းချီအကြောင်းနားမလည်ပဲ စုတ်တံကိုင်ပြီး အရောင်မျိုးစုံနဲ့တောင်ခြစ် မြောက်ခြစ် လုပ်ပြီးမော်ဒန်ပန်းချီပါလို့ပြောရင် လူဟားစရာဖြစ်နေမှာပါ။ အဲဒီပန်းချီကားကိုလည်း ဘယ်သူမှအချိန်ကုန်ခံပြီး လာမကြည့် တာလည်း ဆန်းတော့မဆန်းပါဘူး။ အဲဒီပန်းချီကားကောင်းခြင်း၊ မကောင်းခြင်းဟာ ရေးဆွဲခဲ့တဲ့ကျွန်တော့်အပေါ်မှာသာ မူ တည်တာပါ။ အဲဒီလိုပါပဲကိုယ့် ဘလော့လူဝင်နည်းခြင်း၊ များခြင်းဟာလည်း ကျွန်တော့်အပေါ်မှာသာ မူတည်ပါတယ်။ ကိုယ့် ဘလော့မှာလူသူခြောက် ကပ်နေတော့လည်း အထီးကျန်တယ်လို့ခံစားမိပါတယ်။ အဲဒီတော့ ကျွန်တော်လည်းဘလော့လေးနဲ့ နည်းနည်းအနေဝေးလို့ သွေးအေးလာပါတယ်။ ကိုယ့်ဘလော့ကိုဘာမှမလုပ်တော့ပဲ ရင်းနှီးနေတဲ့ဘလော့တွေဆီကိုသာလှည့် ပတ်ရင်းအချိန်ဖြုန်းနေခဲ့တာပါ။ တစ်နည်းအားဖြင့် ကျွန်တော်ကိုယ့်ရဲ့ဘလော့လေးကို တိတ်တဆိတ်နဲ့ကျောခိုင်းပြီး ဖဘနဲ့သ တင်းဝက်ဆိုက်တွေ မှာသာအချိန်ကုန်လွန်နေခဲ့တာပါ။


အလုပ်အကိုင်နေရာအပြောင်းအလဲလေးကြောင့် အရင်လိုအွန်လိုင်းကိုပုံမှန် မသုံးဖြစ်တာလည်းပါသလို၊ ပျင်းတာရော၊ ဖျင်း တာရောကြောင့်ပါ ဘလော့ကိုလုံးဝပစ်ပယ်ထားပြီး ဖဘ မှာငုပ်ချည်၊ ပေါ်ချည်လုပ်နေတာပါ။ ဘော်ဒါတွေကလည်း ဒီဖဘ မှာတော်တော်စုံကြသလို ဓါတ်ပုံတစ်ပုံ၊ စာတစ်ကြောင်းနဲ့ Like တွေ Comment ပလူပျံပြီး ဖလန်းဖလန်းထနေတာမို့ ဘလော့ ထဲဝင်လည်ဖို့ကို ဘယ်သူမှသိပ်ပြီး စိတ်အားမထက်သန်ကြတော့ဘူးပေါ့။ ဘလော့ထဲမှာအခုလိုလူစုံတက်စုံ တွေ့ရဖို့ဆိုတာက လည်း ဒီဖဘမှာလောက်မနီးစပ်တာလည်းပါမှာပါ။ ဒါကြောင့်ကျွန်တော်လည်း ဖဘလာပြီးလုံးလားထွေးလားဖြစ်နေမိတာပေါ့။


ကိုယ်နဲ့ရင်းနှီးပြီးသား ဘလော့ဂါအတော်များများနဲ့လည်း ဖဘမှာအလွယ်တကူဆုံမိကြပါတယ်။ သူတို့ဘလော့လေးတွေကို ရံဖန်ရံခါ ကျွန်တော်သွားကြည့်မိတတ်ပါတယ်။ တစ်ချို့လည်းအကြောင်းအမျိုးမျိုးကြောင့်ဘလော့လေးတွေကို ပစ်ပယ်ထားပြီး လူစည်ကားရာဖဘမြို့တော်ကြီးမှာ ကျင်လည်နေကြပါပြီ။ မိတ်ဆွေသူငယ်ချင်းများနဲ့ အလွယ်တကူတွေ့ဆုံနိုင်သလို ဘာ အကြောင်းအရာလေးဖြစ်ဖြစ် တင်လိုက်တာနဲ့ ချက်ချင်းဆိုသလို Like တွေ Comment တက်လာတာမို့ ဘလော့မှာထက်စာ ရင် ဒီဖဘမှာလာပြီးကျင်လည်နေကြတာကလည်း သဘာဝတော့ကျပါတယ်။ ဘလော့မှာပို့စ်တင်ရင် ၀င်ပြီးဖတ်တဲ့ကသူနည်း ပါးသလို Comment  ၁၀ခုလောက်ရဖို့ကလည်းခက်ပါတယ်။  ဖဘမှာတင်လိုက်ရင် Like တွေ Comment အလွယ်တကူရ တာမို့ အားလုံးဟာဘလော့မှာထက် ဖဘမှာပိုပြီးပျော်နေကြတာလို့ ကျွန်တော်ထင်ပါတယ်။


ဘလော့ဂါတစ်ယောက်အတွက် စာဖတ်သူကပေးတဲ့ကွန်မန့်လေးတွေဟာ အားဆေးတစ်ခွက်ပါ။ နောက်ထပ်ပို့စ်တွေရေးဖို့အ တွက် ခွန်အား(တွန်းအား)တွေ ဆိုရင်လည်းမမှားပါဘူး။ ဘလော့ဂါတစ်ယောက်ဟာ ကွန်မန့်လိုချင်လို့ပို့စ်ရေးတာ မဟုတ်ပေ မယ့် ကိုယ်ကြိုးစားအားထုတ်ပြီးရေးထားတဲ့ ပို့စ်လေးတွေရဲ့အောက်မှာ စာဖတ်သူတွေရဲ့ကွန်မန့်လေးတွေကို မြင်ရရင်ဖြင့် ၀မ်းသာကြည်နူးပြီး ပီတိလေးတွေဖြစ်ရစမြဲပါ။ နောက်ထပ်ရေးဖို့လည်းစိတ်မှာအလိုလို ခွန်အားဖြစ်မိလာသလို ကိုယ့်ကိုကိုယ် လည်းယုံကြည်မှုတွေတိုးလာမှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေတိုးလာတာနဲ့အမျှ ဘလော့လေးအပေါ်မှာထားတဲ့ ကိုယ့်ရဲ့ သံယောဇဉ်ဟာလည်း ပိုပြီးခိုင်မာလာမှာပါ။ ဘလော့ဂါတစ်ယောက်ဟာ ကိုယ့်ရဲ့ဘလော့မှာပို့စ်တစ်ခု တင်တော့မယ်ဆိုရင် အသေအချာကြိုးစားအားထုတ်ပြီး ရေးသားကြတာပါ။ အဖက်ဖက်ကလိုလိုသေးမရှိအောင် စာကြောင်းအထားအသိုကအစ စာလုံးပေါင်းသတ်ပုံအဆုံး သေသေချာချာဂရုတစိုက်စိစစ်ပြီးမှ ကိုယ့်ရဲ့ပို့စ်တွေကိုတင်ကြတာပါ။  ကိုယ့်ရဲ့ဘလော့လေးမှာ အကောင်းဆုံးဖြစ်အောင် ဘလော့ဂါတွေအနေနဲ့ကြိုးစားကြတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။ စိတ်မကောင်းစရာ တစ်ခုကတော့ အဲဒီလိုဘလော့ဂါသမားတွေတော်တော်များများ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဘလော့လေးတွေအပေါ်မှာ ယုံကြည်မှုအားတွေနည်းသွားပြီး ဘလော့တွေထဲကနေ ပျောက်ကွယ်သွားကြတာပါပဲ။ ဒါဟာဘလော့ရွာကြီးအတွက်တော့ အနုတ်လက္ခဏာပါ။


မိမိရဲ့ကိုယ်ပိုင်ပစ္စည်းတစ်ခုကို မိမိကိုယ်တိုင်ကမှတန်ဖိုးမထားရင် ကျန်တဲ့ဘယ်သူတွေကမှလည်း အရေးတယူနဲ့ တန်းဖိုး ထားနေမှာမဟုတ်ပါဘူး။ ဒီလိုပါပဲ ဘလော့လေးတွေအရင်လိုပြန်လည် စည်ကားသိုက်မြိုက်လာဖို့ဆိုတာ ဘလော့ဂါတွေမှ မလုပ်ရင် ဘယ်လိုမှဖြစ်လာနိုင်စရာအကြောင်းမမြင်ပါဘူး။ ဘလော့ဂါမောင်နှမတွေကို ဘလော့တွေမှာ သာပြန်လည်ဆုံ စည်းစေချင်မိတာ ကျွန်တော့်ရဲ့ဆန္ဒအမှန်ပါ။ ဖဘ လိုနေရာမျိုးမှာအချိန်တစ်နာရီ ကုန်နေမယ့်အစား ကိုယ့်ဘလော့လေးတွေ အတွက် အချိန်နာဝက်လောက်ဖဲ့ ပေးနိုင်မယ်ဆိုရင်တောင် ဘလော့လေးတွေမှန်မှန်လည်ပတ်နေမှာပါ။ ကိုယ့်မှာတင်စရာပို့စ် မရှိပေမယ့်လည်း အခြားသောဘလော့ဂါတွေရဲ့ပို့စ်လေးတွေဖတ်ရင်း အနည်းဆုံးတော့အားပေး စကားလေးတွေပြောပေးနိုင် တာပေါ့ခင်ဗျာ။ ဘလော့ဂါတွေအချင်းချင်း အပြန်အလှန်ဖေးမအားပေးမှုတွေနဲ့ မှန်မှန်ချီတက်သွားကြမယ်ဆိုရင်ဖြင့် ဘလော့ရွာကြီးလည်း အရင်ကလို ပြန်လည်စည်ကားသိုက်မြိုက်လာမယ်လို့ ကျွန်တော်ယူဆမိပါတယ်။


ဘလော့ဒေးနဲ့အတူ ဘလော့ဂါညီအစ်ကို၊ မောင်နှမများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ကျွန်တော်ဒီနေရာ ကနေရိုသေလေးစွာဖြင့် ဂါရ၀ ပြုလိုက်ပါတယ်ခင်ဗျာ။




ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး



မှတ်ချက်။ ဖုန်တက်နေတဲ့ ကျွန်တော့်ရဲ့ဘလော့လေးကို တီတင့်(Anuty Tint) ရဲ့ကျေးဇူးကြောင့် ဖုန်ဝင်ခါဖြစ်လိုက်တာပါ။ “ဘလော့ဂါဘ၀” ခေါင်းစဉ်နဲ့အံမ၀င်ပေမယ့် ဘလော့ဒေးမှာအမှတ်တရအနေနဲ့ Tag Post ခပ်ချာချာလေးတစ်ခု အနေတော့ရေးဖြစ်သွားတာပေါ့။ တီတင့်(Anuty Tint)ရေ ပို့စ်လေးရေးဖို့လှုံ့ဆော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။



read more

Thursday, August 28, 2014

ဗေဒါလမ်း (၄) – မှန်းဖို့လိုပဲ


မှန်းဖို့လိုပဲ


မဗေဒါ၊ ဘယ်ရွာဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ။
ဒီတက်လျင်ပျော်
ဗေဒါမော် ရေကျော်ဆိုက်အောင် ၊ ဆန်လိုက်သည်ပဲ။


မဗေဒါ၊ ဘယ်ရွာ ဘယ်စခန်းနဲ့
ဘယ်ကမ်းခြေ၊ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ
ဒီကျလျင်ရွှင်
ဗေဒါခင် ပင်လယ်ဆိုက်အောင်၊ စုန်လိုက်သည်ပဲ။


ဘုတ်မက အီ၊ ပီပီက သံမစဲ၊
မဗေဒါ စုန်ဆန်လမ်းကို ၊ မှန်းဖို့လိုပဲ။ ။



ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)





မှတ်ချက်။  ။ နှစ်သက်မိသော ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာ” လေးများပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့လေးထဲမှာ အမှတ် တရသိမ်းထားချင်တာမို့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာစာစု” များစာအုပ်မှ ကူးယူရေးသားဖော်ပြထားခြင်း ဖြစ် ပါတယ်ခင်ဗျာ။ စာအထား၊ အသို နှင့် စာလုံးပေါင်း အမှားအယွင်း များရှိခဲ့ပါက ကျွန်တော့်ရဲ့ ပေါ့ဆမှုအမှားများ သာဖြစ်ကြောင်းပါခင်ဗျာ ။


ရာဇာထွေး
 

read more

Thursday, February 27, 2014

မပြီးဆုံးသေးသောပန်းချီကားတစ်ချပ်



ကျွန်တော်တို့အားလုံးဖြတ်သန်းလျှောက်လှမ်းခဲ့ကြတဲ့ ဘ၀တစ်လျှောက်မှာ  ပျော်ရွှင်ကြည်နူးမှုတွေ၊ ၀မ်းနည်းဖွယ်ရာစိတ်ထိ ခိုက်ကြေကွဲမှုတွေနဲ့အတူ မေ့မရနိုင်တဲ့အမှတ်တရနေ့လေးတွေ အားလုံးကိုယ်စီရှိနေကြမှာပါ။ အနိမ့် အမြင့်၊ အဆိုး အကောင်းတွေနဲ့အတူ ဘ၀ကိုခပ်ကြမ်းကြမ်းလျှောက်လှမ်းခဲ့ရတဲ့ ကျွန်တော့်မှာလည်းမေ့မရနိုင်တဲ့ အမှတ်တရနေ့လေး တစ် ချို့ထဲက အမြဲတမ်းအမှတ်တရဖြစ်နေစေတဲ့ နေ့လေး၃နေ့ရှိပါတယ်။


မိမိရဲ့အသက်ကိုသေမင်းလက်မှာဝကွက်အပ်လို့ ကိုးလလွယ်ပြီး ဆယ်လဖွားပေးခဲ့တဲ့ ကျွန်တော်ရဲ့ကျေးဇူးရှင်မွေးသမိခင် ကြီး ကွယ်လွန် အနိစ္စရောက်ခဲ့တဲ့နေ့လေးရယ်။ ပုထုဇဉ်တို့ရဲ့သဘော၊ သဘာဝအလျောက် ကိုယ့်ဘ၀ရဲ့လက်တွဲဖော်နဲ့အတူ တစ် အိုး၊ တစ်အိမ်ထူထောင်လို့ အိမ်ထောင်သည်ဆိုတဲ့ ဘ၀သစ်တစ်ခုကိုစတင်ဖြတ်သန်းခဲ့တဲ့ ကျွန်တော်တို့ဇနီးမောင်နှံရဲ့ လက်ထပ် မင်္ဂလာပြုလုပ်ခဲ့ကြတဲ့နေ့လေးရယ်။ ကိုယ့်သွေးကနေဖြစ်လာတဲ့ ကျွန်တော့်တို့ရဲ့အနာဂတ်မျိုးဆက်သစ်လေးဖြစ် တဲ့ သားလေး (ဖိုးသား) လူ့လောကကြီးထဲ ကိုစတင်ရောက်ရှိလာတဲ့နေ့ (တစ်နည်းအားဖြင့်) ကျွန်တော့်ကိုသာမန်လူတွေ ထက် ပိုပြီးမြင့်မြတ်စေတဲ့ “အနန္တဂိုဏ်းဝင်” (မိဘ)ဖခင်တစ်ယောက်ဖြစ်စေခဲ့တဲ့ သားလေး(ဖိုးသား) ရဲ့မွေးနေ့လေးတွေ ကတော့ဖြင့် ကျွန်တော့်ရဲ့ဘ၀မှာမေ့မရနိုင်တဲ့ အမှတ်တရနေ့တွေထဲက အမြဲတမ်းအမှတ်တရဖြစ်စေတဲ့နေ့လေးတွေပါ။


ကျွန်တော့်ဘ၀တစ်လျှောက်လုံးမှာ နွေးထွေးတဲ့မိသားစုဆိုတဲ့ဘ၀နဲ့ ကင်းကွာပြီနေနေရတာဟာ အတိတ်ကပြုခဲ့ဖူးတဲ့ ကံကံ ၏အကျိုးကြောင့်လို့ပဲဆိုရမလိုပါ။ ကလေးဘ၀အရွယ်ထဲကမိသားစုနဲ့ခွဲပြီး အဝေးမှာသာအနေများခဲ့ရသလို၊ အရွယ်ရောက် လာတော့လည်း အိမ်ထောင်ရေးအဆင်မပြေလှတဲ့ အမိ၊ အဖတွေကြောင့် ယိုင်နဲ့လာနေတဲ့မိသားစုရဲ့ စားဝတ်နေရေးအခြေ အနေတွေက ကျွန်တော့်ကိုမိသားစုနဲ့ဝေးရာကနေပံ့ပိုးပေးဖို့ တမင်ပဲဖန်တီးထားခဲ့သလိုပါ။



မိသားစုတစ်ခုလုံးရဲ့ပဲ့ကိုင်ဖြစ်သူ အဖေရင်ခွင်ပြောင်းသွားတဲ့အချိန်မှာ ကျွန်တော်တို့မိသားစုတွေလည်း ဦးတည်ရာမဲ့ပေါ့။ ကျန်းမာရေးမကောင်းလှတဲ့အမေ့ကို ငဲ့လို့ကျွန်တော်တို့မောင်နှမတွေ အဖေ့နေရာကိုဝင်ပြီး အိမ်ရဲ့စားဝတ်နေရေးအခြေ အနေတွေကို တတ်နိုင်သလောက်အင်အားလေးတွေနဲ့ ၀င်ရောက်ထောက်ကူရင်း ရုန်းကန်ရတာချင်းအတူတူ ကျွန်တော် တစ်ယောက်ထဲသာ ကွက်ပြီးအဝေးကနေ အိမ်ရဲ့တာဝန်တွေကို ခွဲဝေယူခဲ့ရပြန်ပါတယ်။ အဖေမရှိလို့မပြည့်မစုံဖြစ်နေတဲ့ မိသားစုဘ၀လေးထဲမှာ အကိုနဲ့ မမကတော့ အမေ့နားကနေ မခွာရပါဘူး။ ကံဆိုးသူကျွန်တော်တစ်ယောက်သာ လက်ကျန် မိသားစုလေးနဲ့ ထပ်ပြီးခွဲခွါနေခဲ့ရပြန်ပါတယ်။


ကြောင်လေးတွေ၊ ခွေးလေးတွေ ကိုချစ်တတ်သူပီပီ ဆွေမျိုးတွေဆီ အလည်အပတ်သွားတဲ့အခါ  တွေ့သမျှကြောင်ပေါက် စလေးတွေ၊ ခွေးပေါက်စလေးတွေကို ချစ်တဲ့စိတ်နဲ့အတူ ကျွန်တော်နေထိုင်ရာအရပ်ဆီကိုခေါ်ယူလို့ မွေးမြူခဲ့ဖူးပါတယ်။ ကျွန်တော်ကချစ်လို့ ခေါ်ပြီးမွေးထားတယ်ဆိုပေမယ့် တစ်ဖက်မှာသူ့ရဲ့မိသားစုအသိုက်အမြုံကို ဖျက်ဆီးလိုက်သလိုဖြစ်နေ တယ်ဆိုတာကို မစဉ်းစားခဲ့မိပါဘူး။ ကလေးတစ်ယောက်အနေနဲ့ လိုချင်တာကိုရခဲ့လို့ ၀မ်းသာပျော်ရွှင်ဖြစ်ခဲ့မိပါတယ်။  စဉ်း စားတတ်လာတဲ့အခါမှာတော့ ကျွန်တော်သူတို့ရဲ့ ဘ၀လေးတွေကို ကိုယ်ချင်းစာတတ်မိလာပါတယ်။ အဲဒီလို မသိနားမ လည်သေးတဲ့ အရွယ်ကပြုခဲ့ဖူးတဲ့ အကုသိုလ်ကံတွေကြောင့် ကျွန်တော်ဝဋ်များလည်နေသလားလို့လည်း တစ်ခါတစ်လေခံ စားနေမိသလို နောင်တလည်းရနေမိပါတယ်။ အဲဒီနောက်ပိုင်းမှာရခဲ့တဲ့ အသိတရားလေးတစ်ခုကြောင့် ယနေ့ထိတိုင် ကျွန်တော် ဘယ်ကြောင်လေးတွေ၊ ဘယ်ခွေးလေးတွေ၊ ဘယ်တိရိစ္ဆာန်ကောင်လေးတွေကိုမှ သူတို့အသိုက်အမြုံနဲ့မခွဲတော့ သလို ကျွန်တော့်ကြောင့်လည်း ဘယ်မိသားစုအသိုက်အမြုံမှမပျက်ဆီးစေရဘူးဆိုတဲ့ အသိတရားလေးတစ်ခုက ရင်ထဲ မှာထာဝရကိန်းအောင်းလို့နေပါတော့တယ်။ 


လူ့ဘ၀ကိုရလာတဲ့အချိန်မှာ မိဘတွေဖန်တီးပေးတဲ့အမေ၊ အဖေနဲ့ ညီအစ်ကိုမောင်နှမတွေပါတဲ့ မိသားစုဘ၀လေးတခုရယ်၊ မိမိ ကိုယ်တိုင်ဖန်တီးတဲ့ လင်သား၊ ဇနီးသည်နဲ့ သားသမီးတွေပါဝင်တဲ့ မိသားစုဘ၀လေးရယ် ဆိုပြီးမိသားစုဘ၀လေးနှစ်ခုကို ကျွန်တော်တို့အားလုံး ဖြတ်ကျော်လာခဲ့ကြရမှာပါ။ မိဘတွေဖန်တီးသွားတဲ့ မိသားစုဘ၀မှာတော့ သားသမီးတစ်ယောက် အနေနဲ့ ကျွန်တော်လိုချင်တဲ့ ပျော်ရွှင်ချမ်းမြေ့စရာကောင်း ပြီးနွေးထွေးတဲ့မိသားစုဘ၀ကို မရခဲ့ပါဘူး။ အချိန်အတော်များ များ အမေနဲ့ အကို၊ အမတွေကို အဝေးကနေသာ လွမ်းနေခဲ့ရတာပါ။ နွေးထွေးတဲ့မိသားစုရဲ့တန်ဖိုးကို အတူတူနေကြတဲ့ သူတွေထက် အဝေးမှာခွဲပြီးနေရ တဲ့သူတွေကပိုပြီးနားလည်ကြသလို ပိုပြီးလည်းတန်ဖိုးထားတတ်ကြပါတယ်။ အမြဲတမ်းလိုလို မိသားစုနဲ့ခွဲနေရပြီး တစ်ယောက်ထဲအထီးကျန်ဖြစ်နေတတ်တဲ့ကျွန်တော် ကိုယ့်ရဲ့မိသားစုလေးနဲ့ နွေးနွေးထွေးထွေးလေး အတူတူနေချင်မိနေတာ ကျွန်တော့်ဘ၀ ရဲ့အလိုချင်ဆုံးနဲ့ အတောင့်တဆုံးအရာပါ။



ကျွန်တော်ဖြစ်ချင်တာတွေဖြစ်လာဖို့ ဘ၀တစ်ခုကို ကိုယ်တိုင်ကိုယ်ကျပုံဖော်တည်ဆောက်မယ်ဆိုတဲ့ ခံစားချက်က ကျွန်တော့် ရင် မှာကိန်းအောင်းနေခဲ့တာလည်းကြာပါပြီ။ နွေးထွေးတဲ့မိသားစုဘ၀လေးတစ်ခု ကိုစတင်ဖို့ ဘ၀တူ ခံစားချက်ချင်းတူကြတဲ့ ကျွန်တော်တို့ ချစ်သူနှစ်ဦး ၂၇၊ ၀၂၊ ၂၀၀၃ ရက်နေ့မှာ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားလိုက်ကြပြီး ဘ၀သစ်ကိုစတင် ပုံဖော်နေကြတာဖြင့် ယနေ့ထိဆိုလျှင် အိမ်ထောင်သက်တမ်းလည်း ၁၁နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ သို့သော် ကျွန်တော်တို့ ဇနီးမောင်နှံရဲ့ နွေးထွေးတဲ့မိသားစုဘ၀အိမ်မက်ပန်းချီကားချပ်လေးကတော့ ဒီနေ့အထိကို မှုံဝါးဝါးနဲ့ရုပ်လုံးပေါ်မလာသေးပါ ဘူး။ သူလည်းအထီးကျန်ပြီးနေရသလို ကျွန်တော်လည်းအထီးကျန်လို့ လွမ်းနေရတုန်းပါ။



အိမ်ထောင်သက်တမ်းလည်း ၁၁ နှစ်တင်းတင်းပြည့်ခဲ့သလို ကျွန်တော်ပြည်ပရောက်နေတာကလည်း ၁၁နှစ်ရှိနေပါပြီ။ ဘ၀ မှာ အထီးကျန်ဆန်ပြီး မိသားစုဘ၀ကိုငတ်ခဲ့ရတဲ့ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကံတူအကျိုးပေးကလည်းတူနိုင် လွန်းလှပါတယ်။ အထီးကျန်ဆန်နေတဲ့ ကျွန်တော်တို့နှစ်ယောက်ပေါင်းကာ ဘ၀သစ်တစ်ခုကိုထူထောင်ကြပါတယ် အခုချိန် ထိတစ်ယောက်နဲ့ တစ်ယောက် တစ်ပြည်ဆီဝေးလို့ လွမ်းနေရတုန်းပါ။ မှတ်မှတ်ရရ ကျွန်တော်တို့ အိမ်ထောင်သက်တမ်း ၁၁နှစ်မှာ ဇနီးသည်ကျွန်တော်ရှိရာ လိုက်ပြီးအတူနေခဲ့အချိန်က ၃ နှစ်ခွဲသာသာတာရှိခဲ့သလို မကြာခင်ရက်ပိုင်းအတွင်းမှာ အသက်ငါးနှစ်ပြည့်တော့မယ့် သားနဲ့အတူတူနေခဲ့ရတဲ့အချိန်ကလည်း သူမွေးပြီး တစ်နှစ်ခွဲအထိသာ ကျွန်တော်တို့မိသား စုလေး သိုက်သိုက်ဝန်းဝန်းနဲ့ အတူတူနေခဲ့ကြဖူးတာပါ။ မြန်မာပြည်မှာကျန်ခဲ့တဲ့ သူတို့သားအမိကလည်း ကျွန်တော့်ကိုလွမ်း၊ ကျွန်တော်ကလည်း သူတို့သားအမိကိုလွမ်းနဲ့ အင်း….. ဒီလိုနဲ့ပဲ ၁၁နှစ်လုံးလုံးရေးဆွဲနေခဲ့တဲ့ စိတ်ကူးရင် အိမ်မက်ပန်းချီ ကားလေးဟာ ဒီနေ့၊ ဒီအချိန်ထိကို ပီပီပြင်ပြင်နဲ့ရုပ်လုံးပေါ်မလာနိုင်သေးပါဘူး။


မိဘတွေဖန်တီးပေးခဲ့တဲ့ မိသားစုဘ၀လေးမှာလည်း သားသမီးတစ်ယောက်အနေနဲ့ အမေနဲ့ ညီအစ်ကို၊ မောင်နှမတွေကိုခွဲ လို့ အဝေးကနေ လွမ်းခဲ့ရပြီးပါပြီ။ အခုတစ်ခါလည်း ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ဖန်တီးထားတဲ့ ကိုယ့်ရဲ့မိသားစုဘ၀လေး ကို အဝေးကနေ ထပ်ပြီးလွမ်းနေရတာလည်း ၁၁နှစ်တိုင်ခဲ့ပြန်ပါပြီ။ နောက်ထပ်အချိန်ဘယ်လောက်ကြာကြာ မိသားစုနဲ့ခွဲလို့ လွမ်းနေအုန်း မယ်ဆိုတာကို ကျွန်တော်မသိနိုင်သေးပါဘူး။ မပြီးဆုံးသေးတဲ့ “နွေးထွေးတဲ့မိသားစုဘ၀” စိတ်ကူးရင် အိမ်မက် ပန်းချီကားချပ်လေးကိုတော့ဖြင့် မျှော်လင့်ချက်လေးတွေနဲ့အတူ နောက်ဆုံးထွက်သက်ထိ ကျွန်တော်ဆက်လက်ရေးဆွဲနေ အုန်းမှာပါ။ မိတ်ဆွေသူငယ်ချင်း၊ ညီအစ်ကို၊ မောင်နှမများအားလုံး ပျော်ရွှင်ချမ်းမြေ့ပြီး “နွေးထွေးတဲ့မိသားစုဘ၀လေး” များ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ။  




ခင်မင်လေးစားစွာဖြင့်

ရာဇာထွေး





မှတ်ချက်။ “၁၁နှစ်ပြည့် လက်ထပ်မင်္ဂလာနှစ်ပတ်လည် အမှတ်တရ”
 

 
 
 

read more

Gadget

This content is not yet available over encrypted connections.
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: