ကျွန်တော်တို့မြန်မာနိုင်ငံတွင်
ဆယ့်နှစ်လ(၀ါ)ဆယ့်နှစ်ရာသီ အတွက်အမျိုးသားပွဲတော် ဆယ့်နှစ်မျိုး၊
ဆယ့်နှစ်စား ရှိပါသည်။ ဤဆယ့်နှစ်လရာသီများကို
ရည်ရွယ်၍ ဘိုးတော်ဘုရားလက်ထက်အခါက “အမတ်သရေသင်္ခယာ” သည် “သာဓိနပျို့အပုဒ် ၃၀”
တွင် “သင်္ကြန်တာကူး(၁)၊
နှစ်ဦးညောင်ရေ(၂)၊ စာပလွေခင်း(၃)၊ ပဉ္စင်းတော်ခံ(၄)၊ စာရေးတံ(၅)နှင့်
မြစ်ယံပွဲကြီး(၆)၊
ဆီးမီးထွန်း ချိန်(၇)၊ ကထိန်(၈)၊ နတ်ကျင်း(၉)၊ မြင်းခင်း(၁၀)၊
သဘင်မီးဖုံး(၁၁)၊ ဂူလုံးသဲပုံ(၁၂)
စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်စမြဲဆဲ့ နှစ်ပွဲ” ဟုဤကဲ့သို့အကျဉ်းချုပ်
ဖွဲ့ဆိုခဲ့ဖူးပါသည်။
“သင်္ကြန်တာကူး တန်ခူးလ- သင်္ကြန်ပွဲတော်”
ယခုလို
“ထန်းခူးသောလ၊ တန်ခူးလ” မိဿရာသီတွင်
မြန်မာရိုးရာသင်္ကြန်ပွဲတော် (ရေသဘင်ပွဲတော်) ကိုအစဉ်အလာမပျက်
ဆင်ယင်ကျင်းပလာကြသည်မှာ ယနေ့တိုင်ထိပင်ဖြစ်ပါသည်။
ရှေးမြန်မာမင်းများလက်ထက်မှစ၍ ယနေ့ထိ ဆင်ယင်ကျင်းပခဲ့သော
နှစ်သစ်ကူးအတာရေသဘင်ပွဲတော်ကို
မြန်မာရိုးရာသင်္ကြန်ပွဲတော်အဖြစ် ယဉ်ကျေးမှုများ မပျောက်ပျက်သွားစေရန်
ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ ကျွန်တော်တို့မြန်မာ တမျိုးသားလုံး၏
မွေးရာပါ သမိုင်းပေးတာဝန်ပင်ဖြစ်ပါသည်။
လွန်ခဲ့သောနှစ်များဆီမှ မြန်မာ့ရိုးရာသင်္ကြန်သည်
အတော်လေးသရုပ်ပျက်ခဲ့သလို မြန်မာ့ရိုးရာယဉ်ကျေးမှုများကိုလည်း များစွာ မှေးမြိန်စေခဲ့ပါသည်။
လျှင်မြန်စွာပြောင်းလဲတိုးတက်လာနေသော ခေတ်ကြီးအတွင်းမှာ ခေတ်နဲ့လျော်ညီစွာ ၀တ်စားဆင်ယင်
သည်ကိုတော့အပြစ်မဆိုသာပါ။ သို့ပေမယ့် မင်္ဂလာရှိလှတဲ့မြန်မာနှစ်သစ်ကူးအခါသမယ ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်အတွင်း
မှာဖြင့် “အလွန်အကျွံသရုပ်ပျက်လောက်အောင်” ၀တ်စားဆင်ခြင်း၊ မူးယစ်သောက် စားခြင်းများကိုတော့
မပြုသင့်ပေ။
မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုကို မိမိတို့ကိုယ်တိုင်
တန်ဖိုးထားထိန်သိမ်းစောင့်ရှောက်ရမှာပါ။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်သွားမှာပါ။
ဒါကြောင့်မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်လာအမွေအနှစ် တွေမပျောက်ပျက်သွားစေရန်
လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန်ဟာ လူသားတိုင်း၊ လူမျိုးတိုင်းရဲ့မွေးရာပါ
သမိုင်းပေးတာဝန်တစ်ခုပါ။ မင်္ဂလာရှိလှတဲ့နှစ်သစ်ကူးခြင်း အချိန်အခါသမယကိုကျက်သရေမင်္ဂလာရှိစွာဖြင့်
ဖြတ်သန်းပျော်ရွှင်ကြရင်ပိုပြီးတော့ မကောင်းပေဘူးလား ခင်ဗျာ။
ကျွန်တော်တို့ရဲ့ မြန်မာနှစ်သစ်ကူး
အတာသင်္ကြန်သည် အင်တန်မှပင်နူးညံ့သိမ်မွေ့လှပါသည်။ ရှေးယခင် ကမြန်မာနှစ်သစ်ကူး ရေသဘင်ပွဲတော်
(အတာသင်္ကြန်) များတွင် မြန်မာလူမျိုးများ ယဉ်ကျေးသိမ်မွေ့စွာ နံ့သာရေများဖြင့် တစ်ဦးနှင့်တစ်ဦး
သွန်း လောင်းပျော်မြူး ကြပုံကို အင်းဝဘွဲ့ခံ ဆယ့်နှစ်ရာသီလူးတားတွင်-
တောင်လေ သုတ်ဖြူး၊
လတန်ခူးမူ မြူးတူးပျော်ရွှင်၊
တာသဘင်ဝယ် ဆင်ယင်တုပ၊
လွရ ရွတည့်။
ငြိမ့်မျှ စောင်းငြင်း၊
အဲ သီချင်းနှင့် ထုံသင်းနံ့သာ၊
ရေသီတာဝယ် စမ္ပာကရမက်၊
ပန်းပေါင်းဖက်၍ ရွှေခွက်အပြည့်၊
မွှေးမျိုးထည့်မှ လည်လှည့်ဆူလှယ်၊
တင့်စံပယ်လျက် ပြုံးရယ်ရွှင်အား၊
စံပျော်ပါးသည်၊
ကစားထုံရေ ဖျန်းထည့်လေ။ ။
ဟူ၍ဖွဲ့ဆိုရေးစပ်ထားပါသည်။
ဤသည်ကို ထောက်ချင့်၍ဆိုရပါမူ
ရှေးယခင်ကမြန်မာနှစ်သစ်ကူး ရေသဘင်ပွဲတော် (အတာသင်္ကြန်)များသည်
အင်တန်မှပင်နူးညံ့သိမ်မွေ့ယဉ်ကျေးလှပါသည်။
ယနေ့ခေတ် အတာသင်္ကြန်များနှင့်တော့ တော်တော်လေး အနှစ်သာရကွာခြားခဲ့ပါပြီ။
ပြောင်းလဲလာတဲ့ခေတ်ကြီးကိုပဲ ကျွန်တော်တို့ လက်ညိုးထိုးပြီး
အပြစ်ပုံလို့မရပါ။ လောကကြီးကို ကျွန်တော်တို့လူသားများကသာ သွားပြီး
အရောင်ဆိုးပေးနေကြခြင်းဖြစ်ပါသည်။
ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုကို ကိုယ်ကမထိန်းသိမ်းတော့
တိုင်းတပါးကယဉ်ကျေးမှုတွေ ကိုယ့်ဆီရောက်လာပြီး ကိုယ့်ရဲ့ကိုယ်ပိုင်ဟန် (ယဉ်ကျေးမှု)တွေ ပျောက်ကုန်တဲ့သဘောပါ။
ရေကစား မဏ္ဍပ်အမည်များနှင့် အပြင်အဆင်များတွင်လည်း
ယခင်ကလို မြန်မာဆန်ဆန်အမည်များနှင့် မြန်မာရိုးရာအပြင်အဆင်လက်ရာများ
မရှိသလောက်အတော်လေးရှားသွားတာ သတိထားမိပါသည်။
ကျွန်တော်တို့ငယ်ငယ် လွန်ခဲ့သောနှစ်ပေါင်း၂၀ ၀န်းကျင်လောက်က အတာသင်္ကြန်ပွဲတော်များကိုပြန်လည် လွမ်းဆွတ် မိပါသည်။ ရပ်ကွက်တိုင်း
အတာသင်္ကြန်ပွဲတော်နီးလာရင်ဖြင့် အပျိုတော်များကသင်္ကြန်အကများ၊ သင်္ကြန်ယိမ်း များ၊ သင်္ကြန်သံချပ်များ
ဆိုကြ၊ တိုက်ကြ၊ အကကျင့်ကြနှင့် တော်တော်ပျော်ဖို့ကောင်းလှပါသည်။ ရေကစား မဏ္ဍပ်တွေထိုးဖို့တာဝန်ယူထားကြသော
အကိုကာလသားများသည်လည်း သူတို့တာဝန်ကိုကျေပွန်အောင်ဆောင်ရွက် ကြပါသည်။
သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက် ရေကစားမဏ္ဍပ်များ၊
ဖျော်ဖြေရေးမဏ္ဍပ် (ဧည့်ခံမဏ္ဍပ်) များကို အပြိုင်အဆိုင်ပြု လုပ်ကြပါသည်။ ရပ်ကွက်တွင်းမှ ပန်းချီပညာရှင်များကလည်း
မိမိတို့ရဲ့မဏ္ဍပ်များတွင် သင်္ကြန်နဲ့ပတ်သတ်တဲ့ သရုပ်ဖော်ပုံများကို အနုပညာလက်ရာမြောက်စွာဖြင့် သူ့ထက်ငါ
အပြိုင်အဆိုင် ရေးဆွဲကြပါသည်။ (မှတ်မိသလောက် အဲဒီတုန်းကအကိုကာလသားများ အရက်သေစာသောက် စားကြခြင်းမရှိပါ)
ရေကစားသူများနဲ့ ရေပက်ခံလာကြသူတွေအားလုံး “ဖရုသ၀ါစာ” (ရုန့်ရင်းကြမ်းတမ်းသော)စကား လုံးများမသုံးကြပေ။
မောင်နှင့် နှမ၊ သားနဲ့အမိ အမြင်မသင့်တော်သော အပြုအမူ၊ အပြောအဆိုများကို အခါသင်္ကြန်အတွင်း
မပြုလုပ်ကြပဲရှောင်ကျဉ်ကြသည်မှာ အင်မတန်မှချစ်စရာကောင်း သောအပြုအမူလေး များဖြစ်ပါသည်။
ရေကစားလို့မောပြီးဗိုက်စာလာတဲ့သူများအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ ရုပ်လတ်အင်္ဂါမရွေး ၀င်ရောက်စားသောက်နိုင်သော စတုဒီသာမဏ္ဍပ်များမှာလည်း ရပ်ကွက်တိုင်း၊ နေရာတိုင်းတွင်ရှိနေပါသည်။
စတုဒီသာမဏ္ဍပ်များမှ အစအနောက်သန်သူများမှ မုန့်လုံးရေပေါ်များတွင် ငရုပ်သီးစိမ်းများ ထည့်ကျွေးခြင်းဖြင့် မျက်နှာစိမ်းဧည့်သည်များ ကိုနောက်ပြောင်ကြသည်မှာ အင်မတန်မှပျော်ဖို့
ကောင်းလှပါသည်။
သင်္ကြန်ကာလအတွင်းရေကစားကြမယ့် ကျွန်တော်တို့လိုကလေးငယ်တွေကိုလည်း
လူကြီးမိဘများမှ ဆောင် ရန်၊ ရှောင်ရန်လေးတွေကို သင်ပြဆုံးမပေးကြပါသည်။ ရဟန်းသံဃာတော်များ၊
ဥပုသ်သတင်းသီလဆောက် တည်မယ့် ဥပုသ်သည်များ၊ ကိုယ်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများကို
ရေမလောင်းရဘူး၊ “ဖရုသ၀ါစာ” (ရုန့်ရင်းကြမ်းတမ်းသော) စကားများမပြောရဘူး၊
အချင်းချင်းရန်မဖြစ်ရဘူး၊ လူကြီးမိဘတွေကိုလိမ်မပြောရဘူး၊ အဲဒါတွေမလိုက်နာရင် သကြားမင်းကခွေးသရေပုရပိုဒ်မှာ
မှတ်သွားလိမ့်မယ်ဆိုတဲ့ ချော့လုံး၊ ခြောက်လုံးတွေနဲ့ သွန်သင်ဆုံးမကြပါသည်။ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကာလများအတွင်း
လူကြီးလူငယ်များသည်လည်း လူကြီးလူငယ်များအလျောက်၊ ကလေးငယ်များလည်းကလေးများအလျောက် ကိုယ့်ကိုကိုယ်
ထိန်းသိမ်းကြပါသည်။ အခုခေတ်နောက်ပိုင်း အတာသင်္ကြန်များနှင့်တော့တော်တော်လေးကွာဟသွားခဲ့ပါပြီ။
ပြောင်းလဲလာသောခေတ်ရေစီးကြောင်းတွေကြောင့်
ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ တိုးတက်လာတာမှန်ပေမယ့် စိတ်ပိုင်းဆိုင်ရာများက နိမ့်ကျသွားသည်
ဟုထင်မိပါသည်။ ယခုခေတ်လူငယ် တော်တော်များများ “ဟိရိသြတ္တပ္ပ” တရားများသိပ်မရှိကြတော့ပေ။
“မရှိ” ဆိုသည်ထက် “ဟိရိသြတ္တပ္ပ”တရားဆိုတာ ဘာကိုဆိုလိုသည်ဟု သူတို့မသိကြပေ။
လူမှန်လျှင် “ဟိရိသြတ္တပ္ပ” ဆိုသော အရှက်အကြောက်တရား
ကိုနားလည်လက်ကိုင်ကျင့်သုံးရပေမည်။ “ဟိရိသြတ္တပ္ပ” တရားမရှိသောသူသည် အဟိတ်တိရိစ္ဆာန်နဲ့မခြားလှပေ။
အရှက်အကြောက်တရားရှိသောသူသည် လူပုံအလယ် သင်္ကြန်မဏ္ဍပ်များပေါ်တွင် မလုံမခြုံဝတ်ဆင်ကာတိုင်ဖက်ပြီးလည်း
မက၀ံ့ပေ။
အရက်သေစာသောက်စားမူးယစ်ခြင်းသည်လည်း
“ဟိရိသြတ္တပ္ပ” တရားကို အလွယ်တကူကင်းမဲ့စေသည့် အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ လူငယ်များအနေနှင့်
“ဟိရိသြတ္တပ္ပ”တရားများကို မသိခြင်း(၀ါ)မရှိခြင်းသည် လက်ဦးဆရာများနှင့်အုပ်ထိန်းသူ အမိ၊
အဖများတွင် များစွာတာဝန်ရှိသည် ဟုကျွန်တော်ယူဆမိပါသည်။
ကျွန်တော့်တွင်ခေတ်အမြင်မရှိ၊ ရှေးရိုးဆန်သည်ပာုဆိုရင်လည်း ခံရပါမည်။ မြန်မာလူမျိုးပီပီ မြန်မာလူမျိုး များကို မြန်မာ့ယဉ်ကျေးမှုနဲ့အညီ
ဝတ်စားဆင်ယင်ပြုမူနေထိုင်ကြတာကို မြင်ချင်မိသလို၊ မင်္ဂလာရှိလှတဲ့ “မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလ” အတွင်းမှာလည်း ရိုးရာယဉ်ကျေးမှုတွေကို မထိခိုက်စေပဲ ပျော်ရွှင်စွာဆင်နွဲ ကြစေချင်ပါသည်။ နှစ်သစ်ကူးကာလကို
မင်္ဂလာရှိစွာကျော်ဖြတ်ရင်းဖြင့် ရိုးရာယဉ်ကျေးမှုပွဲတော် အမွေအနှစ်များကိုလည်း ထိန်းသိမ်းစေချင်ပါသည်။
ယခင်နှစ်များဆီက သရုပ်ပျက်လွန်းတဲ့ သင်္ကြန်တွင်းအဖြစ်အပျက်များကို အွန်လိုင်းစာမျက်နှာ များပေါ် တွင်
မြန်မာလူမျိုးတစ်ယောက် အနေနဲ့ မမြင်ချင်တော့ပါ။
ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းပြီး
ကျက်သရေမင်္ဂလာရှိလှတဲ့ “နှစ်သစ်ကူးယဉ်ကျေးမှုအတာသင်္ကြန် ပွဲတော်” များအကြောင်းကို မိမိတို့ရောက်ရှိနေသောတိုင်းပြည်များရှိ
နိုင်ငံခြားသားများအကြားတွင် ဒါငါတို့ရဲ့ “မြန်မာနှစ်သစ်ကူးပွဲတော်” ဟူ၍ ဂုဏ်ယူဝင့်ကြွားစွာထုတ်ဖော်ပြောဆိုချင်တာ
မြန်မာတစ်ယောက်(ကျွန်တော့်)ရဲ့ ရင်ထဲကဆန္ဒအမှန်ဖြစ်ပါသည်။
အတာသင်္ကြန်နှင့်ပတ်သက်၍ နှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း
မပြုအပ်ကောင်းသော ရှောင်ကျဉ်ရန် လေးများ ကိုရှေး စာဆိုများက--
“မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊
သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊
ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက်ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊
ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအ၀ယ်၊ ဤ
တစ်ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင် ထား၊ မြင်းမိုရ်ဖျားဝယ်၊သကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊
လင်္ကာကြားသည်။ ဤကားသင်္ကြန်အလိုတည်း”
ဟူ၍ရှောင်ကျဉ်ရန်
အချက် (၁၀)ချက်ကိုရေးဖွဲ့စပ်ဆိုခဲ့ပါသည်။ အဓိပ္ပာယ်ကား-
(၁) ငိုကြွေးခြင်း၊
ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။
တို့ဖြစ်ပါသည်။
“ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မကြွယ်နဲ့” ဟူသောဆိုရိုးစကားကရှိထားသည်မို့ ရှေးလူကြီးသူ
မများ၏ ဆိုဆုံးမစကားများကိုလည်း မပယ်ကောင်းဘူးထင်ပါသည်။ မြန်မာနှစ်သစ်ကူးအခါသမယမှာ
သူငယ်ချင်း ညီအကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းအေးချမ်းကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်ခင်ဗျာ။
ရာဇာထွေး