Sunday, October 21, 2012

ကုသိုလ်ဖြင့် တည်ဆောက်သော ဘ၀ကောင်းဘ၀မွန်



(မိမိ၏ အပြုအမူကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်းချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။ တဖက်သားအပေါ် မေတ္တာကရုဏာဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကြည့်သော အကြည့်လေးတစ်ချက်၌ပင် ကုသိုလ်ဓာတ်လင်းလက်နေပါသည်။)

ကောင်းမှုပြုသောသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏။ နောင်ဘ၀၌လည်း ၀မ်းမြောက်ရ၏။ ပစ္စပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ ၀မ်းမြောက်ရ၏။ ထိုသူသည် မိမိပြုပြီးသော ကောင်းမှုကံကိုမြင်၍ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏

(ဓမ္မပဒ)

ကောင်းမှုပြုသော သူသည် ဤဘ၀၌လည်း နှစ်သက်ရ၏။ နောင်ဘ၀၌လည်း နှစ်သက်ရ၏။ ပစ္စပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ နှစ်သက်ရ၏။ ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။ ထိုသူသည် ကောင်းသောဘ၀သို့ရောက်သောအခါ သာ၍ပင် နှစ်သက်ရ၏

(ဓမ္မပဒ)

လောက၌ ကုသိုလ်၊ အကုသိုလ်နှင့် အဗျာကတဟူ၍ တရားသုံးမျိုးရှိ၏။ ဤတွင် ပုထုဇဉ်တို့နှင့် ဆက်ဆံသော အရာမှာ ကုသိုလ်နှင့် အကုသိုလ်သာ ဖြစ်ပါသည်။ အဗျာကတဟူသော တရားကား ပုထုဇဉ်တို့နှင့် မဆိုင် ၊ ကိလေသာဟူသမျှကို အကြွင်းမဲ့ပယ်သတ်ပြီးသော ရဟန္တာတို့နှင့် သာ သက်ဆိုင်သော အရာဖြစ်ပါ၏။

ပုထဇဉ်မည်သော လူတို့သည် အချိန်နှင့်အမျှပင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတွေ ပြုနေကြသည်။ ကြံစည်တွေးတောနေသည်။ ပြောဆိုနေသည်။ ပြုမူဆောင်ရွက်နေသည်။ ထိုကံသုံးပါးတို့သည် ကုသိုလ်ဖြစ်လျှင်ဖြစ်၊ ကုသိုလ်မဖြစ်လျှ အကုသိုလ်ဖြစ်ပေမည်။ ပုထဇဉ်လူသားတို့ ကြံတွေးမှု၊ ပြုမူပြောဆိုမှုတို့သည် ကုသိုလ်(သို့မဟုတ်) အကုသိုလ်ဘောင်ဝင်း နှစ်ခုအတွင်းမှ မလွတ်ကင်းပေ။

သို့ဖြစ်၍ ပြုပြုသမျှ မိမိ၏ ကံသုံးပါးကို ကုသိုလ်(ကောင်းမှု) အဖြစ်ခံမည်လား၊ အကုသိုလ်(မကောင်းမှု)အဖြစ်ခံမည်လား။ ဤသည်ကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်သည်။ ဆုံးဖြတ်နိုင်သည်။ ဤရွေးချယ်မှုကပင် ထိုသူ၏ ဘ၀ကို ပုံဖော်ဖန်တီးသွားခြင်းဖြစ်ပါသည်။ အဖြူအမည်း သဲကွဲအောင် အရောင်ခြယ်မှုန်းသွားခြင်းဖြစ်ပါသည်။ ကုသိုလ်ကောင်းမှုဟူသော အရာကိုယ်တိုင်က ပြုသူကိုလည်း ကောင်းကျိုးပေး၏။ သူတစ်ပါးကိုလည်း ကောင်းကျိုးပေး၏။ ပြုသူလည်း ချမ်းသာ၊ သူတစ်ပါးလည်း ချမ်းသာစေသော အရာဖြစ်ပါသည်။

လူဟူသည် လူ့ဘ၀ လူ့လောကကို ခေတ္တခဏ နားနေရောက်ရှိလာသော “ လောက၏ ဧည့်သည် ” ဖြစ်ပါသည်။ လောက၏ ဧည့်သည်အဖြစ် နေရစဉ်အခိုက် ကောင်းမှုတွေကို မြတ်နိုးဖို့လိုသည်။ ကောင်းတာလေးတွေကို ကြံစည်ဖို့ လိုသည်။ ကောင်းတာလေးတွေ ပြောဖို့လိုသည်။ သို့မှသာ မိမိလည်း အပြစ်ကင်း၍ စိတ်ချမ်းသာမည်။ မိမိနှင့်ဆက်ဆံရသူ တွေလည်း စိတ်ချမ်းသာမည်။ ကုသိုလ်နှင့်ယှဉ်သော စိတ်ချမ်းသာမှု ရှိမှသာ ဘ၀သည် အဓိပ္ပါယ် ရှိလာမည်။ ဘ၀တန်ဖိုးရှိလာမည်။ နေပျော်စရာဖြစ်လာမည်။

မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊ သူတစ်ပါးကိုလည်း ချမ်းသာစေသော အတွေးအကြံဟူသမျှ ကုသိုလ်အကြံအစည်ဖြစ်ပါသည်။ မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊ သူတစ်ပါးလည်း ချမ်းသာစေသော အပြောအဆိုဟူသမျှ ကုသိုလ်အပြောဖြစ်ပါသည်။ မိမိကိုယ်တိုင်လည်း ချမ်းသာစေ၊ သူတစ်ပါးလည်း ချမ်းသာစေသော လုပ်ဆောင်ချက်မှန်သမျှ ကုသိုလ်အလုပ်ဖြစ်ပါသည်။

ဒါနကောင်းမှုပြုလျှင်လည်း ကုသိုလ်ဖြစ်ပါသည်။ သီလဆောက်တည်လျှင်လည်း ကုသိုလ်ဖြစ်ပါသည်။ ၀ိပဿနာ ပွားများအားထုတ်လျှင်လည်း ကုသိုလ်ဖြစ်ပါသည်။ သမထအားထုတ်လျှင်လည်း ကုသိုလ်ဖြစ်ပါသည်။

မနောကံမှုတွင် စေတနာကောင်းထည့်သော် မနောကံကုသိုလ်ဖြစ်ပါသည်။ ကာယကံမှုတွင် စေတနာကောင်းထည့်သော် ကာယကံကုသိုလ်ဖြစ်ပါသည်။ ၀စီကံမှုတွင် စေတနာကောင်းထည့်သော် ၀စီကံ ကုသိုလ်ဖြစ်ပါသည်။ မိမိ၏ အပြုအမူကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်းချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။ မိမိ၏ အပြောအဆိုကြောင့် သူတစ်ပါး နှလုံးစိတ်ဝမ်း ချမ်းမြေ့သွားလျှင် ကုသိုလ်ဖြစ်ပါသည်။

တဖက်သားအပေါ် မေတ္တာကရုဏာဖြင့် နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကြည့်သော အကြည့်လေးတစ်ချက်၌ပင် ကုသိုလ်ဓာတ်လင်းလက်နေပါသည်။ ငွေအမြောက်အများ အကုန်အကျခံလျက် အလှူကြီးအတန်းကြီးပေးမှသာ ကုသိုလ်ရသည်ဟူသော သမားရိုးကျ အမြင်မျိုးမှ ရုန်းထွက်ဖို့ လိုပါသည်။

ငွေကြေးဥစ္စာများစွာ အသုံးပြုလှူဒါန်းမှသာ ကုသိုလ်ရသည်မဟုတ်ပါ။ ဓနဥစ္စာမကြွယ်ဝလင့်ကစား၊ မိမိ၏ ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ ပြုနိုင်သော ကောင်းမှု အထွေထွေရှိပါ၏။

မိမိ၏ နှလုံးသားထဲတွင် မိမိကို အကြောင်းပြု၍ သူတစ်ပါး စိတ်ချမ်းသာပါစေ၊ အခက်အခဲပြေလည်ပါစေ၊ လိုအင်ဆန္ဒပြည့်ပါစေဟူသော စေတနာကောင်း စေတနာမွန်တစ်ခုသာ စွဲစွဲမြဲမြဲ တည်ကိန်းနေသူအဖို့ သူ့ပတ်ဝန်းကျင်တွင်ပင် ပြုဖွယ်ကောင်းမှုများ အများအပြားပင် ရှိနေပါသည်။ ကောင်းမှုပြုနိုင်မည့် အခွင့်အလမ်းများကို နှလုံးလှမျက်စိဖြင့် ကြည့်တတ်လျှင် မြင်နိုင်ပါသည်။ ရှာဖွေလျှင် တွေ့နိုင်ပါသည်။

လမ်းမသိသောသူအား မေတ္တာဖြင့် စိတ်ပါလက်ပါ လမ်းကို သေသေချာချာ ညွှန်ပြပေးခြင်း၊ လမ်းသွားလမ်းလာတို့ ခလုတ်မထိ ဆူးမငြိစေရန် လမ်းပေါ်တွင် တွေ့သော အုတ်ခဲကျိုး ဆူးခက်တုတ်ချောင်းတို့ စသည်တို့ကို ကောက်ယူရှင်းလင်းပေးခြင်း၊ အများသုံးရေကန်ဝန်းကျင်တွင် ရေညှိများတက်နေပါက သုတ်သင်ဖယ်ရှားပေးခြင်း၊ လမ်းသွားလမ်းလာတို့ အတွက် အရိပ်ရအပင်စိုက်ပျိုးပေးခြင်း၊ ရေချမ်းစင်တည်ခြင်းနှင့် မိမိနှင့်ဘ၀တူလူသားများအား အကူအညီပေးခြင်း စသည်တို့သည် ကုသိုလ်ကောင်းမှုချည်းသာဖြစ်ပါ၏။

အထက်ပါ ဘုရားရှင်၏ အဆုံးအမတော်အတိုင်း လူသည် ကုသိုလ်ကောင်းမှုပြုဖို့ အားထုတ်ရာတွင် ပထမဦးဆုံးလိုအပ်ချက်မှာ ကုသိုလ်ရေး၌ မမေ့လျော့ခြင်း (အပ္ပမာဒ)ပင် ဖြစ်ပါသည်။ မေ့လျော့ခြင်း (ပမာဒတရား)သည် မြူမှုန်အညစ်အကြေးနှင့် ပမာတူပါသည်။ ပြင်ပရှိ ဖုန်မှုန်အညစ်အကြေးတို့က အ၀တ်အထည်တို့ကို ပေကျံညစ်ထေးစေသည်။

မေ့လျော့ခြင်းဟူသော မြူမှုန်ကလည်း စိတ်ထဲတွင် အနည်အမှုန်တို့ကိုထစေသည်။ ကုသိုလ်ရေး၌ မေ့လျော့ခြင်းသည် မကောင်းကျိုးတွေကို နှင်းအပ်သော အရာဖြစ်၏ ။ ပစ္စုပ္ပန်တွင်လည်း အကျိုးမဲ့ကို ဖြစ်စေ၏။ တမလွန်တွင်လည်း အကျိုးမဲ့ကို ဖြစ်စေ၏။ ကုသိုလ်ရေး၌ မမေ့လျော့ခြင်းသည် ကောင်းကျိုးများကို ဆုလာဘ်အဖြစ် ချီးမြှင့်၏။ ပစ္စပ္ပန်တွင်လည်း ကောင်းကျိုးအထွေထွေပေးစေသည်။ တမလွန်တွင်လည်း ကောင်းကျိုးအထွေထွေပေးစေသည်။

ကျေးဇူးရှင် ညောင်တုန်းရွှေဟင်္သာတောရ ဒုတိယစံကျောင်းဆရာတော်ကြီးက-

“ ကုသိုလ်ကို ကိုယ်ကမေ့လျှင်

ကုသိုလ်က ကိုယ့်ကို မေ့လိမ့်မည်။

ကုသိုလ်က ကိုယ့်ကိုမေ့လျှင်

ဘေးတွေ့လိမ့်မည် ”

ဟူ၍ ဆုံးမသြ၀ါဒ ပေးတော်မူခဲ့ပါ၏။

လူအများစုအနေဖြင့် မိမိ၏ မိသားစု စားဝတ်နေရေး၊ ဘ၀ရည်တည်ရေးတို့အတွက် နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားနေကြရပါသည်။ သို့ဖြစ်၍ နိစ္စဓူဝ အချိန်ပေး၍ ဒါနမှု၊ သီလမှု၊ ဘာဝနာပွားများမှုတို့ကို ပြုခွင့်သာချင်မှ သာပါလိမ့်မည်။

ယင်းသို့ ပြုခွင့်မသာသူများအတွက် အိမ်၌နေစဉ်တွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း၊ လမ်းသွားလမ်းလာစဉ်တွင်လည်းကောင်း၊ နှလုံးလှစေတနာကောင်း အရင်းခံလျက် ပြုနိုင်သော ကုသိုလ်ကောင်းမှုတွေရှိပါသည်။ မိမိ၏ မေတ္တာ၊ ကရုဏာ ၊ မုဒိတာ အရင်းခံသော ကံသုံးပါး အပြုအမှုများက မိမိ၏ မိသားစုဝင်များ ၊ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်များ၊ ခရီးသွားဖော်အချင်းချင်းများ နှလုံးစိတ်ဝမ်း ချမ်းမြေ့စေသည်ဆိုလျှင် ယင်းသည် ကုသိုက်ကောင်းမှု ဖြစ်သည်။

လမ်းသွားလမ်းလာစဉ် အလေးအပင် မ လာသူအား လမ်းဖယ်ပေးခြင်း၊ ဘတ်စ်ကားပေါ်တွင် သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့အား မိမိထိုင်နေရာကို နေရာပေးပြီး မိမိက မတ်တပ်ရပ်လိုက်ခြင်းတို့သည် “ ၀န်ဆောင်မှု အရင်းအနှီးပြု ကုသိုလ်ကောင်းမှုများ ” ဖြစ်ပါ၏

တစ်ခုတော့ရှိပါသည်။ မည်သည့်ကောင်းမှုကိုပြုစေ လွတ်လွတ်စွန့်လွှတ်သော စေတနာအရင်းခံဖို့လိုပါသည်။ ကုသိုလ်ကောင်းမှုပြုရာမှ ရရှိလာမည့် အကျိုးတစ်စုံတစ်ရာကို မျှော်ကိုးမှုလည်း မပြုသင့်။ တောင့်တမှုလည်း မပြုသင့်။ ဒါနပြုလျှင် မမျှော်ကိုးစေကာမူ ဒါန၏ အကျိုးကို ခံစားရမည်။

ဝိပဿနာဘာဝနာကို နည်းစနစ်ကျန မှန်ကန်စွာ စွဲစွဲမြဲမြဲ အားထုတ်လျှင် ၀ိပဿနာ၏ အကျိုးကို ခံစားရမည်။ ကောင်းမှုကုသိုလ်ပြုလျှင် ထူးပြီးတောင့်တနေစရာမလိုပါ။ ကုသိုလ်ကောင်းမှုက သူ့အလုပ်ကို သူလုပ်သွားမည်သာ ဖြစ်ပါသည်။ သူ့သဘော သူဆောင်သွားမည်သာ ဖြစ်ပါသည်။

ကုသိုလ်မှုမှန်သမျှတွင် စွမ်းအင်သတ္တိနှစ်မျိုး ရှိပါသည်။ ယင်းတို့မှာ ကောင်းကျိုးများကို ဖြစ်ထွန်းစေခြင်းနှင့် မကောင်းကျိုးများကို တားဆီးခြင်းတို့ ဖြစ်ပါသည်။ ကောင်းသောကံသုံးပါးက ကောင်းသော အကျိုးကို ပေးသည်ဟူသော အချက်ကို ခိုင်ခိုင်မြဲမြဲ ယုံကြည်အပ်ပါသည်။ ကောင်းမှုပြုသူသည် ပစ္စုပ္ပန်ဘ၀နှင့် တမလွန်ဘ၀တို့၌ ကောင်းကျိုးပေးမည်ဖြစ်ကြောင်း (အထက်ပါ အဆုံးအမတော်တွင်) မြတ်စွာဘုရားရှင် အာမခံတော်မူခဲ့ပါသည်။

ဘ၀ဟူသည် သူ့ချည်းသက်သက်ဆိုလျှင် အဖြူထည်ပါ။ အဖြူထည်ဘ၀ထဲသို့ ကုသိုလ်ကောင်းမှုကို ထည့်နိုင်လေ၊ ဘ၀တန်ဖိုးမြင့်လာလေ၊ ဘ၀အဓိပ္ပါယ် ရှိလာလေပင် ဖြစ်ပါသည်။ ဘ၀ထဲသို့ ကုသိုလ်ကောင်းမှု ထည့်သွင်းဖို့ မေ့လျော့နေလျှင် ယင်းသည် ဘ၀ကို တန်ဖိုးရှိရှိ နေထိုင်ခြင်း မဟုတ်လေပါ။

နံနက်အရုဏ်လင်းပြီး နေ့သစ်တစ်ခုကို အစပျိုးလိုက်သည်နှင့် ကုသိုလ်ကောင်းမှုပြုရန် အခွင့်အလမ်းကောင်းတစ်ခု စတင်ခြင်းပင် ဖြစ်သည်ဟု ခံယူယုံကြည်လျက် အသက်ရှင်နေထိုင်ရချိန်ကို ကောင်းစွာ အသုံးချနိုင်ဖို့ လိုပါသည်။

နေ့သစ်တိုင်း နေ့သစ်တိုင်းတွင် ဘ၀စာမျက်နှာ အသစ်အသစ်များကို ကုသိုလ်ကောင်းမှုများဖြင့် ကမ္ဗည်းတင်သွားဖို့လိုပါသည်။ နေ့စဉ်နှင့်အမျှ တစ်နိုင်တစ်ပိုင် ကောင်းမှုလေးများ ပြုသွားခြင်းအားဖြင့် တန်ဖိုးရှိသော ဘ၀ကောင်းဘ၀မွန်တစ်ခုကို ပုံဖော်တည်ဆောက်သွားအပ်ပါသည်။

မင်းနန် (မော်ကျွန်း) ၏ ဗုဒ္ဓ၏ အဆုံးအမတော်များ စာအုပ်မှပြန်လည်ကူးယူဖော်ပြပါသည်။


ရာဇာထွေး

 
read more

Thursday, October 18, 2012

ခင်မ



စာမရေးတာလည်းကြာပါပြီ။ ကိုယ့်အပူနဲ့ ကိုယ်မို့စိတ်ညစ်ညစ်နဲ့ ဘလော့ထဲမရောက်တာလည်းတစ် လလောက်ရှိသွားပါပြီ။ “စိတ်ထောင်းတော့ကိုယ်ကြေ”ဆိုတဲ့စကားအတိုင်း ကျွန်တော်လည်းစိတ်ထာင်း တဲ့ဒဏ်တော်တော်လေးခံလိုက်ရလို့ အခုမှနလံပြန်ထနိုင်တာဆိုလည်း မမှားပါဘူး ခင်ဗျား)။ 

 “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးအချက်မပိုင်လျှင် နောင်ပြင်ရန်ခက်တဲ့အမျိုး” လို့ရှေးလူကြီးသူမများက အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်လို့ အင်မတန်မှအရေးကြီးကြောင်း၊ ပြုလုပ်ပြီးသွား ရင်ပြန်ပြင်ရန်မလွယ်ကူတဲ့ အကြောင်းကိုအခုလို ဆုံးမပြောဆိုထားတာ အားလုံးကြားဘူး၊ မှတ်သားကြဘူး မှာပါ။ မိန်းကလေးတစ်ယောက်အတွက် ဘ၀နဲ့ပတ်သက်ပြီးဆုံးဖြတ်ရာမှာအင်မတန်မှအရေးကြီးသလို ယော က်ျားလေးများအတွက်လည်း အင်မတန်မှအရေးကြီးလှပါတယ်။ “လွယ်လွယ်” လို့သဘောထားလိုက်မယ်ဆို ရင်“အငိုလွယ်သလောက်အရှိုက်ခက်”ပါလိမ့်မယ်။ အထူးသဖြင့်မိန်းမသား (ညီမငယ်)များအတွက်ပိုပြီး အလေးထားဂရုပြုသင့်ပါတယ်။ အမိ၊ အဖ၊ ညီအကိုမောင်နှများရဲ့ အုပ်ထိန်းမှုအောက်ကနေကင်းကွာနေတဲ့ မိန်းမသားတွေအနေနဲ့ ပိုလို့တောင်သတိပြုဆင်ခြင်သင့်ပါတယ်။“အသွင်တူအိမ်သူဖြစ်”ဆိုတဲ့မြန်မာစကား ပုံရှိပေမယ့် အသွင်မတူပဲအိမ်သူဖြစ်ပြီး “အရှိုက်ခက်” နေတဲ့သူတွေ၊ နေ့စဉ်ရက်ဆက်မျက်ရည်နဲ့ မျက်ခွက် လင်ယောက်ျားရဲ့ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေတဲ့ သူတွေဟာလည်း “ဒုနဲ့ ဒေး” ပါ။
ဥပမာ ခင်မ လို့ခေါ်တဲ့ ညီမလေးတစ်ယောက် လိုပေါ့ခင်ဗျာ……. 


စာရေးသူတို့လိုပြည်ပမှာနေတဲ့ မြန်မာတွေအနေနဲ့နေဖို့အိမ်၊ အခန်းဌားမယ်ဆိုရင်နီးစပ်ရာသူငယ်ချင်း မြန် မာတွေနဲ့ စုပေါင်းစပ်ပေါင်းလုပ်ပြီးအခန်းခကို စုပြီးဌားနေကြတာများပါတယ်။ စာရေးသူတို့အတွက်တော့ သူဌေးကနေစရာအိမ်စီစဉ်ပေးထားတာမို့ အစစအရာရာအဆင်ပြေလှပါတယ်။ အိမ်အခန်းတွေကကျယ်သ လို အခန်းလွတ်တွေလည်းအပိုပါတာမို့ စာရေးသူတို့သူငယ်ချင်း ၃ ယောက်ထဲနေတဲ့ အိမ်ကလိုတာထက်ပို ကျယ်နေပါတယ်။ ဒါကြောင့်တစ်ခြားသူငယ်ချင်းတွေ အလုပ်မရှိသေးတာပဲဖြစ်ဖြစ်၊ လောလောဆယ်နေရာ ထိုင်ခင်းအဆင်မပြေသေးတဲ့ သူငယ်ချင်းတွေဖြစ်ဖြစ် စာရေးသူတို့နေတဲ့အိမ်ဟာ ခဏတာလာရောက်နားခို တဲ့ နေရာဆိုရင်လည်းမမှားပါဘူး။ ဒါကြောင့်စာရေးသူတို့နေတဲ့ အိမ်မှာဧည့်သည် ပြတ်မသွားတတ်ပါဘူး။ 


စာရေးသူနဲ့အတူနေသူငယ်ချင်းနှစ်ယောက်ကတော့ ကိုမောင်နဲ့ ကိုပီတာပါ။ စာရေးသူထက်အရင် သူဌေးဆီ မှာအလုပ်ဝင်လုပ်နေကြတဲ့ လူဟောင်းတွေပါ။ စာရေးသူထက်အသက်တွေကြီးကြသလို၊ လုပ်သက်ရောပြည် ပအတွေ့အကြုံပါပိုပြီးများကြတဲ့ သူတွေဆိုရင်လည်းမမှားပါဘူးခင်ဗျာ။ စာရေးသူအနေနဲ့ အစစအရာရာသူ တို့ဆီမှာပဲ သင်ယူရတာပါ။ စာရေးသူတို့သုံးယောက်ထဲမှာ စာရေးသူတစ်ယောက်သာမြန်မာပြည်မှာ အိမ်ထောင်ကျပြီး ဒီကိုရောက်လာတာပါ။ သူတို့နှစ်ယောက်ကတော့ အိမ်ထောင်မရှိတဲ့လူလွတ်တွေပေါ့  (နောက်မှသိရတာကတော့ ကိုပီတာကမြန်မာပြည်ကအိမ်ထောင်နဲ့မလေးရှားရောက်မှကွဲသွားတဲ့အကြောင်း ၊ ကိုမောင်ကတော့မလေးရောက်မှ မိန်းမတစ်ယောက်နဲ့အတူနေပြီးအိမ်ထောင်ကျဖူးတဲ့အကြောင်း စာရေး သူသိရပါတယ်။ စာရေးသူရောက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်လုံးလူလွတ်တွေပေါ့)။ လူအမျိုးမျိုးစိတ် အထွေထွေဆိုသလို ကိုပီတာကအရက်သေစာမသောက်စားတတ်ပေမယ့် မိန်းမကိစ္စတော့အတော်လေး ၀ါသနာပါ ပါတယ်။ နေရာတကာဆရာလုပ်တတ်ပြီးအပြောဆိုးပေမယ့် အကူအညီလိုသူတွေအတွက်တော့ လက်မနှေးတတ်ပါဘူး။ ကိုမောင်ကတော့လိုင်းစုံပါတယ်။ အပြောလေးကောင်းသလို ပါးရည်နပ်ရည်လည်း ရှိတာမို့ သူဌေးနဲ့သူ့ရဲ့ဆက်ဆံရေးကလည်း စာရေးသူတို့ထက်ပိုပြီးအဆင်ပြေလှပါတယ်။ စာရေးသူ ကတော့ နောက်မှရောက်တဲ့လူသစ်မို့လူဟောင်းတွေဖြစ်တဲ့ သူတို့နှစ်ယောက်နဲ့အဆင်ပြေအောင်ပေါင်းရပါ တယ်။ 


သူငယ်ချင်းတွေနဲ့ အ၀င်အထွက်များလှတဲ့ စာရေးသူတို့အိမ်ကိုတစ်နေ့မှာ ကိုပီတာရဲ့အဆက်အသွယ် နဲ့ အမျိုးသမီးနှစ်ယောက်ရောက်လာခဲ့ပါတယ်။ စာရေးသူလည်း သူတို့ရဲ့သူငယ်ချင်းတွေခါတိုင်းလိုပဲအလုပ်ရှာ မရသေးလို့ခဏလာနေတာလို့ပဲသိထားပါတယ်။ ကိုယ်နဲ့လည်းသိပ်မရင်းနှိးတာမို့သိပ်လည်းစကားမပြောဖြစ် ခဲ့ပါဘူး။ နှစ်ရက်လောက်နေတော့ အမျိုးသမီးတစ်ယောက်က အလုပ်ရသွားပြီး သူ့အလုပ်ရှင်ပေးထားတဲ့ အိမ်ကိုပြောင်းသွားပါတယ်။ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ “ခင်မ” ကတော့စာရေးသူတို့အိမ်မှာပဲ ဆက်ပြီးသောင်တင်နေခဲ့ပါတယ်။ စာရေးသူရယ် ကိုမောင်ရယ်ကအလုပ်ချိန်တူတာမို့ နေ့လည်၁နာရီအလုပ် ၀င်လို့ မနက်၂နာရီဆို အလုပ်ကပြန်ပါပြီ။ ကိုပီတာကညနေ၆နာရီဝင်ပြီး မနက်၆နာရီမှအလုပ်ကနေပြန်ရပါ တယ်။ စာရေးသူတို့ပြန်တဲ့အချိန်မနက်၂နာရီဆိုရင် “ခင်မ” တစ်ယောက်တစ်ရေးနိုးတဲ့ချိန်ပါ။ စာရေးသူ တို့ပြန်လာရင် အဖော်မရှိလို့စကားလာလာပြောနေတာ မို့မကြာခင်မှာပဲစာရေးသူနဲ့ “ခင်မ” လည်းတော်တော်လေး ရင်းနှီးလာပါတယ်။ စာရေးသူထက် အသက်ငယ်တာကလည်းတစ်ကြောင်း ပိန်သေးသေးလေးနဲ့မို့ “ခင်မ” ပုံစံလေးက ကလေးတစ်ယောက်နဲ့ပိုပြီးတူနေတာမို့ စာရေးသူအနေနဲ့ ညီမလေးတစ်ယောက်လိုခင်မင်မိပါတယ်(စာရေးသူမှာအိမ်ထောင်ရှိတယ်ဆိုတာကိုပီတာနဲ့ ကိုမောင်ပြောပြ ထားလို့ “ခင်မ” သိထားပြီးသားပါ)။ ဒါကြောင့် “ခင်မ” ကလည်းစာရေးသူကို အကို တစ်ယောက်လိုသာ ဆက်ဆံခဲ့ပါတယ်။ 


သွေးမတော်၊ သားမစပ်သူစိမ်းတစ်ရံယောက်ျားသားတွေနဲ့အတူနေ နေရတဲ့မိန်းမသားဘ၀ဟာတကယ်ပဲ လုံခြုံမှုမရှိဘူးဆိုတာကို အရွယ်ရောက်နေပြီဖြစ်တဲ့“ခင်မ”တစ်ယောက်မိန်းမသားတို့ သဘာဝအရအန္တရာယ် ကိုသိနေပါပြီ။ အလုပ်ကလည်း မရသေး၊ ဘယ်မှလည်း မသွားတတ်မလာတတ်၊ ဆွေမျိုးအရင်းအချာလည်း မရှိဆိုတော့ သူတွက်အားကိုးအားထားပြုစရာ စာရေးသူတို့သုံးယောက်သာလျှင် “ခင်မ” အနားမှာရှိနေတာ မဟုတ်ပါလားခင်ဗျာ။ အဲဒီတော့ “ခင်မ” အနေနဲ့ သူ့ဘ၀အတွက် အားကိုးအားထား ရှာရပြီပေါ့။ အဲလိုမှမရှာ ရင်သူ့ဘ၀လုံခြုံမှုမရှိဘူးဆိုတာ စာရေးသူအနေနဲ့လည်း အတပ်သိနေပါတယ်။ ဘာလို့လည်းဆိုတော့ကိုယ့် သူငယ်ချင်းနှစ် ယောက်လုံးရဲ့“ ဇ ” နဲ့ခြေလှမ်းကို စာရေးသူအသိဆုံးမို့လို့ပါ။ အဲဒီအချိန်မှာ ကိုပီတာရော၊ ကိုမောင်ပါ “ခင်မ” ကိုအပြိုင်ချဉ်းကပ်နေကြပါပြီ။ “ခင်မ”အနေနဲ့လည်းသိပ်အချိန်ဆွဲနေလို့ မရတော့အခြေ အနေမို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးရမှာဖြစ်တာမို့ ကိုပီတာထက် အစစအရာရာသာသလို အပြောချိုချို နဲ့ ခင်မအပေါ်ဂရုတစ်စိုက်ရှိလှတဲ့ ကိုမောင့်ကို “ခင်မ” ရွေးချယ်တာ မှားတယ်လို့မဆိုလိုနိုင် ပါဘူး။ “ခင်မ” နဲ့ကိုမောင် အသက်တော်တော်ကွာပေမယ့် ကိုမောင်ကလူကြီးမို့အစစအရာရာ သည်းခံနိုင် မှာပါလို့စာရေးသူအကောင်းမြင်မိပါတယ်။ ကိုမောင့်အနေနဲ့လည်းစာရေးသူကို“ရာဇာရေ.. ကောင်မလေးက နားစရာပါကွာ..သူ့မိဘတွေနဲ့သူ့မောင်တွေ၊ ညီမလေးတွေအတွက်လာပြီးအလုပ်လုပ်နေရတာ…အလုပ်က လည်းမရသေးတဲ့အပြင် အကိုတို့ဆီမှာလာပြီးမှီခိုနေရတော့ သူ့ခမြာတော်တော်အားငယ်နေရှာတာ…သူဒီ ကိုလာတုန်းကချေးဌားလာတဲ့ငွေကလည်း တစ်ပြားမှမဆပ်ရသေးဘူးတဲ့ ရာဇာရေ ” လို့မကြာခဏဂရုဏာ သက်စွာပြောနေတာမို့ စာရေးသူလိုပဲသူလည်း “ခင်မ” ကိုသနားဂရုဏာသက်မိနေတယ်လို့ စာရေးသူထင် ထားပါတယ်။ အလုပ်ပြီးလို့ အိမ်ပြန်ရောက်တိုင်း “ခင်မ” စာရေးသူတို့နဲ့လာစကားပြောနေကျပါ။ ကိုမောင်နဲ့ “ခင်မ”သာအဓိကပြောနေကြတာမို့ စာရေးသူကတော့နားထောင်ယုံသက်သက်ပါ။ ဒါကြောင့်သူတို့မအိပ် ခင်စကားဝိုင်းကစောစောပြန်ပြီးအိပ်ရာဝင်တာ စာရေးသူပါ။ သူတို့ချင်း တော်တော်အဆင်ပြေနေတယ်ဆို တာစာရေးသူရိပ်မိပေမယ့်မသိချင်ယောင်ဆောင်နေလိုက်ပါတယ်။ နောက်တစ်ပတ်လောက်အကြာမှာတော့ ကိုမောင်က စာရေးသူကို “ရာဇာရေ… အကို တော့ ကောင်မလေးနဲ့မှားခဲ့ပြီကွာ…သူများသားသမီးဆိုတော့ စားပြီးနားမလည်လုပ်ရင်ရိုင်းရာကျမယ်၊ အကိုပဲအစစအရာရာသူ့တာဝန်ယူတော့မယ် ”လို့လာပြောပါတယ်။ စာရေးသူလည်းဖြစ်လာမယ်ဆိုတာ ကြိုတွေးထားပြီးသားမို့ သိပ်တော့မအံသြသွားပါဘူး။ အခုလိုကိုမောင့် အနေ နဲ့ ဖွင့်ပြောလာလိုက်မယ်လို့တော့ ထင်မထားတာအမှန်ပါ။ ဘာလို့လည်းဆိုတော့ ကိုမောင်တွဲနေတဲ့ အရင်ကောင်မလေး တွေတုန်းကအဲလိုတာဝန်ယူရမယ်ဆိုတဲ့စကားမျိုးမပြောဘူးခဲ့လို့ ဒီတစ်ခါတော့ ကိုမောင်တစ်ယောက် တကယ်ပဲအတည်တစ်ကျနဲ့ခြေငြိမ်သွားပြီလို့ စာရေးသူယူဆလိုက်ပါတယ်။ “ခင်မ” အတွက်လည်းစိတ် အေးသွားရပါတယ်။ ကိုမောင်နဲ့ကိုပီတာလည်း“ခင်မ”နဲ့ပတ်သက်လို့ တစ်ယောက်နဲ့ တစ်ယောက်မကြေမလည်လေးဖြစ်သွားပါတယ်။ စာရေးသူလည်း အဆင်မပြေတဲ့ သူတို့နှစ်ယောက်ကြား အတော်လေးသတိထားပြီးနေခဲ့ရပါတယ်။ အဲဒီလိုနဲ့ နောက်များမကြာမီ ကိုပီတာလည်းမိန်းမတစ်ယောက် အိမ်ပေါ်ကောက်တင်လာပြီးမှ နှစ်ယောက်စလုံးတော်တော်လေးခြေငြိမ်သွားကြပါတယ်။ 


မိန်းမကိုယ်စီနဲ့မို့အားလုံးအေးဆေးဖြစ်သွားသလို လိုင်းစုံတဲ့ကိုမောင်တစ်ယောက်လည်းအားလုံးပြတ်သွားပြီး ဘုရား၊ တရားဖက်ကိုအတော်လေး အာရုံရောက်လာပါတယ်။ မိန်းမလိုက်စားတာဝါသနာပါလှတဲ့ ကိုပီတာ လည်း အခုအတူနေတဲ့အမျိုးသမီးနဲ့မှတော်တော်လေး နေသားကျသွားကြပါတော့တယ်။ အရင်တုန်းက လူစည်ကားတဲ့ စာရေးသူတို့အိမ်လည်း အိမ်ရှင်နှစ်ယောက်ရဲ့အဆင်မပြေတဲ့ အဆိုင်အခဲလေးတွေကြောင့် အရင်လိုမလာကြတော့ပါဘူး။ “ခင်မ” လည်းစာရေးသူတို့ အိမ်နဲ့ နီးနီးနားနားက အလုပ်မှာအလုပ်ရလို့ သူလည်းအဆင်ပြေသွားပါပြီ။ “ခင်မ” အလုပ်ကနေစရာအခန်းပေးပေမယ့် သွားမနေပဲသူ့အမျိုးသား ကိုမောင်နေတဲ့ စာရေးသူတို့အိမ်မှာသာ လိုက်နေပါတယ်။ အဲဒီအချိန်အထိတော့ “ခင်မ” တစ်ယောက်အ ဆင်ပြေနေပါတယ်။ ချစ်စ၊ ခင်စ၊ ကြင်နာစ ဆိုတော့ ဘယ်အပြစ်မြင်နိုင်ပါ့ မလည်းခင်ဗျာ။ သူတို့တွေ အိမ်ထောင်တွေကိုယ်စီတွေနဲ့မို့ တစ်ယောက်ထဲနေရတဲ့ စာရေးသူလည်း မြန်မာပြည်မှာကျန်ခဲ့တဲ့ဇနီးသည် ကိုခေါ်ချင်နေမိပါတယ်။ ကိုပီတာရော၊ ကိုမောင်ကပါ “ရာဇာ .. မင်းမိန်းမကိုခေါ်လိုက်ပါလား” သူဌေးကို သူတို့ပြောပေးမယ်လို့အကြံပေးလို့ စာရေးသူလည်းဇနီးသည်ကို ခေါ်လိုက်ပါတယ်။ အဲဒီတော့စာရေး သူတို့သုံးယောက်စလုံး အိမ်ထောင်ကိုယ်စီတွေနဲ့ပေါ့။ ကိုမောင်တို့လင်မယား နဲ့ကိုပီတာတို့လင်မယား စကားမပြောကြပေမယ့် စာရေးသူတို့လင်မယားကိုတော့ သူတို့အားလုံးပြောဆိုဆက်ဆံကြပါတယ်။ ဒီလိုနဲ့ လက်ရှိနေတဲ့အိမ်ကို ပိုင်ရှင်ကဆက်ပြီးမဌားတော့တာမို့ တခြားအိမ်ကိုပြောင်းပြီးဌားရပါတယ်။ ကိုမောင်နဲ့ အဆင်ပြေတဲ့စာရေးသူတို့ ကတစ်အိမ်နေရပြီး၊ ကိုပီတာတို့လင်မယား ကိုတစ်အိမ်သပ်သပ်သူဌေးက ဌားပေးပါတယ်။ အဲဒီအချိန်အထိ “ခင်မ” တို့အိမ်ထောင်ရေးအဆင်ပြေနေတယ်လို့ စာရေးသူထင် မိနေတာပါ။ စာရေးသူတစ်ယောက်ထဲထင်နေတာမဟုတ်ပါဘူး။ သူငယ်ချင်းအားလုံးက ကိုမောင်နဲ့“ခင်မ” တို့ရဲ့အိမ်ထောင်ရေး အစစအရာရာဆင်ပြေနေကြတယ်လို့ ထင်ထားကြတာပါ။ ဘာလို့လည်းဆိုတော့ စာရေးသူတို့ရှေ့မှာရော၊ သူငယ်ချင်းအပေါင်းသင်းတွေရှေ့မှာပါ ကိုမောင်က “ခင်မ”ကိုအရမ်းကြင်နာသ လို၊ “ခင်မ”နဲ့ပတ်သက် ပြီးသူ့အနေနဲ့လင့်ဝတ္တရားတကယ်ကျေခဲ့တာ၊ အစစအရာရာအလိုလိုက်တာကိုတွေ့ မိလို့ သူတို့အိမ်ထောင်ရေးအဆင်ပြေသလို “ခင်မ” လည်းအရမ်းကံကောင်းတယ်လို့ အားလုံးထင်မိ ကြတာပါ။ 


ဒီလိုနဲ့ တစ်နှစ်ကျော်ကျော်လောက်အကြာမှာတော့ ကိုမောင်တစ်ယောက် ရာထူးတွေတိုးပြီးတခြားနေ ရာမှာအလုပ်ပြောင်းလုပ်ရပါတယ်။ သူ့ရဲ့အလုပ်နေရာမှာနေရာထိုင်ခင်းအခက်အခဲကြောင့် “ခင်မ”ကိုခေါ် မသွားနိုင်ပဲ လက်ရှိနေတဲ့စာရေးသူတို့အိမ်မှာသာ “ခင်မ”ကိုဆက်ပြီးနေစေခဲ့ပါတယ်။ “ခင်မ”ရယ်၊ စာရေး သူတို့မိသားစုရယ်ပေါ့။ ကိုမောင်ကတော့တစ်ပတ်ကို ၂ရက်လောက်ပြန်လာတတ်ပါတယ်။ စာရေးသူ တို့မိသားစုကိုကြည့်ပြီး “ခင်မ”အနေနဲ့ အားကျကြောင်း၊ အဲဒီလိုနွေးထွေးတဲ့ဘ၀မျိုးကို “ခင်မ” အနေနဲ့လို ချင်တဲ့အကြောင်း စာရေးသူတို့ဇနီးမောင်နှံထံမှာ မကြာခဏညှိုးငယ်စွာပြောဆိုတတ်ပါတယ်။ အဲဒီတုန်း ကတော့ “ခင်မ” အနေနဲ့ဘာကိုရည်ရွယ်ပြောသလည်းဆိုတာ စာရေးသူသဘောမပေါက်ခဲ့ပါဘူး။ နောက် မှစာရေးသူရဲ့ဇနီးသည်ထံမှ ကိုမောင်နဲ့ “ခင်မ”တို့ရဲ့ဆက်ဆံရေးအခြေအနေတွေကိုသိလိုက်ရပါတော့ တယ်။ စာရေးသူအပါအ၀င် မိတ်ဆွေသူငယ်ချင်းအပေါင်းများရှေ့မှာ အပြောချိုသဘောကောင်း သလောက် “ခင်မ”အပေါ်အနုနည်းနဲ့ နှိပ်စက်တတ်တဲ့အကြောင်း၊ မိတ်ဆွေသူငယ်ချင်းလင်မယားတွေ အိမ်ထောင်ရေး အဆင်မပြေတဲ့ကိစ္စတွေမှာ လင်ရောမယားပါအဆင်ပြေသွားအောင်ပြောဆိုဆုံးမတတ်သလောက် “ခင်မ” နဲ့သူရဲ့အိမ်ထောင်ရေးမှာ ကိုမောင့်အနေနဲ့ ၀တ္တရားမကျေပဲ ထင်ရာစိုင်းနေတဲ့အကြောင်း၊ အများအမြင်မှာ လူအထင်ကြီးအောင် ဘာသာတရားကိုင်းရှိုင်းအောင်ပြုမူပြီးနောက်ကွယ်မှာ ကလပ်သွားပြီးမိန်းမရှုပ်ပွေနေ တဲ့အကြောင်းတွေကို“ခင်မ”အနေနဲ့ စာရေးသူတို့ကိုရင်ဖွင့်လာပါတယ်။ စာရေးသူအနေနဲ့တော့တော်တော် အံသြမိပါတယ်။ “ခင်မ”အနေနဲ့ ကိုမောင့်အပေါ် ပိုပိုသာသာပြောတာပဲလို့လက်ခံထားလိုက်ပါတယ်။ ဘာလို့ လည်းဆိုတော့ “ခင်မ” ပြောနေတာတွေနဲ့ စာရေးသူတို့အမြင်မှာ ပြောဆိုဆက်ဆံတာတွေက တခြား စီဖြစ်နေလို့ပါ။ “ခင်မ”နဲ့ရင်းနှိးတယ်ဆိုတဲ့သူတွေအားလုံးဟာ ကိုမောင့်မိတ်ဆွေသူငယ်ချင်းတွေပါပဲ။ ကိုမောင်နဲ့ ပေါင်းလာတာနှစ်တော်တော်ကြာနေကြပြီဖြစ်တဲ့မိတ် ဟောင်းဆွေဟောင်းတွေပါ။ “ခင်မ” ပြော တဲ့စကားကို ဘယ်သူမှယုံကြည်ကြမှာမဟုတ်သလို တစ်အိမ်ထဲ(၇)နှစ်လောက်အတူနေလာတဲ့ စာရေး သူတောင် အယုံအကြည်မရှိခဲ့ပါဘူး။ 


တကယ်တော့“ခင်မ” ပြောခဲ့တာတွေဟာအမှန်တွေပါ။ ခင်မအနေနဲ့စာရေးသူအပေါ်မှာအကိုတစ်ယောက် လိုဆက်ဆံတာကို ကိုမောင်တစ်ယောက်မကြိုက်သလို၊ ကိုမောင့်သူငယ်ချင်းယောက်ျားလေးတွေအပေါ်ခင် ခင်မင်မင်ဆက်ဆံတာမျိုးကိုလည်း ကိုမောင်မကြိုက်ခဲ့ပါဘူး။ အားလုံးရှေ့မှာတော့ကိုမောင့် အနေနဲ့ လိုက်ရောညီထွေပြောဆိုနေထိုင်ပေမယ့် စာရေးသူတို့နောက်ကွယ်ရောက်ရင်တော့ “ခင်မ” အနေ နဲ့တော်တော်လေးအပြောအဆို အရိုက်အနှက်ခံရပြီး အားလုံးနင့်လင်တွေမို့ လားဆိုပြီးအပြစ်ဆိုစွပ်စွဲတတ်ပါ တယ်။ မိန်းမငယ်ငယ်လေးယူပြီးချစ်လို့သ၀န်တိုတာဆိုရင်တော့ စာရေးသူလက်ခံပါတယ်။ အခုလိုကိုမောင့် အနေနဲ့ “ခင်မ”ကိုပြောရလောက်အောင်လည်း “ခင်မ”အနေနဲ့ အနေအထိုင်မတတ်တဲ့ ခပ်ပျက်ပျက် မိန်းကလေးမျိုးလည်းမဟုတ်ပါဘူး။ “ခင်မ”ရဲ့ရင်းနှိးတဲ့မိတ်ဆွေတွေဆိုတာလည်း စာရေးသူတို့လို့ကိုမောင့် ရဲ့မိတ်ဆွေတွေပါပဲ။ အားလုံးကို ကိုမောင်နဲ့ပတ်သတ်ပြီးမှ“ခင်မ”ရင်းနှီးခွင့်ရတာပါ။ အဲဒီလိုကို မောင့်အနေ နဲ့ ဟိုလူနဲ့သမုတ်လိုက်၊ ဒီလူနဲ့စွပ်စွဲလိုက်နဲ့ “ခင်မ” ခမြာအမြဲတမ်းစိတ်ဆင်းရဲနေခဲ့ရတာပါ။ အလုပ်မှာ ပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ လမ်းမှာသွားရင်းလာရင်း “ခင်မ”ကို ကိုမောင်နဲ့အတူတွေ့ခဲ့ရင် ရင်းရင်းနှိးနှိးမ ဆက်ဆံဖို့ “ခင်မ”အနေနဲ့အားလုံးကိုတောင်းပန်ထားရတဲ့အထိကို အခြေအနေဆိုးပါတယ်။ အဲဒီလိုနဲ့ကြာ လာတော့ “ခင်မ” ခမြာအပေါင်းအသင်းတော်တော်ရှားပါးသွားတော့တယ်။ စာရေးသူကတော့ နဂိုအတူနေ တဲ့သံယောဇဉ်ကလည်းရှိ၊ အခြေအနေမှန်တွေကိုလည်းသိထားသလို၊ ကိုမောင်ဆိုတာ ကလည်းကိုယ် နဲ့ပေါင်းသင်းနေထိုင်လာခဲ့တာကြာပြီမို့ ညီအကိုလိုဖြစ်နေတာမို့ ရေလိုက်ငါးလိုက်ပဲ ဆက်ဆံနေလိုက် ပါတယ်။ 


ဒီလိုနဲ့စာရေးသူရဲ့ဇနီးသည်နဲ့သားလေးလည်း နေထိုင်ခွင့်နှစ်စေ့လို့မြန်မာပြည်ပြန်သွားသလို “ခင်မ” တစ်ယောက်လည်း ကိုမောင်အလုပ်ရှိရာနေရာကိုအပြီးပြောင်းရွေ့သွားပါတယ်။ “ခင်မ” ပြောင်းသွားတဲ့ နေ ရာမှာအသိမိတ်ဆွေမရှိတာကတစ်ကြောင်း၊ ကိုမောင့်အနေနဲ့အရင်ကထက်ပိုပြီး သူ့ကိုနှိပ်စက်နေတာမို့ စာရေးသူတို့ထံဖုန်းနဲ့ ငိုယိုပြီးရင်ဖွင့်ရှာပါတယ်။ “ခင်မ”အနေနဲ့ သူ့ခံစားချက်တွေကိုရင်ဖွင့်ချင်ရင် အကို လိုဖြစ်နေတဲ့ စာရေးသူရယ်၊ အမတစ်ယောက်လို ခင်မင်ရင်းနှီးနေတဲ့ ကိုမောင့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေ အမတစ်ယောက် ရယ်ထံမှာသာရင်ဖွင့်လေ့ရှိပါတယ်။ စာရေးသူရော၊ အဲဒီအမလင်မယားနှစ်ယောက်စလုံး ကိုမောင်ရဲ့သူငယ်ချင်းအရင်းကြီးတွေပါ။ ဒါကြောင့်“ခင်မ”နဲ့ ကိုမောင့်အကြောင်းအူမချေးခါးအကုန်လုံးသိ ထားတာမို့ စာရေးသူရောအဲဒီအမပါ “ခင်မ”ကိုသနားပြီးသူစိတ်သက်သာယာရအောင် တတ်နိုင်သလောက် နားထောင် နှစ်သိမ့်အားပေးနေခဲ့တာပါ။ စာရေးသူရော၊ အဲဒီအမပါ ကြားသုံးကြားထဲမှာပါတဲ့ “လင်မယား ကြား” ထဲမှာ မ၀င်ကောင်းဘူးဆိုတာကိုသိပေမယ့် “ခင်မ”ကိုသနား တဲ့စိတ်နဲ့ မိတ်ဆွေကောင်းပီသစွာ သည်းခံပြီး ဆက်ဆံခဲ့ပါတယ်။ အခုတော့အဲဒီအမလည်း သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ ကိုမောင့်ရဲ့ ကြမ်းတမ်းတဲ့ရိုင်းစိုင်းတဲ့အပြုအမူ၊ အပြောအဆိုတွေကိုကိုယ်တိုင်ကြား သိရလိုက်ရလို့ တော်တော်လေး အံသြတုန်လှုတ်သွားခဲ့ရပါတယ်။ 


တစ်ရက်မှာတော့“ခင်မ”တစ်ယောက် ကိုမောင့်ကိုဘာမှမပြောပဲအဲဒီအမရဲ့အိမ်ကို အလည်သွားပြီးသူခံ စားနေရတဲ့စိတ်ဒုက္ခတွေကို ရင်ဖွင့်နေတဲ့အချိန်ပေါ့။ “ခင်မ” ပျောက်နေလို့အိမ်မှာ ဒေါသပုန်ထနေတဲ့ ကိုမောင်လည်း သူ့မိန်းမ “ခင်မ”ကိုဖုန်းခေါ်ပြီးဖုန်းထဲမှာ ပြောလိုက်တာရစရာကိုမရှိပါဘူးတဲ့ခင်ဗျာ။ ပေးစား လိုက်တာလည်း “ခင်မ”နဲ့ရင်းနှီးတဲ့ယောက်ျားမှန်သမျှအကုန်ပါဘဲ။ မကြားဝင့်မနာသာ ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးတွေသုံးပြီးပြောတာကို ဖုန်းစပီကာဖွင့်ထားတာမို့ အဲဒီအမလည်းနားနဲ့ဆက်ဆက်ကြားလိုက်ရပြီး ဘုရားပါတလိုက်မိပါတယ်လို့ စာရေးသူပြန်ပြောပြပါတယ်။“ကိုရာဇာရေ.. ကိုမောင့်ပါးစပ်ကအဲလိုစကားလုံး မျိုးတွေထွက်လာတာကျွန်မတော်တော်အံသြသွားတယ်သိလား.. “ခင်မ” ကျွန်မဆီရောက်နေတာလည်း သူမသိဘူး၊ အခုလို“ခင်မ”ဖုန်းစပီကာဖွင့်ထားမယ်ဆိုတာလည်း သူသတိမထားမိဘူးထင်တယ်… ပြော လိုက်ပြောလိုက်တာ ကျွန်မတို့သူငယ်ချင်းမဟုတ်တဲ့အတိုင်းပဲ…ကိုမောင် အဲဒီလောက်ရိုင်းစိုင်းမှန်း အစကကျွန်မတို့မသိခဲ့ဘူး…အခုတော့နားနဲ့ဆက်ဆက်ကြားလိုက်ရလို့ယုံသွား ပြီးကိုရာဇာရေ…ကျွန်မတော့ “ခင်မ” ကိုသနားပေမယ့် ကိုမောင့်ရဲ့ပါးစပ်ကိုတော်တော် ကြောက်သွားလို့ နောင်ကိုဆက်ဆံ ဖို့တောင်တော်တော်စဉ်းစားနေရတယ် ကိုရာဇာရေ…” လို့စာရေးသူကို အဲဒီအမက ပြန်ပြောပြပါတယ်။ အဲဒီနေ့ထဲကငိုယိုပြီးပြန်သွားတဲ့ “ခင်မ” တစ်ယောက်လည်းဘာသံမှမကြားရတော့ပါဘူး။


စာရေးသူနဲ့ကိုမောင်ဟာ လုပ်ငန်းချင်းစပ်ဆက်နေတာမို့ ဖုန်းအဆက်အသွယ်အမြဲတမ်းရှိနေပါတယ်။ အဲလိုပြောဆိုဆက်ဆံတဲ့နေရာမှာ ဟိုးယခင်ကအတိုင်း ညီအကိုလိုပဲပြောဆိုဆက်ဆံနေတုန်းပါ။ “ခင်မ” နဲ့ပတ်သက်ရင်လည်း အကိုက“ခင်မ” ကိုဘာမှမခိုင်းဘူး၊ သူ့မိဘတွေကို အကိုဘယ်လောက်ထောက် ပံ့ပေးလိုက်တယ် စသဖြင့်သကာလောင်းပြီးရွှမ်းရွှမ်းဝေနေအောင်ပြောနေတုန်းပါ။ အများအမြင်မှာတော့ သူကသူတော်ကောင်းပေါ့ခင်ဗျာ။ လင့်ဝတ္တရားကျေပွန်တဲ့သူပေါ့ခင်ဗျာ။ စာရေးသူတို့သူငယ်ချင်း တွေရှေ့ မှာတပ်ထားတဲ့ သူ့ရဲ့မျက်နှာဖုန်းဟာ အားလုံးလေးစားထိုက်တဲ့လူတစ်ယောက်ပေါ့ခင်ဗျာ။ သူ့ရဲ့အပြုအ မူတွေကို စာရေးသူတို့မသိသေးဘူးလို့ ကိုမောင်တစ်ယောက်ထင်နေတုန်းပါခင်ဗျာ။ “ခင်မ” အ တွက်နောင်ရေးကတော့ ရင်လေးစရာပါခင်ဗျာ။ 


ခင်မနဲ့ပတ်သက်လို့ ပြန်တွေးကြည့်လိုက်ရင် “ခင်မ”အနေနဲ့ ကိုမောင့် ကိုယူလိုက်တာဟာအပျိုရည်ပျက်ပြီး “အိမ်ထောင်သည်” ဖြစ်သွားတာပဲအဖတ်တင်ပါတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်လုပ်စာကိုယ်စားနေ ရတာမျိုးပါ။ မြန်မာပြည်မှာကျန်ခဲ့တဲ့မိဘတွေကိုယ်လည်း ကိုယ့်လုပ်စာနဲ့သာ “ခင်မ” ထောက်ပံ့ခဲ့ရှာတာ ပါ။ အိမ်ထောင်ပြုလိုက်လို့လည်း လင်ယောက်ျားရဲ့အထောက်အပံ့ဘာမှမရခဲ့တဲ့အပြင် နေ့စဉ်ရက်ဆက် တစ်မျိုးမျိုးနဲ့စိတ်ဆင်းရဲနေရတဲ့ “လင်ဆိုးမယားတဖားဖား” ဘ၀ပါ။ ကိုမောင်ကလပ်သွားလို့လည်းမသွားပါ နဲ့ပြောလို့ မရ၊ ဟော်တယ်လိုနေရာမျိုးမှာ တခြားမိန်းမနဲ့သွားအိပ်တဲ့ကိစ္စကိုသိလို့တားလည်း တားပိုင်ခွင့်မရ၊ မိန်းမတစ်ယောက်အနေနဲ့ဘာမှ ချိုသည်၊ ခါးသည်ပြောပိုင်ခွင့်မရှိပဲ ကိုမောင်ပြုသမျှလည်စင်းခံနေရတဲ့ “ခင်မ” ဘ၀ဟာသနားစရာပါ။ ကိုမောင့်ရဲ့ဒဏ်တွေကိုမခံစားနိုင်လို့လမ်းခွဲလိုက်ပြီထားပါအုန်း… ငယ်ငယ်ရွယ်ရွယ်နဲ့တစ်ခုလပ်ဖြစ်ပါအုန်းမယ်… ဆက်ပြီးပေါင်းသင်းနေထိုင်မယ်ဆိုရင်လည်းအမြဲတမ်းစိတ် ဆင်းရဲ၊ ကိုယ်ဆင်းရဲနဲ့ တစ်သက်လုံးနေသွားရအုန်းမှာပါ။ “ခင်မ” ခမြာ “ဆုပ်လည်းဆူး၊ စားလည်းရူး” အဖြစ်မျိုးပါ။ ဒါကြောင့်အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ရှေးလူကြီး သူမများက “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးအချက်မပိုင်လျှင် နောင်ပြင်ရန်ခက်တဲ့အမျိုး” လို့တင်စားပြီး ဆိုရိုးစကားထားရှိခဲ့တာနေမှာပါ။ “လှေကုန်ရှုံးရင်တစ်ခေါက်၊ လင်ကုန်ရှုံးရင် တစ်သက်လုံးမှောက်” ဆိုတဲ့ စကားပုံလေးကလည်း “ခင်မ”အတွက်တော့ သွေးထွက်အောင်မှန်တဲ့စကားလေးပါ။ 


ဒါကြောင့်ညီမငယ်များအနေနဲ့ အိမ်ထောင်ပြုတော့မယ်ဆိုရင် အစစအရာရာသေချာစဉ်းစားပြီးမှဆုံးဖြတ် ကြဖို့အသိပေးချင်ပါတယ်။ နှလုံးသားအလိုကိုလိုက်လို့ အချစ်တစ်ခုထဲနဲ့ဘ၀ကိုရူးရူးမိုက်မိုက် တည်ဆောက် လို့လည်းမရနိုင်ပါဘူး။ အိမ်ထောင်သည် ဘ၀ကိုရောက်လာရင် အဲဒီအချစ်ဆိုတာဟာ ဒုတိယနေရာကို အလိုလိုရောက်သွားတတ်တာမျိုးပါ။ အိမ်ထောင်ရေးမှာ အဓိကလိုအပ်တာက “တစ်ယောက်အပေါ် တစ်ယောက် ကြင်ကြင်နာနာနဲ့ နားလည်ပေးမှု” ကသာအဓိကကျပါတယ်။ ဒါကြောင့် ညီမငယ်များအနေနဲ့ “ခင်မ”ရဲ့အဖြစ်လေးကိုသင်ခန်းစာယူလို့ “လင်ကုန်မရှုံးရလေအောင်” သေသေချာချာစဉ်းစားဆုံးဖြတ်နိုင် ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


ရာဇာထွေး

မှတ်ချက်။ ။ ပြည်ပမှာ living together နေထိုင်ပြီးအိမ်ထောင်သည်ဘ၀ကိုရောက်သွားတဲ့ညီမလေးတစ်ရဲ့ သနားစရာအဖြစ်အပျက်လေးပါ...အမေသေလို့လည်းပြည်တော်မပြန်နိုင်၊ ကျန်ခဲ့ညီအကိုမောင်နှမတွေနဲ့ လည်းတွေ့ခွင့်မရရှာပဲမျက်စိသူငယ်၊ နားသူငယ်နဲ့ လင်ယောက်ျားဆိုးသမျှကိုခါးစည်းခံနေရတဲ့ ညီမလေး တစ်ယောက်ရဲ့အကြောင်းပါလေးပါ... သူလိုမိန်းကလေးမျိုးတွေအများကြီးရှိနေမှာပါ... ဒီပို့စ်လေးထဲကနေ သင် ခန်းစာကောင်းတွေထုတ်ယူနိုင်ကြပါစေ။
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: