Wednesday, April 10, 2013

ရိုးရာယဉ်ကျေးမှု သင်္ကြန်ဖြစ်ပါစေ



ကျွန်တော်တို့မြန်မာနိုင်ငံတွင် ဆယ့်နှစ်လ(၀ါ)ဆယ့်နှစ်ရာသီ အတွက်အမျိုးသားပွဲတော် ဆယ့်နှစ်မျိုး၊ ဆယ့်နှစ်စား ရှိပါသည်။ ဤဆယ့်နှစ်လရာသီများကို ရည်ရွယ်၍ ဘိုးတော်ဘုရားလက်ထက်အခါက “အမတ်သရေသင်္ခယာ” သည် “သာဓိနပျို့အပုဒ် ၃၀” တွင် “သင်္ကြန်တာကူး(၁)၊ နှစ်ဦးညောင်ရေ(၂)၊ စာပလွေခင်း(၃)၊ ပဉ္စင်းတော်ခံ(၄)၊ စာရေးတံ(၅)နှင့် မြစ်ယံပွဲကြီး(၆)၊ ဆီးမီးထွန်း ချိန်(၇)၊ ကထိန်(၈)၊ နတ်ကျင်း(၉)၊ မြင်းခင်း(၁၀)၊ သဘင်မီးဖုံး(၁၁)၊ ဂူလုံးသဲပုံ(၁၂) စေ့စုံစီလျဉ်၊ ဤသို့ယှဉ်သား၊ လစဉ်စမြဲဆဲ့ နှစ်ပွဲ” ဟုဤကဲ့သို့အကျဉ်းချုပ် ဖွဲ့ဆိုခဲ့ဖူးပါသည်။



“သင်္ကြန်တာကူး တန်ခူးလ- သင်္ကြန်ပွဲတော်”

ယခုလို “ထန်းခူးသောလ၊ တန်ခူးလ” မိဿရာသီတွင် မြန်မာရိုးရာသင်္ကြန်ပွဲတော် (ရေသဘင်ပွဲတော်) ကိုအစဉ်အလာမပျက် ဆင်ယင်ကျင်းပလာကြသည်မှာ ယနေ့တိုင်ထိပင်ဖြစ်ပါသည်။ ရှေးမြန်မာမင်းများလက်ထက်မှစ၍ ယနေ့ထိ ဆင်ယင်ကျင်းပခဲ့သော နှစ်သစ်ကူးအတာရေသဘင်ပွဲတော်ကို မြန်မာရိုးရာသင်္ကြန်ပွဲတော်အဖြစ် ယဉ်ကျေးမှုများ မပျောက်ပျက်သွားစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ ကျွန်တော်တို့မြန်မာ တမျိုးသားလုံး၏ မွေးရာပါ သမိုင်းပေးတာဝန်ပင်ဖြစ်ပါသည်။


လွန်ခဲ့သောနှစ်များဆီမှ မြန်မာ့ရိုးရာသင်္ကြန်သည် အတော်လေးသရုပ်ပျက်ခဲ့သလို မြန်မာ့ရိုးရာယဉ်ကျေးမှုများကိုလည်း များစွာ မှေးမြိန်စေခဲ့ပါသည်။ လျှင်မြန်စွာပြောင်းလဲတိုးတက်လာနေသော ခေတ်ကြီးအတွင်းမှာ ခေတ်နဲ့လျော်ညီစွာ ၀တ်စားဆင်ယင် သည်ကိုတော့အပြစ်မဆိုသာပါ။ သို့ပေမယ့် မင်္ဂလာရှိလှတဲ့မြန်မာနှစ်သစ်ကူးအခါသမယ ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်အတွင်း မှာဖြင့် “အလွန်အကျွံသရုပ်ပျက်လောက်အောင်” ၀တ်စားဆင်ခြင်း၊ မူးယစ်သောက် စားခြင်းများကိုတော့ မပြုသင့်ပေ။


မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုကို မိမိတို့ကိုယ်တိုင် တန်ဖိုးထားထိန်သိမ်းစောင့်ရှောက်ရမှာပါ။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပါပျောက်သွားမှာပါ။ ဒါကြောင့်မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်လာအမွေအနှစ် တွေမပျောက်ပျက်သွားစေရန် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန်ဟာ လူသားတိုင်း၊ လူမျိုးတိုင်းရဲ့မွေးရာပါ သမိုင်းပေးတာဝန်တစ်ခုပါ။ မင်္ဂလာရှိလှတဲ့နှစ်သစ်ကူးခြင်း အချိန်အခါသမယကိုကျက်သရေမင်္ဂလာရှိစွာဖြင့် ဖြတ်သန်းပျော်ရွှင်ကြရင်ပိုပြီးတော့ မကောင်းပေဘူးလား ခင်ဗျာ။


ကျွန်တော်တို့ရဲ့ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်သည် အင်တန်မှပင်နူးညံ့သိမ်မွေ့လှပါသည်။ ရှေးယခင် ကမြန်မာနှစ်သစ်ကူး ရေသဘင်ပွဲတော် (အတာသင်္ကြန်) များတွင် မြန်မာလူမျိုးများ ယဉ်ကျေးသိမ်မွေ့စွာ နံ့သာရေများဖြင့် တစ်ဦးနှင့်တစ်ဦး သွန်း လောင်းပျော်မြူး ကြပုံကို အင်းဝဘွဲ့ခံ ဆယ့်နှစ်ရာသီလူးတားတွင်- 


တောင်လေ သုတ်ဖြူး၊ 

လတန်ခူးမူ မြူးတူးပျော်ရွှင်၊ 

တာသဘင်ဝယ် ဆင်ယင်တုပ၊ 

လွရ ရွတည့်။ 

ငြိမ့်မျှ စောင်းငြင်း၊ 

အဲ သီချင်းနှင့် ထုံသင်းနံ့သာ၊ 

ရေသီတာဝယ် စမ္ပာကရမက်၊ 

ပန်းပေါင်းဖက်၍ ရွှေခွက်အပြည့်၊ 

မွှေးမျိုးထည့်မှ လည်လှည့်ဆူလှယ်၊ 

တင့်စံပယ်လျက် ပြုံးရယ်ရွှင်အား၊ 

စံပျော်ပါးသည်၊ 

ကစားထုံရေ ဖျန်းထည့်လေ။   


ဟူ၍ဖွဲ့ဆိုရေးစပ်ထားပါသည်။ 

ဤသည်ကို ထောက်ချင့်၍ဆိုရပါမူ ရှေးယခင်ကမြန်မာနှစ်သစ်ကူး ရေသဘင်ပွဲတော် (အတာသင်္ကြန်)များသည် အင်တန်မှပင်နူးညံ့သိမ်မွေ့ယဉ်ကျေးလှပါသည်။ ယနေ့ခေတ် အတာသင်္ကြန်များနှင့်တော့ တော်တော်လေး အနှစ်သာရကွာခြားခဲ့ပါပြီ။ ပြောင်းလဲလာတဲ့ခေတ်ကြီးကိုပဲ ကျွန်တော်တို့ လက်ညိုးထိုးပြီး အပြစ်ပုံလို့မရပါ။ လောကကြီးကို ကျွန်တော်တို့လူသားများကသာ သွားပြီး အရောင်ဆိုးပေးနေကြခြင်းဖြစ်ပါသည်။


ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုကို ကိုယ်ကမထိန်းသိမ်းတော့ တိုင်းတပါးကယဉ်ကျေးမှုတွေ ကိုယ့်ဆီရောက်လာပြီး ကိုယ့်ရဲ့ကိုယ်ပိုင်ဟန် (ယဉ်ကျေးမှု)တွ ပျောက်ကုန်တဲ့သဘောပါ။ ရေကစား မဏ္ဍပ်အမည်များနှင့် အပြင်အဆင်များတွင်လည်း ယခင်ကလို မြန်မာဆန်ဆန်အမည်များနှင့်  မြန်မာရိုးရာအပြင်အဆင်လက်ရာများ မရှိသလောက်အတော်လေးရှားသွားတာ သတိထားမိပါသည်။


ကျွန်တော်တို့ငယ်ငယ် လွန်ခဲ့သောနှစ်ပေါင်း၂၀ ၀န်းကျင်လောက်က အတာသင်္ကြန်ပွဲတော်များကိုပြန်လည် လွမ်းဆွတ် မိပါသည်။ ရပ်ကွက်တိုင်း အတာသင်္ကြန်ပွဲတော်နီးလာရင်ဖြင့် အပျိုတော်များကသင်္ကြန်အကများ၊ သင်္ကြန်ယိမ်း များ၊ သင်္ကြန်သံချပ်များ ဆိုကြ၊ တိုက်ကြ၊ အကကျင့်ကြနှင့် တော်တော်ပျော်ဖို့ကောင်းလှပါသည်။ ရေကစား မဏ္ဍပ်တွေထိုးဖို့တာဝန်ယူထားကြသော အကိုကာလသားများသည်လည်း သူတို့တာဝန်ကိုကျေပွန်အောင်ဆောင်ရွက် ကြပါသည်။



သူ့ရပ်ကွက်၊ ကိုယ့်ရပ်ကွက် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ် (ဧည့်ခံမဏ္ဍပ်) များကို အပြိုင်အဆိုင်ပြု လုပ်ကြပါသည်။ ရပ်ကွက်တွင်းမှ ပန်းချီပညာရှင်များကလည်း မိမိတို့ရဲ့မဏ္ဍပ်များတွင် သင်္ကြန်နဲ့ပတ်သတ်တဲ့ သရုပ်ဖော်ပုံများကို အနုပညာလက်ရာမြောက်စွာဖြင့် သူ့ထက်ငါ အပြိုင်အဆိုင် ရေးဆွဲကြပါသည်။ (မှတ်မိသလောက် အဲဒီတုန်းကအကိုကာလသားများ အရက်သေစာသောက် စားကြခြင်းမရှိပါ)



ရေကစားသူများနဲ့ ရေပက်ခံလာကြသူတွေအားလုံး “ဖရုသ၀ါစာ” (ရုန့်ရင်းကြမ်းတမ်းသော)စကား လုံးများမသုံးကြပေ။ မောင်နှင့် နှမ၊ သားနဲ့အမိ အမြင်မသင့်တော်သော အပြုအမူ၊ အပြောအဆိုများကို အခါသင်္ကြန်အတွင်း မပြုလုပ်ကြပဲရှောင်ကျဉ်ကြသည်မှာ အင်မတန်မှချစ်စရာကောင်း သောအပြုအမူလေး များဖြစ်ပါသည်။ ရေကစားလို့မောပြီးဗိုက်စာလာတဲ့သူများအတွက် လူမျိုးမရွေး၊ ဘာသာမရွေး၊ ရုပ်လတ်အင်္ဂါမရွေး ၀င်ရောက်စားသောက်နိုင်သော စတုဒီသာမဏ္ဍပ်များမှာလည်း ရပ်ကွက်တိုင်း၊ နေရာတိုင်းတွင်ရှိနေပါသည်။ စတုဒီသာမဏ္ဍပ်များမှ အစအနောက်သန်သူများမှ မုန့်လုံးရေပေါ်များတွင် ငရုပ်သီးစိမ်းများ ထည့်ကျွေးခြင်းဖြင့် မျက်နှာစိမ်းဧည့်သည်များ ကိုနောက်ပြောင်ကြသည်မှာ အင်မတန်မှပျော်ဖို့ ကောင်းလှပါသည်။




သင်္ကြန်ကာလအတွင်းရေကစားကြမယ့် ကျွန်တော်တို့လိုကလေးငယ်တွေကိုလည်း လူကြီးမိဘများမှ ဆောင် ရန်၊ ရှောင်ရန်လေးတွေကို သင်ပြဆုံးမပေးကြပါသည်။ ရဟန်းသံဃာတော်များ၊ ဥပုသ်သတင်းသီလဆောက် တည်မယ့် ဥပုသ်သည်များ၊ ကိုယ်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အို အဘိုးအဘွားများကို ရေမလောင်းရဘူး၊ “ဖရုသ၀ါစာ” (ရုန့်ရင်းကြမ်းတမ်းသော) စကားများမပြောရဘူး၊ အချင်းချင်းရန်မဖြစ်ရဘူး၊ လူကြီးမိဘတွေကိုလိမ်မပြောရဘူး၊ အဲဒါတွေမလိုက်နာရင် သကြားမင်းကခွေးသရေပုရပိုဒ်မှာ မှတ်သွားလိမ့်မယ်ဆိုတဲ့ ချော့လုံး၊ ခြောက်လုံးတွေနဲ့ သွန်သင်ဆုံးမကြပါသည်။ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကာလများအတွင်း လူကြီးလူငယ်များသည်လည်း လူကြီးလူငယ်များအလျောက်၊ ကလေးငယ်များလည်းကလေးများအလျောက် ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြပါသည်။ အခုခေတ်နောက်ပိုင်း အတာသင်္ကြန်များနှင့်တော့တော်တော်လေးကွာဟသွားခဲ့ပါပြီ။



ပြောင်းလဲလာသောခေတ်ရေစီးကြောင်းတွေကြောင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွေ တိုးတက်လာတာမှန်ပေမယ့် စိတ်ပိုင်းဆိုင်ရာများက နိမ့်ကျသွားသည် ဟုထင်မိပါသည်။ ယခုခေတ်လူငယ် တော်တော်များများ “ဟိရိသြတ္တပ္ပ” တရားများသိပ်မရှိကြတော့ပေ။ “မရှိ” ဆိုသည်ထက် “ဟိရိသြတ္တပ္ပ”တရားဆိုတာ ဘာကိုဆိုလိုသည်ဟု သူတို့မသိကြပေ။
 

လူမှန်လျှင် “ဟိရိသြတ္တပ္ပ” ဆိုသော အရှက်အကြောက်တရား ကိုနားလည်လက်ကိုင်ကျင့်သုံးရပေမည်။ “ဟိရိသြတ္တပ္ပ” တရားမရှိသောသူသည် အဟိတ်တိရိစ္ဆာန်နဲ့မခြားလှပေ။ အရှက်အကြောက်တရားရှိသောသူသည် လူပုံအလယ် သင်္ကြန်မဏ္ဍပ်များပေါ်တွင် မလုံမခြုံဝတ်ဆင်ကာတိုင်ဖက်ပြီးလည်း မက၀ံ့ပေ။  



အရက်သေစာသောက်စားမူးယစ်ခြင်းသည်လည်း “ဟိရိသြတ္တပ္ပ” တရားကို အလွယ်တကူကင်းမဲ့စေသည့် အကြောင်းရင်းတစ်ခုဖြစ်ပါသည်။ လူငယ်များအနေနှင့် “ဟိရိသြတ္တပ္ပ”တရားများကို မသိခြင်း(၀ါ)မရှိခြင်းသည် လက်ဦးဆရာများနှင့်အုပ်ထိန်းသူ အမိ၊ အဖများတွင် များစွာတာဝန်ရှိသည် ဟုကျွန်တော်ယူဆမိပါသည်။


ကျွန်တော့်တွင်ခေတ်အမြင်မရှိ၊ ရှေးရိုးဆန်သည်ပာုဆိုရင်လည်း ခံရပါမည်။ မြန်မာလူမျိုးပီပီ မြန်မာလူမျိုး များကို မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ၀တ်စားဆင်ယင်ပြုမူနေထိုင်ကြတာကို မြင်ချင်မိသလို၊ မင်္ဂလာရှိလှတဲ့ “မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ကာလ” အတွင်းမှာလည်း ရိုးရာယဉ်ကျေးမှုတွေကို မထိခိုက်စေပဲ ပျော်ရွှင်စွာဆင်နွဲ ကြစေချင်ပါသည်။ နှစ်သစ်ကူးကာလကို မင်္ဂလာရှိစွာကျော်ဖြတ်ရင်းဖြင့် ရိုးရာယဉ်ကျေးမှုပွဲတော် အမွေအနှစ်များကိုလည်း ထိန်းသိမ်းစေချင်ပါသည်။ ယခင်နှစ်များဆီက သရုပ်ပျက်လွန်းတဲ့ သင်္ကြန်တွင်းအဖြစ်အပျက်များကို အွန်လိုင်းစာမျက်နှာ များပေါ် တွင် မြန်မာလူမျိုးတစ်ယောက် အနေနဲ့ မမြင်ချင်တော့ပါ။

 


ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းပြီး ကျက်သရေမင်္ဂလာရှိလှတဲ့ “နှစ်သစ်ကူးယဉ်ကျေးမှုအတာသင်္ကြန် ပွဲတော်” များအကြောင်းကို မိမိတို့ရောက်ရှိနေသောတိုင်းပြည်များရှိ နိုင်ငံခြားသားများအကြားတွင် ဒါငါတို့ရဲ့ “မြန်မာနှစ်သစ်ကူးပွဲတော်” ဟူ၍ ဂုဏ်ယူဝင့်ကြွားစွာထုတ်ဖော်ပြောဆိုချင်တာ မြန်မာတစ်ယောက်(ကျွန်တော့်)ရဲ့ ရင်ထဲကဆန္ဒအမှန်ဖြစ်ပါသည်။
 


အတာသင်္ကြန်နှင့်ပတ်သက်၍ နှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း မပြုအပ်ကောင်းသော ရှောင်ကျဉ်ရန် လေးများ ကိုရှေး စာဆိုများက--  


“မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊ သောက်ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊ သတ်ခတ်တုန် ရှောင်၊ အရောင်းအ၀ယ်၊ ဤ တစ်ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင် ထား၊ မြင်းမိုရ်ဖျားဝယ်၊သကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန်အလိုတည်း”

ဟူ၍ရှောင်ကျဉ်ရန် အချက် (၁၀)ချက်ကိုရေးဖွဲ့စပ်ဆိုခဲ့ပါသည်။ အဓိပ္ပာယ်ကား-

(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။

(၂) လိင်ဆက်ဆံခြင်း။

(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။

(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။

(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။

(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။

(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။

(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။

(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။

(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း။



တို့ဖြစ်ပါသည်။ “ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မကြွယ်နဲ့” ဟူသောဆိုရိုးစကားကရှိထားသည်မို့ ရှေးလူကြီးသူ မများ၏ ဆိုဆုံးမစကားများကိုလည်း မပယ်ကောင်းဘူးထင်ပါသည်။ မြန်မာနှစ်သစ်ကူးအခါသမယမှာ သူငယ်ချင်း ညီအကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းအေးချမ်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်ခင်ဗျာ။




ရာဇာထွေး

 
 




read more

Wednesday, April 3, 2013

ဧည့်သည် ရှင်းတမ်း


“ဧည့်သည်”

လာတုန်းကလည်း၊ တစ်ယောက်တည်းနော်..
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး..
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။


ပြန်သွားတော့လဲ၊ တစ်ယောက်တည်းနော်..
လက်တွဲခေါ်ကာ၊ ဖော်မပါဘူး..
ဥစ္စာချည်းနှီး၊ ကိုယ်ထီးတည်း။


လာပြီးတော့နား ၊ မသွားသေးခင်

ချိန်လေးတင်မှ၊ ၀န်းကျင်ယှက်နွယ်
နှောင်ကြိုးတွယ်ကြ၊ ပြုံးရယ်မဲ့ငို
ချစ်မုန်းပိုကြ၊ မလိုဒေါသ
လိုလောဘနှင့်၊ လောကဇာတ်ခုံ ကကြိုးစုံခဲ့။


ကံကုန်မိုးချုပ်၊ လက်တွဲဖြုတ်က
သုတ်သုတ်စောလျှင် ခရီးနှင်သည်
တို များဧည့်သည်တွေပါတကား။


(အရှင်ဇာဂရိယ)

သံဝေဂရဖွယ် ကဗျာတွေထဲက အကောင်းဆုံးကဗျာလေးတစ်ပုဒ်မို့ ဒီကဗျာလေးကို ကျွန်တော်အရမ်းနှစ်သက် ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်လေးထဲက ဖတ်လာခဲ့၊ ရင်းနှီးခဲ့တဲ့ ကဗျာလေးဆိုရင်လည်း မမှားပါဘူး။ အသက်အ ရွယ်လေးရလာတာနဲ့အမျှ ကဗျာလေးရဲ့ သံဝေဂရဖွယ်ရာ အဓိပ္ပာယ်လေးက ပိုပြီးလေးနက်လာပါတယ်။ ဒါကြောင့် ဒီကဗျာလေးကို ဘယ်နေရာမှာတွေ့တွေ့ ဖတ်ဖြစ်အောင်ကိုဖတ်လိုက်ပါတယ်။ မှတ်စုအနေနဲ့လည်း ကျွန်တော်ကူးပြီး သိမ်းထားပါတယ်။ ဒီ “ဧည့်သည်” ကဗျာလေးကို “ကဗျာဆရာဗန်းမော်ရွှေညို” (ဦးမြအုန်း)ရေးစပ်ခဲ့တဲ့ ကဗျာလေး လို့ လူသိများခဲ့ပါတယ်။



မင်းတို့ လာလည်း

ငါ့မှာတားခွင့်မရှိပါ ။

မင်းတို့ သွားလည်း

ဟန့် တားပိုင်ခွင့်မရှိပါ ။



ဆိုသောကဗျာကိုလည်း “ဧည့်သည်” ဟူသော ခေါင်းစဉ်ဖြင့်ပင် ကဗျာဆရာဗန်းမော်ရွှေညို(ဦးမြအုန်း) ကရေးဖွဲ့ ခဲ့ဖူး ပါသည် ။ (ဤ “ဧည့်သည်” ဆိုသောကဗျာကို မည်သည့်နှစ်တွင် ရေးဖွဲ့ခဲ့ကြောင်းအထောက်အထားရှာ မတွေ့ သေး ပါ)။ ကဗျာဆရာ ဗန်းမော်ရွှေညို (ဦးမြအုန်း)သည်  ၂၀၀၁ ခုနှစ်တွင် ရဟန်းဘ၀ဖြင့် ဘ၀နတ်ထံပျံလွန်တော်မူသွားပြီ ဟု သိရပါသည်။ ယပ်တောင် ပေါ်မှ “ဧည့်သည်” ကဗျာနှင့်ပတ်သက်၍ ကဗျာနှစ်ပုဒ်ကို ယှဉ်ကြည့်သောအခါ ယပ်တောင်ပေါ်မှ “ဧည့်သည်” ကဗျာသည် ဆရာဗန်းမော်ရွှေညိုရေးစပ်ထားသော ဧည့်သည် ကဗျာမဟုတ်ကြောင်း ထင်ရှားပါသည် ။





အချို့ဆောင်းပါးများတွင်လည်း “ဧည့်သည်” ကဗျာရေးစပ်သူအစစ်မှာ “ကဗျာဆရာဗန်းမော်ရွှေညို (ဦးမြအုန်း)” မ ဟုတ်ပဲကဗျာရှင် “အရှင်ဇ၀န” လို့ရေးသားဖော်ပြထားတာကိုလည်း ဖတ်ရပါတယ်။ ကဗျာရှင် အမည်ကိုမဖော်ပြ ဘဲ နှစ်ပေါင်းများစွာကပင် လုပ်ငန်းရှင်များအသုံးပြုလာခဲ့သော ယပ်တောင်ပေါ်မှ “ဧည့်သည်” ကဗျာ၏ ပိုင်ရှင်အစစ် မှာ “အရှင်ဇာဂရိယ” သာဖြစ်ပါသည်။ အရှင်ဇာဂရိယ (အခြားသော ဆောင်းပါးများတွင် တွေ့ ရသော“အရှင်ဇ၀န” မ ဟုတ်ပါ) သည်မကွေးတိုင်း၊ ဂန့် ဂေါမြို့နယ်ဇာတိ၊ ယောနယ်သားဖြစ်ပါသည်။ ၁၉၇၉ ခုနှစ်တွင် အလုံ၊ အောင်မင်္ဂလာ တိုက်သစ်၌ သတင်းသုံးနေစဉ် ဓမ္မာစရိယတန်းစာသင်သားထဲမှ (အရှင်ဦးတိသာ) ရုတ်တရက်ပျံလွန်တော်မူသွား သဖြင့် ဤယပ်တောင်များပေါ်မှ “ဧည့်သည်” ဆိုသောကဗျာအပါအ၀င် သံဝေဂကဗျာသုံးပုဒ်ကို ရေးစပ်ခဲ့ကြောင်း၊ ယပ်တောင်များကိုမှာယူစေခဲ့ပြီး ၎င်းယပ်တောင်များပေါ်တွင် “ဧည့်သည်” သံဝေဂကဗျာလေးကို ကပ်ခဲ့ကြောင်း၊ သီးခြားစာရွက်လေးတွေနှင့်လည်း ရိုက်နှိပ်ခဲ့ပြီး ပရိသတ်များကိုဝေမျှခဲ့ကြောင်းကို “အရှင်ဇာဂရိယ” နှင့်အနီးကပ်နေ ခွင့်ရခဲ့ဖူးသော စာရေးဆရာတစ်ဦးက ယပ်တောင်ပေါ်မှ “ဧည့်သည်” ကဗျာရေးသူအစစ်မှာ “အရှင်ဇာဂရိယ” သာ  ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ဖူးပါသည်။ ယပ်တောင်များပေါ်မှ သံဝေဂရဖွယ်ရာ “ဧည့်သည်” ကဗျာပိုင်ရှင် “အရှင် ဇာဂရိယ” ရေးဖွဲ့ ခဲ့သော “ဧည့်သည်” ကဗျာသက်တမ်းသည် ယခု ၂၀၁၃ ခုနှစ်တွင် ၃၄ နှစ်ပြည့်ခဲ့ပြီး ၁၉၇၉ ခုဖွား ကျွန်တော်နှင့် သက်တမ်းအတူတူဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။ သူငယ်ချင်းညီအကို မောင်နှမများ အားလုံးဘ၀အမော တွေပြေ ကြပါစေ....။ 





တစ်နေကွယ် ၊ သေနယ်သို့ တစ်ခါကူး
မေ့လျော့ကာ ၊ သေဘူးမထင်ပါနဲ့ 

နေကွယ်တာ အချိန်များရင်ဖြင့်
သေနယ်ရွာ တစ်ကြိမ်သွားရမယ်
တားမရဘူး ။  ။


( လယ်တီဆရာတော် ရှင်ဥာဏဓဇ )





မှတ်ချက်။  အချို့သောဘလော့စာမျက်နှာများနှင့် Facebook စာမျက်နှာများပေါ်တွင်တင်ထားသော “ဧည့်သည်” ကဗျာကိုဖော် ပြကြရာတွင် ကဗျာရှင်အား “ဗန်းမော်ရွှေညို” ဟုရေးသားဖော်ပြကြပါသည်။ ထိုကြောင့် “ဧည့်သည်” ကဗျာမူပိုင်ရှင် အစစ်အမှန်ကို သိစေချင်၍ စာရေးဆရာမောင်ကြည်သန့်၏ “အငြင်းပွား အမှတ်လွဲ လူသိနည်း မြန် မာ့ဖြစ်ရပ်(၁၀၀)” မှနောက်ဆုံးကောက်နှုတ် ချက်များကိုမှီငြမ်းပြီး ဤပို့စ်ကိုပြန်လည်ရေးသားပါသည်။ အထက် တွင်ဖော်ပြခဲ့သော ကဗျာဆရာဗန်းမော်ရွှေညို(ဦးမြအုန်း) ရေးသားစပ်ဆိုခဲ့သော “ဧည့်သည်” ကဗျာလေးမှာ (မင်း တို့ လာလည်း၊ ငါ့မှာတားခွင့်မရှိပါ။ မင်းတို့ သွားလည်း၊ ဟန့်တားပိုင်ခွင့်မရှိပါ) အပြည့်အစုံ မဟုတ်ပါ။ မှတ်မိ သလောက် ကိုသာပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်။ ကဗျာအပြည့်အစုံကို ယခင်က Multiply စာမျက်နှာများ တွင်တင်ထားသည်ကိုဖတ်ဖူးပါသည်။ ယခု Multiply စာမျက်နှာများဖွင့်လို့မရသဖြင့် ကဗျာဆရာဗန်းမော်ရွှေညို (ဦးမြအုန်း) ရေးသားစပ်ဆိုခဲ့သော “ဧည့်သည်” ကဗျာလေးကိုအပြည့်အစုံမဖော်ပြနိုင်တာကို နားလည်းခွင့်စေချင်ပါ သည်။  ဤပို့စ် နှင့်ပတ်သက် ၍မှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော်၏အမှားသာဖြစ်ပါသည်။





ရာဇာထွေး


read more

Wednesday, March 27, 2013

မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ၏ဆုံးမသြ၀ါဒ



မှတ်ချက်။ ။ မကြာခင်ကဖြစ်ပွားခဲ့သော၊ ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ရဲ့သြ၀ါဒ စကားလေးကိုပြည်သူများ အားလုံးဆင်ခြင် သုံးသပ်နိုင်စေရန် သာသနာ့ဟိတကာရီ ဖေ့စ်ဘုတ်စာမျက်နှာမှပြန်လည်ကူးယူဖော်ပြပါသည်။ ဤပို့စ်ကိုပြန် လည်ဖြန့်ဝေရာတွင် “ဆူပူမှုကြီးထွားလာအောင်နှိုးဆော်ခြင်း၊ မီးလောင်ရာလေပင့် ဖြစ်စေရန် ရန်တိုက်ပေးခြင်း (၀ါ) ဖွခြင်း” မဟုတ်ပါ။ အဖြစ်မှန်ကို အမှန်အတိုင်း နှစ်ဖက်စလုံးသိမြင်၊ ဆင်ခြင်သုံးသပ်နိုင်စေရန်ပြန်လည် မျှဝေခြင်း မျှသာဖြစ်ပါသည်။ 


“ မိမိကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများမဖြစ်ပါစေနှင့် ” 

 ရာဇာထွေး
read more

Friday, March 15, 2013

ကုံလုံဆရာတော် ဘဒ္ဒ န္တတေဇနိယ ရဲ့ ယနေ့ခေတ်ဆုံးမအလင်္ကာ


ကုံလုံဆရာတော် "ဘဒ္ဒန္တတေဇနိယ" ရဲ့ယနေ့ခေတ်ဆုံးမစာအလင်္ကာ လေးကိုနှစ်သက်မိတာရယ်၊ ကျွန်တော့်ရဲ့ ဘလော့လေးမှာသိမ်းထားချင်တာရယ်၊ မဖတ်ရသေးတဲ့ သူငယ်ချင်းညီအစ်ကိုမောင်နှမတွေ ကိုလည်း ဖတ်စေချင်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အရင်လိုဘလော့ပုံမှန်မလည်နိုင်သေးလို့ ဘလော့မောင်နှမတွေဆီကို အလည်မရောက်နိုင်တာကိုတော့ နားလည်ခွင့်လွတ်စေချင်ပါတယ်ခင်ဗျာ။ ဘာ ပို့စ်မှမတင်ထားတဲ့ ကျွန်တော့်ရဲ့ဘလော့လေးအမြဲ လာရောက်လည်ပတ်သွားကြတဲ့ ဘလော့ညီအ ကိုမောင်နှမများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ သူငယ်ချင်းညီအကို မောင်နှမများ အားလုံးဘ၀အမော တွေပြေ ကြပါစေ....။ 


ရာဇာထွေး 

မှတ်ချက်။ ။ ကုံလုံဆရာတော်"ဘဒ္ဒန္တတေဇနိယ"ရဲ့ယနေ့ခေတ်ဆုံးမစာအလင်္ကာလေးကို Fwd mail မှပြန်လည်ကူး ယူဖော်ပြပါသည်။
read more

Friday, March 8, 2013

မြန်မာမလေး မ, ယဉ်ကျေး


“မြန်မာမလေး မ,ယဉ်ကျေး”

ဘုရား တရား သံဃာ
ရတနာ မြတ်သုံးပါးနဲ့ 
ဆရာသမား မိဘ
အနန္တာ အနန္တကို
အမြဲဦးချ သတိတရနဲ့ 
တုပ်ကွရှိခိုး မြတ်နိုးလေ့ရှိတဲ့ အမူအရာ
ဗုဒ္ဓဘာသာ အစဉ်အလာပါ။

သမီးကလေး အိပ်ယာကနိုးရင်
ဘုရား ရှိခိုးရဲ့လား။
ဘုရားစဉ်မှာ အမြဲလမ်းဖို့ 
ပန်းရေချမ်းမှ ကပ်ရဲ့လား။
ကိုယ်မစားခင် စားဦးတင်ဖို့ 
ဆွမ်းတော်ပွဲမှ ပြင်ရဲ့လား။
ကမ္ဘာသားတွေ မေတ္တာဝေ
ဒူဝေေ၀သံ သာရဲ့လား။
မိမိပြုသမျှ လှူဒါန
အမျှ အမျှ ဝေရဲ့လား။
ရေလိုအေးလို့  ပန်းလိုမွှေး
ငြိမ်းအေးကြည်သာ ရှိရဲ့လား။
ကိုယ်မှုနှုတ်မှု၊ စိတ်မှု
သာဓုသံဆို ချိုရဲ့လား။

မြန်မာပြည်သူ၊ စိတ်ထားဖြူ
လူနှင့်လူချင်း၊ ချစ်ခင်ရင်း
သတင်းမွှေးပျံ့  နူးညံ့တယ်။
လောကဓံကွေ့ ၊ ဘယ်လိုတွေ့ တွေ့ 
မရွေ့ မဏ္ဍိုင်၊ မယိမ်းယိုင်
စိတ်ခိုင်ခိုင်လဲ ထားပါတယ်။

စာရိတ္တအကျင့်၊ ဇာတိမြင့်
ဥာဏ်နဲ့  ယှဉ်ကာ၊ မျှတစွာ
ငါ၏အရေး၊ သူ့ အရေး
တပြေးညီညီ ကျင့်ပါတယ်။

ဗုဒ္ဒသားကောင်း၊ သမီးကောင်း
စိတ်ကောင်းမွေးမှ၊ စာကောင်းရ
စိတ်လှစေမှု၊ လုံးလပြု
စိတ်နုသူလဲ မဟုတ်ချေ
အနေရဲအောင် နေပါတယ်။

မြန်မာမလေး မ,ယဉ်ကျေး
သတင်းပျံ့ မွှေး၊ ဂုဏ်ပျံ့ မွှေး
ဝေးနီးကျော်စေ ချင်ပါတယ်။

                         
                                                          ( တင်မိုး )
read more

Wednesday, February 20, 2013

ကိုးကွယ်တယ်ဆိုတာ..ဘာလဲ?



ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကိုကိုးကွယ်ရတယ်။ ကျမ်းဂန်စကားနဲ့ပြောရင်သရဏဂုံတည် ရ တယ်။ ‘သရဏဂုံ’လို့ပြောလိုက်တော့ကြောက်မသွားနဲ့။ အဲဒီလိုပြောလိုက်ရင်တို့မြန်မာစကားက ဘယ်ရောက် သွားလဲ... သိလား။ လူသေဆုံးတဲ့ဆီရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီစိတ်ရောက် သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။ ‘သရဏဂုံ’ ဆိုတာပါဠိလို ‘သရဏဂမန’ လို့ခေါ်တယ်။ အဲဒီ ‘သရဏ ဂမန’ ကနေ‘သရဏဂုံ’လို့ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေကပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြော တယ်။

‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။ ‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကားသုံးကြတာ။ မြန်မာမှုပြုကြတာပဲ။ အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအ တိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ ကတော့ ‘သရဏ’ပဲ။ ‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။

သရဏဆိုတာ

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?

‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။

‘သရဏ’ကို ကျမ်းဂန်တွေကဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော ဆင်းရဲမှုကိုသတ် တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။ ‘သရဏ’ဆိုတာ ရှင်းရှင်းပြောရရင် ‘ညှဉ်းဆဲ တတ်တာ၊ ပယ်သတ်တတ်တာပဲ’။

ဘာကို ညှဉ်းဆဲတတ်တာလဲ?

ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။ ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကိုဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။ ကာကွယ်ပေးတယ်လို့ သုံးကြစို့။ တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲ တယ်လို့ ဒီလို သုံးရမယ်။ မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။

ဗုဒ္ဓသရဏဂုံ

မြတ်စွာဘုရားက မင်းတို့ အကုသိုလ်တွေ မလုပ်ကြနဲ့။ ဒီလို ဟောတယ်။ ကုသိုလ်ကို လုပ်ကြ။ အကုသိုလ်တွေ မလုပ်ကြနဲ့ဆိုတာ မကောင်းမှုတွေဖြစ်မှာစိုးလို့ပြောတာ။ အကျိုးစီးပွားတွေပျက်စီးမှာစိုးလို့မလုပ်ကြနဲ့ လို့ပြော တာနဲ့ အတူတူပဲ။ ကုသိုလ်ကိုလုပ်ကြလို့ ပြောတာဟာအကျိုးစီးပွားရှိမည့် အလုပ်ကိုလုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ။ဒါကြောင့် မြတ်စွာဘုရားဟာသတ္တဝါတွေမှာ ဖြစ်မည့် ဘေးရန်တွေကိုကာကွယ်တယ်။ နှိပ်စက်တယ် ။ ညှဉ်းဆဲတတ်တယ် ဆိုပြီး မြတ်စွာဘုရားကို သရဏလို့ ခေါ်တယ်။

ဓမ္မသရဏဂုံ

တရားတော်ကို သရဏလို့ ခေါ်တာကျတော့ တရားတော်ဆိုတာ မဂ်ဖိုလ်နိဗ္ဗာန်ပရိယတ်တရားကို ခေါ် တယ်။ မဂ်ဖိုလ်ရလိုက်ရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး။ အပါယ်ကျမည့် ဘေးမှ စောင့်ရှောက်တတ်တယ်။ အဲဒီ လိုတရားထူးလေး တစ်ခါ ရလိုက်ရင် မိမိတို့အဖို့ သက်သာရာ ရတယ်လို့ ဆိုလိုတယ်။ လောကဆင်းရဲ ဒုက္ခကြားမှာ နေရပေမယ့် တရားထူးလေး ရလိုက်တဲ့အခါ အပါယ်လေးပါး ကင်းဖို့ သေချာသွားပြီပေါ့။ သက် သာရာ ရတယ်လို့ ကျမ်းဂန်က သုံးတယ်။ အဲဒီလို သက်သာရာကို ရစေခြင်းဖြင့် သတ္တဝါတို့မှာ ဖြစ်မည့်ဘေး ရန်ကို တားဆီးတတ်တယ်။ ဖျက်ဆီးပေးတတ်တယ်။ ဒါကြောင့် တရားတော်ကို သရဏလို့ ခေါ်တယ်။

သံဃသရဏဂုံ

သံဃာကို သရဏလို့ ခေါ်တာကျတော့ သံဃာဆိုတာ နည်းနည်းလေး လှူလည်း အကျိုး အများကြီး ရတယ်။ သံဃာကို လှူတာနဲ့ ပုဂ္ဂိုလ်ကို လှူတာ မတူဘူး။ ပုဂ္ဂိုလ်ကို လှူတာက အဲဒီပုဂ္ဂိုလ်က ကောင်းရင် အကြောင်းမ ဟုတ်ဘူး။ မကောင်းရင် အလှူမှာ အကျိုး အရနည်းတယ်။ ကောင်းရင် အကျိုး အရများတယ်။ ကောင်း တဲ့ မြေမှာ မျိုးစေ့စိုက်တာနဲ့ မကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာ ကွာတယ်။ ဒါကြောင့် သံဃာလို့ဆိုလိုက် တာနဲ့ မကောင်းတဲ့ သံဃာလို့ ဘယ်တော့မှ မရှိဘူး။ ကောင်းတဲ့ သံဃာချည်းပဲ။ နည်းနည်းလေးလှူသော် လည်းပဲ အများကြီး အကျိုးပေးတဲ့အနေနဲ့ သတ္တဝါတွေရဲ့ အကျိုးမဲ့ဖြစ်စေမည့် ဘေးရန်ကို ပယ်ဖျက်တားဆီး တတ်သောကြောင့် သံဃာကို သရဏလို့ ခေါ်တယ်။

နောက်ပြီး သံဃာကလည်း ဘုရားရှင်ရဲ့ တရားကို လိုက်နာ ကျင့်သုံးပြီး ဘုရားရှင် ဟောကြားတဲ့အတိုင်းလူ နတ်ဗြဟ္မာ သတ္တဝါများအား အကုသိုလ် မလုပ်ကြနဲ့။ ကုသိုလ်ကို လုပ်ကြလို့ ဟောတယ်။ လိုက်နာကိုးကွယ်သူ များမှာ ဘေးရန် ဆင်းရဲ ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတယ်။ ဒါကြောင့် သံဃာကလည်း ကိုးကွယ်သူ များအား ဆင်းရဲ ကင်းပျောက်၊ ချမ်းသာ ရောက်အောင် စောင့်ရှောက်တတ်လို့၊ ဆင်းရဲ ဘေးရန်တွေကိုပယ် သတ်တတ်လို့ သံဃာတော်ကို သရဏလို့ ခေါ်တာ။

သရဏဂမန = သရဏဂုံ

သရဏဆိုတာ ဘာလဲ?

ဘုရား တရား သံဃာပဲ။ မကောင်းမှုကို တားမြစ်တယ်။ ကောင်းမှုကို လုပ်အောင် အားပေး တိုက်တွန်းတတ် တယ်။ ဂမနဆိုတာ ပါဠိစကား၊ သွားခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ဒီနေရာမှာတော့ အဋ္ဌကထာဆရာက ‘သိခြင်း’ဆိုတဲ့ အဓိပ္ပာယ်ကို ယူပါတဲ့။ ဒါကြောင့် ‘သရဏဂမန’ဆိုတာ မြန်မာလိုတော့ ‘ကိုးကွယ်ခြင်း’၊ ‘ကိုး ကွယ်ရာဟူ၍ သိခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ အသိအမှတ် ပြုခြင်း’ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သိမှတ်ပါ၏။

ရိုးရိုး အဓိပ္ပာယ်နဲ့ ပြောရင် -

မြတ်စွာဘုရားကို ကိုးကွယ်ပါ၏
တရားတော်ကို ကိုးကွယ်ပါ၏
သံဃာတော်ကို ကိုးကွယ်ပါ၏။

အဲဒီလို ဆိုလိုက်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲ။ ဒါကတော့ အဘိဓမ္မာဆန်သွားပြီ။ ကုသိုလ် စိတ် ဖြစ်တယ်။

ဘုရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
တရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
သံဃာအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။

အဲဒီလို ယုံကြည်မှုကို ပါဠိလို ‘သဒ္ဓါ’လို့ ခေါ်တယ်။

တို့အခုလူတွေ သုံးနေတာတော့ ရက်ရောတာကို သဒ္ဓါလို့ သုံးနေကြတယ်။ ဒီပုဂ္ဂိုလ်က သဒ္ဓါတရား ကောင်း တယ်ဟေ့၊ များများလှူတယ်၊ ခဏခဏ လှူတယ်ဟေ့လို့ ဒီလိုသုံးတတ်တယ်။ တကယ်တော့ သဒ္ဓါတ ရား ကောင်းတယ်ဆိုတာ ‘ဘုရား တရား သံဃာတွေရဲ့ အပေါ်မှာ မှန်ကန်တဲ့ယုံကြည်မှုရှိတဲ့ပုဂ္ဂိုလ်’ ကိုသဒ္ဓါ တရားကောင်းတယ်လို့ ခေါ်တာ။ အဲဒီ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်ဟာ အလှူအတန်းလည်းပဲ လက်မနှေးဘူး။ ဒါကြောင့် ရက်ရောတဲ့ ပုဂ္ဂိုလ်ကိုလည်း သဒ္ဓါတရားကောင်းတယ်လို့ မြန်မာစကားမှာ သုံးတာ။

သမ္မာဒိဋ္ဌိ

ဘုရား၊ တရား၊ သံဃာကို ယုံကြည်လာပြီဆိုတော့ အဲဒီသဒ္ဓါတရားတွေကို အကြောင်းပြုပြီး ကိုယ့်မှာမှန်ကန် တဲ့ အယူတွေ ဖြစ်လာတယ်။ ဘုရားနဲ့ ပတ်သက်ပြီးတော့ ဘုရားဟာ တကယ် ရှိတယ်။ 

အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တရားဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်။

သံဃာ့ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်။

အဲဒီ ဘုရား တရား သံဃာကို ယုံကြည်တဲ့အတွက် မှန်ကန်တဲ့ အယူအဆတွေလည်း ကိုယ့်မှာ ရလာတယ်။ အဲ ဒါ သမ္မာဒိဋ္ဌိပေါ့။ အဲဒီလို ဖြစ်တဲ့ စိတ်ကို သရဏဂုံယူခြင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းလို့ ခေါ်တယ်။ ကိုး ကွယ်ရာဟူ၍ ဆည်းကပ်ခြင်းကို အတိအကျ ပြောစမ်းပါဆိုရင် ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်၊ အာရုံပြုပြီးတော့ယုံကြည်တဲ့စိတ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ခေါင်းထဲမှာဘုန်းကြီးတွေကတော့ ခေါင်းထဲ မှာလို့ မသုံးဘူး။ နှလုံးထဲမှာလို့ သုံးတယ်။ …. နှလုံးထဲမှာ ဖြစ်တယ်။ အဲဒီစိတ်ကလေးဖြစ်တာကို သရဏဂုံ ယူတယ်လို့ ခေါ်တယ်။ သရဏဂုံယူရင်လည်း ဒီစိတ် တကယ် ဖြစ်တယ်။

နားလည်မှုပါမှ သရဏဂုံ စစ်

ဒါဖြင့် မင်းတို့ ခုနက သရဏဂုံယူခဲ့ကြတယ် ….. ဟုတ်ရဲ့လား?
သရဏဂုံ တည်ခဲ့ကြတာ ဟုတ်ရဲ့လား?
ဖြေရ … ခက်နေပြီ။

ဒါပေမယ့် ငါတို့ … ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်…ရှိခိုးနေတယ်လို့အသိလေးတော့ရှိနေမှာပေါ့။
အေး … ဒီကနေ့က စပြီး မင်းတို့ သရဏဂုံ အစစ်ရပြီ … မှတ်ထားပါ။

သရဏဂုံယူတဲ့အခါ နားလည်မှု ရှိပါမှ သရဏဂုံ အစစ် ရတယ်။

‘သိတဲ့စိတ် မပါဘဲနဲ့ ရွတ်တာ’၊ ‘ကိုယ့်အစား သူများက ယူပေးတာ’၊ သရဏဂုံအစစ် မရဘူးတဲ့။

မြတ်စွာဘုရားလက်ထက်တော်က ဗောဓိမင်းသားဆိုတာရှိတယ်။ ဒီမင်းသား သူ့အမေဝမ်းမှာ ကိုယ်ဝန်ရှိတဲ့ အခါ သူ့အမေက မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက်တယ်။ “အရှင်ဘုရား၊ ယခု တပည့်တော်မမှာ ကိုယ်ဝန် ရှိနေပါတယ်။ ယောက်ျားလေးဖြစ်လား၊ မိန်းကလေးဖြစ်လား မသိဘူး။ ဘာပဲဖြစ်ဖြစ်ဒီကလေး ဟာ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုပါတယ်ဘုရား”လို့ လျှောက်တယ်။

မွေးလာပြီးတဲ့နောက် ကလေးဘဝမှာပဲမသိတတ်သေးတဲ့အရွယ်မှာ အထိန်းတော်က မြတ်စွာဘုရားဆီ ခေါ် သွားပြီးတော့ လျှောက်ပြန်တယ်။ ဒီကလေးဟာ အရှင်ဘုရားကို ကိုးကွယ်ပါတယ်၊ ဆည်းကပ်ပါတယ်။

တစ်နေ့မှာ မြတ်စွာဘုရား သူ့ဆီကြွလာပြီးတော့ တရားဟောတယ်။ တရားဆုံးတော့ မြတ်စွာဘုရားကို သူ သဘောကျတယ်။ သူ့သူငယ်ချင်းကလည်း အနီးအနားမှာ ရှိနေတော့ ပြောတယ်။ မင်းက ဘုရားကိုတော့ ချီး မွမ်းနေတယ်။ ဒါပေမယ့် သရဏဂုံလည်း မယူဘူးလို့ ပြောတယ်တဲ့။ ဒီတော့သူက ပြန်ပြောတယ်။ ဟေ့...ငါက အမေ့ဗိုက်ထဲမှာ နေကတည်းက သရဏဂုံ ယူခဲ့တာကွ။ ကလေးဘဝတုန်းကတည်းက သရဏဂုံ ယူခဲ့တာ။ မင်းပြောလို့ အခုလည်း ငါ ထပ်ယူပါတယ်လို့ ပြောတယ်။ အဲဒီမှာ အဋ္ဌကထာက ဖွင့်တယ်။ ဟိုတုန်းက ဗိုက်ထဲ မှာ သရဏဂုံယူတာ မရဘူးလို့ ပြောတယ်။ သရဏဂုံဆိုတာ စိတ်အသိဉာဏ် ပါမှရတယ်။ ကလေးဘဝက ယူ တာလည်း မရဘူးတဲ့။

သို့သော် သူသိတတ်တဲ့ အရွယ်ရောက်တဲ့အခါ အမေက ပြောတယ် ဆိုပါတော့။ ငါ မင်းကို ကိုယ်ဝန်ရှိတုန်းက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ အထိန်းတော်ကလည်း ပြောတယ်။ မင်းကလေးဖြစ်စဉ်တုန်းက ငါက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ သြော်.. ဟုတ်ပေသားပဲလို့သူက အသိအမှတ် ပြုလိုက်ရင် သရဏဂုံရမယ်။
ဒီလိုမှ မဟုတ်ရင် သရဏဂုံ မရဘူးတဲ့။

ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဆိုနေရင် အဲဒီ အသိလေး ပါနေစေချင်တယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ”  

ကတော့ နေ့တိုင်းလောက် ဆိုနေမယ် ထင်တယ်နော်။

ဒီနေ့ကစပြီး အဲဒီအသိကလေးပါနေရင် နေ့တိုင်းသရဏဂုံအပြည့်အဝတည်နေပြီလို့မှတ်ရမယ်။ ဒီမတိုင်ခင်က ဆိုရင် မင်းတို့ ရချင်မှ ရမယ်။ အတိအကျ မသိနိုင်ဘူး။

အေး … သရဏဂုံ-ကိုးကွယ်ရာလို့ ဆိုပြီး ဆည်းကပ်တာက ဘာလဲလို့ မေးရင်တော့ တိတိကျကျ ပြောရရင် ကိုးကွယ်တဲ့အခါ ခေါင်းထဲမှာ နှလုံးထဲမှာ ဖြစ်တဲ့ ကုသိုလ်စိတ်ကို ခေါ်တယ်။

မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်လို့ဆိုတဲ့အခါမှာ မင်းတို့ စိတ်ထဲမှာ မကောင်းတာတွေ ရှိသေး လား? လော ဘတို့ ဒေါသတို့ ရှိသေးလား? မရှိဘူး။ အဲဒီ အချိန်အခါမှာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ ကင်းနေ တယ်ပေါ့။ အဲဒီလို ကိလေသာတွေ ကင်းပြီးတော့ ဘုရားကို ကိုးကွယ်တဲ့ စိတ် မိမိသန္တာန်မှာ ဖြစ်နေတယ်။ အဲ ဒါ ကို သရဏဂုံလို့ ခေါ်တယ်။ ကိုးကွယ်ရာဟူ၍ သိတယ်၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တယ်။ အဲဒါကြောင့် ငါတို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မကောင်းမှုမှ တားမြစ်တယ်။ ကောင်းမှုကိုတိုက်တွန်းပေး တတ်တယ် ဆိုတဲ့ အနေနဲ့ အသိအမှတ်ပြုတာကို ကိုးကွယ်တယ် ဆိုတယ်။

ကိုးကွယ်တယ်ဆိုတာ တရားကို ကျင့်တာ

တို့ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာဟာ ဟောကြားရုံပဲ ရှိတယ်။ ကိုယ် ကိုယ်တိုင်က ကျင့်ရတယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင်က ပြောထားတယ်။ ငါကိုယ်တိုင် ဒီတရားကို သိပြီးလို့ ခုမင်းတို့ကို ဟောတာ။ အခု မင်းတို့က ကိုယ့်ဟာကိုယ် ဝီရိယစိုက်ပြီး ကျင့်ရမယ်တဲ့။ တို့ ဘုရားဆိုတာ ဟောကြားရုံပဲ ဟောကြားနိုင်တယ်။ ဆိုလို တာကတော့ ‘ရော့ မင်းတို့အတွက် နိဗ္ဗာန်’လို့ မပေးနိုင်ဘူး။ သွားတောင်းလည်း အလကားပဲ။

ဘုရားဆီမှာ နိဗ္ဗာန်ကို တောင်းလို့ ဘုရားကလည်း ပေးနိုင်တာမှ မဟုတ်တာ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကျင့်ရမယ်။ ကိုယ်ကိုယ်တိုင် ကောင်းတာလုပ်ရင် အဲဒီ ကောင်းတဲ့အကျိုးကို ကိုယ်ကိုယ်တိုင် ရမယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ကိုယ်ပဲ ရမယ်။ သူများက ကိုယ့်အတွက် တာဝန်ခံတာမျိုး မရှိဘူး။

ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏ 

လို့ ဘယ်လောက် ဆိုနေ ဆိုနေ၊ မကျင့်ရင် မရဘူး။ တစ်ဖက်မှာ ကိုယ်တိုင် ကျင့်မှ ရတယ်ဆိုတဲ့ စကားရှိ တယ်။ ဒီဘက်ကျတော့တို့က ဘုရားကို ကိုးကွယ်နေတယ်၊ အားထားနေတယ်ဆိုတော့ အဓိပ္ပာယ်ရှိရဲ့လား။ ဘုရားကို အားကိုးတယ်ဆိုတာ ကျောင်းသားက ဆရာကို အားကိုးနည်းမျိုး အားကိုးတာ။ ကျောင်းမှာဆရာ က ကျောင်းသားအတွက် စာမကျက်ပေးနိုင်ဘူး၊ သင်ပြပေးတယ်။ မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို ကျင့်ကြ လို့ပဲ ညွှန်ပြပေးနိုင်တယ်။ မင်းတို့ သွားကစားနေကွာ၊ မင်းတို့အတွက် ငါကျက်ထားပေးမယ်၊ ဒီလို လုပ်လို့မရ ဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားက မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို နေကြ၊ ဘယ်လို တရားကျင့်ကြ၊ အဲဒီ လို လေ့ကျင့်ပေးတယ်။ ဟောကြားပေးတယ်။ အဲဒီလိုသာ လုပ်ပေးနိုင်တယ်။

ဒါကြောင့် ဘုရား တရား သံဃာ ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားကို လမ်းကောင်းလမ်းမှန် ညွှန်ပြပေးနိုင် တဲ့ ဆရာအဖြစ် အသိအမှတ် ပြုတယ်၊ အားထားတယ်။ တရားကိုလည်း ဆရာအဖြစ်အသိအမှတ် ပြုတယ်။ အဲ ဒါကိုပဲ ကိုးကွယ်တယ်လို့ ဆိုတာ။ ကိုးကွယ်တယ်ဆိုတာ ကလေးက အမေကို အားကိုးတာမျိုး မဟုတ်ဘူး။ ငါကိုးကွယ်ရင် ပြီးရော၊ ကျန်တာတွေ ဘုရားက အကုန်လုံး လုပ်ပေးလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်နဲ့အားကိုး တာလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ပါ။


ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ



မှက်ချက်။  ။  ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှပြန်လည်ကူးယူ တင်ပြပါသည်။

read more

Monday, January 7, 2013

စွန့်ခြင်းနှင့် နှောင်ဖွဲ့ခြင်း




တစ်ခါတုန်းက ဗာရာဏသီ ပြည်မှာ ဘုရင် တစ်ပါးဟာ တရား အားထုတ်ရင်း ပထမဈာန်ကို ရထားပါတယ်။ တစ်နေ့တော့ သူဟာ “ရဟန်းတရားက မြတ်သလား၊ မင်းအဖြစ်ကပဲ မြတ်သလား”လို့ ဆင်ခြင် မိပါတယ်။ သေချာ ဆင်ခြင်တော့ “မင်းအဖြစ် ထက် ရဟန်း တရားက မြတ်တယ်” ဆိုတာ သိရပါတယ်။ ဒါကြောင့် တိုင်းပြည် အုပ်ချုပ်ရေးကို အမတ်တွေနဲ့ လွှဲထားပြီး တရားကိုပဲ အားထုတ် နေပါတယ်။ အမတ်တွေ ကိုလည်း တရားနဲ့ အညီစီရင်ဖို့ တခါတည်း မိန့်မှာ ထားပါတယ်။ ဒါပေမယ့် အမတ်တွေက လာဘ်ပေး လာဘ်ယူမှု. တွေလုပ်ပြီး တရား စီရင် နေကြပါတယ်။ အမှုဖြစ်ရင် လာဘ်ပေးတဲ့ သူကပဲ အနိုင်ရလေ့ ရှိပါတယ်။

အမှုတစ်ခုမှာတော့ ဘုရင်နဲ့အလွန်ရင်းနှီးတဲ့သူတစ်ယောက် မှန်ပါလျက်နဲ့တရားရှုံးသွား ပါတယ်။ အဲဒီ တရားရှုံး သွားတဲ့ ဘုရင့် မိတ်ဆွေက ဘုရင့်ဆီ ပွဲတော်အုပ် လာဆက်ကပ်ပါတယ်။ ဆက်ကပ်ပြီးအမတ်တွေ တရားစီရင်တာ ငွေပေးနိုင်တဲ့သူကို အနိုင်ပေး နေတဲ့အကြောင်း လျှောက်ပြ လိုက်ပါတယ်။

နောက်တစ်နေ့ကျတော့ ဘုရင်လည်း အမတ်တွေ တရားစီရင်တဲ့ နေရာကို သွားကြည့်ပါတယ်။ ဘုရင်ကို မြင်လိုက်တာနဲ့ ပြည်သူ ပြည်သားတွေက ငွေပေးတဲ့သူကို အနိုင်ပေးပြီး အမှုတွေကို မတရား သဖြင့် စီရင်နေတဲ့ အကြောင်းကို ဝိုင်းတိုင် ကြပါတော့တယ်။

ဘုရင်လည်း တရားစီရင်တဲ့ နေရာကနေ ပြန်လာပြီး ပြာသာဒ် ထက်မှာ တရားရှုဖို့ ထိုင်လိုက် ပါတယ်။ ထိုင်လိုက်တာနဲ့ ပြည်သူတွေရဲ့ မကျေနပ်တဲ့အသံတွေက ကျယ်ကျယ်လောင်လောင်နဲ့ ပေါ်လာပြန်ပါတယ်။ ဒါကြောင့် တရားကို ဆက်ရှုမှတ်လို့ မရတော့ပါဘူး။

ဒီတော့ ဘုရင်လုပ်သူက သံဝေဂ တော်တော် ဖြစ်သွားပါတယ်။ နောက် သံဝေဂနဲ့အတူ “ငါဘုရင်လုပ်နေလို့ ဘာအကျိုးမှ မရှိဘူး။ ရဟန်း တရားကပဲ မြတ်တယ်"လို့ သေချာ သဘောပေါက်ပြီး မင်းအဖြစ်ကို စွန့်ပစ် လိုက်ပါတယ်။ ဆက်လက်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ပစ္စေကဗုဒ္ဓါ ဖြစ်သွား ပါတော့တယ်။

(သုတ္တနိပါတ်အဋ္ဌကထာ၊ ခဂ္ဂဝိသာဏသုတ်)

မင်းနဲ့ စာဖတ်သူ ၊ စာဖတ်သူနဲ့မင်း။ မင်းနဲ့ စာရေးသူ၊ စာရေးသူနဲ့မင်း တရားသဘောအရ ဆိုရင် ဘာမှမဆိုင်ပါဘူး။ ကိုယ့်တရားနဲ့ ကိုယ်ပါ။ သူ့တရားနဲ့ သူပါပဲ။ ကောင်းတဲ့တရားကို အားထုတ်ရင် ကောင်းတဲ့ တရားကို ခံစားရမှာပါ။ မကောင်းတဲ့တရားကို အားထုတ်ရင် မကောင်းတဲ့ တရားကို ခံစားရမှာပါ။ ကိုယ်စွန့်မှ ကိုယ်ရမှာပါ။

ဒါပေမယ့် ဘဝမှာ တစ်ခါတလေ စွန့်ဖို့ခ က်နေ တာလေးတွေ ရှိနေတတ်ပါတယ်။ မိသားစု သံယောဇဉ်၊ တစ်သက်လုံး ရှာခဲ့ရတဲ့ အရာတွေ တွေးမိပြန်ရင် ခက်သွားတတ်ပါတယ်။

တရားနဲ့ ယှဉ်လာရင်တော့ စွန့်သင့်တဲ့အချိန်မှာ စွန့်သင့်တဲ့ အရာတွေကို စွန့်ပစ်ရမှာပါပဲ။ အဲဒီ အခါမျိုး မှာတော့ စွန့်ဖို့ ခက်နေရင် "သြော်… ဘုရင် ဖြစ်သူတောင် တရားနဲ့ ယှဉ်လာရင် မင်းအဖြစ် ကိုတောင် စွန့်သေးတာပဲ၊ ငါစွန့်ရမယ့် အရာက ဘာမှ မဟုတ်ပါဘူးလေ"လို့ နှိုင်းယှဉ်ပြီး အားယူလို့ ရပါတယ်။ တရားနဲ့ ယှဉ်လာရင်တော့ စွန့်ရမှာပါပဲ။

တရား စခန်း ဝင်ဖို့တောင် မိသားစု သံယောဇဉ်ကြောင့် အိမ်ကို တစ်ပတ် ဆယ်ရက် စွန့်ဖို့ ခက်နေ တတ်ပါတယ်။ အထူးသဖြင့် "ငါမရှိရင် ဖြစ်ပါ့မလား"ဆိုတဲ့ အတွေးကြောင့်ပါ။

အပဒါန်အဋ္ဌကထာမှာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်းနှစ်မျိုးကို ပြထားပါတယ်။

၁။ " သူဟာ ငါ့ရဲ့ အားကိုးရာပဲ၊ သူမရှိရင် ငါ့မှာ အားကိုးရာမရှိဘူး။ သူရှိမှဖြစ်မယ်"ဆိုပြီး ကိုယ့်ကိုယ်ကို နိမ့်ရာကထားပြီး နှောင်ဖွဲ့ ထားခြင်းတစ်မျိုး။

၂။ "သူတို့ဟာ ငါနဲ့ကင်းပြီး နေလို့မရဘူး။ ငါဟာ သူတို့ရဲ့ အားကိုးရာပဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မြင့်ရာကထားပြီး နှောင်ဖွဲ့ခြင်းတစ်မျိုး။

ဒီနှောင်ဖွဲ့ခြင်း နှစ်မျိုးဟာ အကျိုးယုတ်စေတဲ့ နှောင်ဖွဲ့ခြင်းတွေပဲလို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ရာက ပဲထားထား၊ မြင့်ရာကပဲ ထားထား နှောင်ဖွဲ့ခြင်းနှစ်မျိုးလုံး ကတော့ မကောင်းတာ အမှန်ပါပဲ။

နှောင်ဖွဲ့ခြင်း နှစ်မျိုးမှာ ကိုယ်က ဘယ်ထဲမှာ ပါနေသလဲ ဆိုတာ ပြန်စိစစ် ကြည့်ရမှာပါ။ နိမ့်ရာကပဲ ပါနေသလား၊ မြင့်ရာကပဲ ပါနေသလား၊ ဘယ်ထဲမှာ ပဲပါပါ နှစ်မျိုးလုံး ကတော့ တစ်ခုမှ မကောင်းပါဘူး။ ဒီနှောင်ဖွဲ့ခြင်းတွေ ကြောင့်ပဲ တစ်ပတ် ဆယ်ရက်တောင် တရားစခန်းဝင်ဖို့ ခက်နေတော့တာပါ။

တကယ် သေချာစဉ်းစားရင် ကိုယ်သေသွားရင်တောင် သူဟာနဲ့သူ ဖြစ်နေမှာပဲ။ သေလည်း သေရဦး မှာပါ။

နောက်တစ်ခုက လူတစ်ဦး တစ်ယောက်ကို ရိုးရိုးအားမကိုးဘဲ နှောင်ဖွဲ့ပြီး အားကိုးတာပါ။ အားကိုး တာကတော့ အားကိုးရမှာပါပဲ။ ဒါပေမယ့် နှောင်ဖွဲ့မှု မပါဖို့ပါ။

တကယ်တော့ အားကိုးပြီး တရားရအောင် အားထုတ်ရမှာပါ။ ဒါမှလည်း အားကိုးရတာ တန်တာပါ။ အားကိုး ခံရသူလည်း တန်တာပါ။ နှောင်ဖွဲ့မှု. ပါနေရင် နှစ်ဦးနှစ်ဖက် အကျိုး မရှိပါဘူး။ သူလည်း တရားနဲ့ဝေး၊ ကိုယ်လည်း တရားနဲ့ဝေး ရတဲ့ဘဝပါ။ ကိုယ့်ဝန်းကျင်မှာ တရားတွေ ရှိနေပါလျက် နဲ့ တရားတွေနဲ့ ဝေးနေရတာတော့ အဓိပ္ပါယ် မရှိလှပါဘူး။ ကိုယ့်ဝန်းကျင်မှာ တရားတွေ မရှိလို့ တရားနဲ့ ဝေးရတာဆို တစ်မျိုးပါ။

တချို့ကျတော့ တရားအတွက် ဆိုပြီး စွန့်ချ ပစ်လိုက်ကြပါတယ်။ တကယ်တမ်း တရား နယ်ပယ်ထဲ ရောက်သွားရော အဆင်မပြေ ဖြစ်ပြီး မူရင်း ဌာနေကိုပဲ ပြန်ရောက်လာသူ တွေလည်း ရှိပါတယ်။ ဒါက အတိတ်တိတ် ဖြည့်ခဲ့တဲ့ ပါရမီတွေနဲ့လည်း ဆိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပါရမီခြင်း မတူပါဘူး။ ပါရမီရှင်တွေလို ယတိပြတ် မစွန့်နိုင်ပေမယ့် နည်းနည်းခြင်းတော့ စွန့်သွားရမှာပါ။

တရားနဲ့ယှဉ်ရင် စွန့်ရမယ် ဆိုပေမယ့် ကလေးမွေး ပြီးပြီးခြင်း ကလေးကို စွန့်ထားခဲ့ပြီ သီလရှင် ဝတ်သွားတာမျိုးကျတော့လည်း အဆင်မပြေ လှပါဘူး။ နို့်တိုက် ဖို့တာဝန်က ရှိပါသေးတယ်။ စွန့်တယ် ဆိုတာ နှောင်ဖွဲ့ခြင်းတွေကို စွန့်ရမှာပါ။ ရာထူး ဌာနန္တရ ငွေကြေး ဥစ္စာ ဇနီးခင်ပွန်း သားသမီး စသည်တွေ အပေါ်မှာ နှောင်ဖွဲ့ထားတဲ့ နှောင်ဖွဲ့မှုတွေပါ။

ကျေးဇူးတော်ရှင် ယောဆရာတော် ဘုရား အမြဲဟောတာရှိပါတယ်။ ကလေး ငိုတာလည်း တရားပါပဲ၊ ကလေးထိန်းတာလည်း တရားပါပဲတဲ့။ ကိုယ်က မေတ္တာဓာတ်နဲ့ သတိလေးတွေပါနေရင် တရားဖြစ်နေတာပါပဲ။

အားလုံး ကြားဖူးတဲ့ ထေရီကာ ဆိုတဲ့ အမျိုးသမီးလေး တရားရသွားတယ် ဆိုတာ မီးဖိုချောင် ထဲကပဲ တရား ရသွားတာပါ။ ဒီတော့ သတိပါနေရင် ထမင်းချက် တာလည်းတရားပါပဲ၊ ဟင်းချက်တာ လည်းတရားပါပဲ၊ ကော်ဖီ ဖျော်တာလည်း တရားပါပဲ။

ကိုယ့်ဝန်းကျင်မှာ အားကျအတုယူရမယ့်သူတွေအများကြီးရယ်ပါ။ ရဟန်းထဲမှာရော လူထဲမှာရော အများကြီးမှ အများကြီးပါ။ ကိုယ်က သတိမပြုမိလို့ပါ။

တစ်ခါက ဦးဇင်းလေးတစ်ပါး နယ်ကဆရာတော်ကြီးတစ်ပါးကို သွားဖူးပါသတဲ့။ ဆရာတော် ကြီးကို ဖူးတဲ့အချိန်မှာ ဆရာတော်ကြီးက ယောဂီတွေကို တရားစစ်ပေးနေတဲ့ အချိန်ပါ။

ဆရာတော်ကြီးမိန့်တဲ့အထဲမှာ ထူးဆန်းတာတွေပါနေပါသတဲ့။ ဒီတော့ဦးဇင်းလေးက "ဒါတွေဟာ ဘုရားလက်ထက်တုန်းကပဲ ရနိုင်ရှိနိုင်တာ၊ ဒီခေတ်မှာ မရှိနိုင်တော့ပါဘူး၊ ဆရာတော်ကြီး လျှောက်ပြောနေတာ"လို့ စိတ်ထဲက တွေးလိုက်ပါသတဲ့။

ဆရာတော်ကြီးက ချက်ချင်းဆို သလိုပဲ ဦးဇင်းလေး ဘက်လှည့်ပြီး “ဦးဇင်းလေးရဲ့ ကိုယ်မရတာနဲ့ မရနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ မတွေးရဘူး။ မသိဘဲနဲ့ ပြစ်မှားမိရင် အပြစ် ဖြစ်တတ်တယ်”လို့ မိန့်လိုက် ပါသတဲ့။

ဦးဇင်းလေးလည်း တော်တော်လေး ထိတ်လန့်သွားပြီး ဆရာတော်ကြီးကို တောင်းပန်ပြီး ပြန်ခဲ့ပါ သတဲ့။

အဲဒီ ဆရာတော်ကြီးဟာ စာရေးသူရဲ့ ငယ်သူငယ်ချင်းရဲ့ ဆရာတော်ကြီးပါ။ သူငယ်ချင်း ဦးဇင်းကို ဆရာတော်ကြီး ဆီက “နည်းနာနိဿယ ယူထားလိုက်သလား”လို့ မေးကြည့်တော့ “အဲဒီတုန်းက တပည့်တော်တို့က ကိုရင်ငယ်ငယ်ပဲ ရှိသေးတယ်။ ကိုယ်နဲ့မဆိုင်ဘူး၊ ဒါဆရာတော်ကြီး တွေရဲ့ အလုပ်လို့ ထင်ခဲ့တာ။ ဆရာတော်ကြီး သက်တော်ကြီးလာမှ ဆရာတော်ကြီး တရား အဆင့် တစ်ခုတော့ ရနေ လောက်ပြီလို့ ခန့်မှန်းမိတာ”လို့ ပြန်ပြောပြပါတယ်။

ဒီခေတ်မှာ တကယ် ကျင့်ကြံ ပွါးများ အားထုတ်နေတဲ့သူတွေ အများကြီး ရှိနေတာဆိုတော့ မပြစ်မှားမိအောင်နေတာ အကောင်းဆုံး ပါပဲ။ ပြစ်မှားမိလို့ ကိုယ်ပြစ်မှား မိတဲ့သူက အရိယာဖြစ်နေရင် အရိယူပဝါဒကံ ထိုက်သွားပါလိမ့်မယ်။ မစားရ မသောက်ရ ကြီးမားလှတဲ့ အကုသိုလ်ကံကြီးကို ကျူးလွန် မိသွားတာပါ။ ပြစ်မှားတာကတော့ အရိယာကို ပြစ်မှားမှသာ မဟုတ်ပါဘူး။ ကိုယ့်ထက် သီလ သမာဓိကြီးသူကို ပြစ်မှားလည်း အပြစ်ပါပဲ။

စွန့်တဲ့ သူတွေကတော့ စွန့်ပြီး အားထုတ်နေကြတာပါ။ ကိုယ်ပဲမစွန့်နိုင် ဖြစ်နေတာပါ။ စွန့်ခြင်းရဲ့ အကျိုးရလဒ်ကို မသိလို့ မစွန့်နိုင်ကြတာပါ။ ရလဒ်ကို သိတဲ့ သူတွေကတော့ စွန့်နေကြတာပါပဲ။

လောကမှာ စွန့်တဲ့သူတွေက စွန့်ပြီး နှောင်ဖွဲ့တဲ့သူ တွေက နှောင်ဖွဲ့နေကြတာပါ။ ဒီရာထူး ဌာနန္တရ ငွေကြေးဥစ္စာ ဇနီးခင်ပွန်း သားသမီး သက်ရှိ သက်မဲ့တွေကိုပဲ နှောင်ဖွဲ့ ထားကြပါတယ်။ နှောင်ဖွဲ့တော့ မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။ ဒီတော့ တရားနဲ့ ဝေးသထက် ဝေးနေတော့တာပါ။ တရားနဲ့ ဝေးနေတော့ အမှားအမှန်လည်း မသိတော့ပါဘူး။

တချို့ နှောင်ဖွဲ့မှု. တွေကျတော့ နှောင်ဖွဲ့သူတင် နစ်နာ တာမဟုတ်ပါဘူး။ နှောင်ဖွဲ့သူနဲ့ ဆက်စပ်သူ မှန်သမျှပါ ထိခိုက် နစ်နာ ရတော့တာပါ။

စာရေးသူရော စာဖတ်သူရော စွန့်ချိန်တန်ရင် စွန့်ရမှာပါပဲ။ ဒီလိုပါပဲ စွန့်သင့်တာကို စွန့်ရမှာပါပဲ။ အထူးသဖြင့် တရားနဲ့ ယှဉ်လာရင်တော့ အားလုံး အားလုံးကို စွန့်ရမှာပါပဲ။ မစွန့် နိုင်သေးရင်တောင် စွန့်နိုင်အောင် ကြိုးစားယူရမှာပါ။

တစ်ခါတလေ ပုထုဇဉ် အားလျော်စွာ စွန့်ဖို့ခက်နေရင် ဘုရားအလောင်း စွန့်ခဲ့တာလေးတွေ၊ အထက်က ပစ္စေက ဗုဒ္ဓါလောင်း မင်းစည်းစိမ်ကို စွန့်ခဲ့တာလေးတွေကို အာရုံပြုပြီး "သြော်…. အလောင်းတော်တွေ ပါရမီရှင်တွေဟာ တရားနဲ့ ယှဉ်လာရင် မင်းစည်းစိမ် တောင် စွန့်ကြသေးတာပဲ၊ ငါစွန့်ရမယ့် အရာက သူတို့လောက် မကြီးမားဘူး"လို့ အားကျ အတုယူလို့ရပါတယ်။

မိတ်ဆွေလေးမျိုးရှိတဲ့ အထဲမှာ အတ္ထက္ခာယီ မိတ်ဆွေ ဆိုတာရှိပါတယ်။ မြန်မာလို ပြောရရင် တော့ အကျိုးရှိအောင်ေ ပြာပြတတ်တဲ့ မိတ်ဆွေလို့ ခေါ်ပါတယ်။ အဲဒီ မိတ်ဆွေဖြစ်ဖို့ အင်္ဂါလေးပါးနဲ့ ပြည့်စုံရပါတယ်။ အင်္ဂါလေးပါးဆိုတာက…

၁။ မကောင်းမှု. အကုသိုလ် လုပ်နေရင် တားမြစ်ပြောပြပေးရပါတယ်။

၂။ ကောင်းမှု. ကုသိုလ် လုပ်အောင် တိုက်တွန်း ပြောပြပေးရပါတယ်။

၃။ မကြားဖူးတဲ့ တရားစကားကို ပြောပြပေးရပါတယ်။

၎။ ချမ်းသာ ရောက်ကြောင်းဖြစ်တဲ့ နတ်ပြည်လမ်း၊ မဂ် ဖိုလ် နိဗ္ဗာန် လမ်းကို ညွှန်ကြား ပြောပြ ပေးရပါတယ်။ ဒီလေးမျိုးပါ။

ကိုယ်က ဒီအင်္ဂါ လေးချက်ကို အာရုံပြုပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေတွေကို တားသင့်တာကို တားပြီး တိုက်တွန်း သင့်တာကို တိုက်တွန်းရမှာပါ။ တရားစကားတွေကို ပြောပြပေးရမှာဖြစ်သလို နတ်ပြည် မဂ်ဖိုလ် ရကြောင်းတွေကိုလည်း ညွှန်ကြား ပြောပြ ပေးရမှာပါပဲ။

ကိုယ်တားတာ တိုက်တွန်း တာတွေကို သူမကြိုက်ပေမယ့် ကိုယ်ချစ်တဲ့သူ ကိုယ့်မိတ်ဆွေ ဆိုးကျိုးမဖြစ်ဖို့ သူကြိုက်ကြိုက် မကြိုက်ကြိုက် တားရ၊ တိုက်တွန်းရမှာပါ။ ဒါမှ အတ္ထက္ခာယီ မိတ်ဆွေ ပီသမှာပါ။

စာရေးသူ စာရေးတဲ့ အခါ နိဗ္ဗာန်ကိုဦးတည်ရုံမကပါဘူး၊ ဒီသဘောလေး တွေကိုလည်း အာရုံပြုပြီး ရေးပို့နေပါတယ်။ တကယ်တော့ စာရေးသူ ကချည်း ရေးပြ ဟောပြ နေရပါတယ်။ စာဖတ်သူ့က ရေးပြ ဟောပြ တာလေးတွေကိုလည်း တလှည့် နာချင်ပါသေးတယ်။

ဒါကြောင့် ဖုန်းနဲ့ပဲဖြစ်ဖြစ် Emailနဲ့ပဲဖြစ်ဖြစ် ဟောပြပေးပါဦး။ စာဖတ်သူတွေ ဟောပြတာ လည်း နာချင်လို့ပါ။ ဒါမှလည်း အပြန်အလှန် ညီမျှမှာပေါ့။ ပြီးတော့ စာဖတ်သူတွေက ဆရာတော် မျိုးစုံဆီက နာထား၊ ဖတ်ထားတာရယ် ကိုယ်တွေ့ ဘဝ အတွေ့အကြုံတွေရယ်ကြောင့် ပိုလို့တောင် နာလို့ ကောင်းဦးမှာပါ။

ဘာပဲဖြစ်ဖြစ် တရားနဲ့ယှဉ်လာရင်တော့ စွန့်လိုက်တာအကောင်းဆုံးပါပဲ။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
ထေရအပဒါန်ဝတ္ထုတော်ကြီး၊
အရှင်ဓမ္မဿာမီဘိဝံသ
read more

Monday, December 31, 2012

နှစ်သစ်ကူးဆုတောင်း







 သက္ကရာဇ် 2012 ဆိုတဲ့နှစ်ဟောင်းတစ်ခုကိုလက်ပြနှုတ်ဆက်ရင်း မင်္ဂလာရှိလှတဲ့နှစ်သစ် 2013 ကိုလက်ကမ်း လို့ကြို ဆိုပါတယ်။ ကုန်ဆုံးသွားပြီးဖြစ်တဲ့နှစ်ဟောင်းတစ်ခုထဲမှာ ကျွန်တော်တို့အားလုံးကံဇာတ်ဆရာရဲ့အလိုကျ ကပြလို့အ သုံးတော်ခံခဲ့ကြရပြီးပါပြီ။ တစ်နှစ်ပတ်လုံးမှာအကောင်းတွေရှိသလိုအဆိုးတွေနဲ့လည်းကြုံတွေ့ခဲ့ကြရမှာပါ။ ကျွန်တော့်အတွက်တော့ 2012 နှစ်သစ်ကူးနေ တဲ့အချိန် (01.01.2012 ဒေသစံတော်ချိန်မနက် 12:15 နာရီ) မှာဓါးပြတိုက်ခံရပြီး 15 မိနစ်အကြာမှာရဲအဖမ်းခံရပါတယ်J။ 2012 ခုနစ်နှစ်သစ်ကူးအချိန်အခါသမယ ကတော့အဲဒီ လိုလေးကို ကောင်းပါတယ်။ တော်တော်လေးကိုလည်းမှတ်မှတ်ရရလေးဖြစ်ကျန် နေရစ်ခဲ့ပါတယ်။ အဲဒီနေ့ကအ လုပ်မပိတ်ပေမယ့်သူများတွေ ” Happy New Year ” မှာပျော်နေတဲ့ မနက် 12 နာရီလောက်မှာကိုယ်တွေ လည်း တောင်ငေးမြောက်ငေးလုပ်ရင်းလမ်းလျှောက်ထွက်ပါတယ်။ လူပြတ်တဲ့နေရာအရောက်မှာ ကုလားလေးယောက်ကား နဲ့ရောက်လာပြီး ဓါးနဲ့ထောက်လို့တွေ့သမျှကို အလှူခံသွားပါတယ်။ ဖုန်း၊ ပိုက်ဆံများများ မပါတဲ့ပိုက်ဆံအိတ်နဲ့ Passport မိတ္တူ၊ အ လုပ် သမားအထောက်အထားစာရွက်လေးတွေပါသွားလို့ လက်ထဲမှာ လည်းဘာမှမကျန်တော့ပါဘူး။ စိတ်ညစ်ပြီးအလုပ်ရှိရာကို သူငယ်ချင်းနှစ်ယောက်ပြန်အလာမှာလှည့်ကင်း(ရဲကား) ကားနဲ့တန်းပြီးတိုးပါတယ် (အကုသိုလ်ဂြိုလ်မင်းတို့မွှေပုံများပြောပါတယ်)။


ရဲကအိုင်စီတောင်းပါတယ်။ ကိုယ့်မှာပြစရာကဘာမှမရှိ။ မရှိတော့သူကရစ်။ သူရစ်တော့ကိုယ်ကစိတ်ညစ်။ အခုလေး တင်ဓါးမြ တိုက်ခံရကြောင်းရှင်းပြလည်းသူကမယုံနောက်ဆုံးတော့ ရဲကားစီးပြီးစခန်းကိုအလည်အပတ်လိုက်သွားရ ပါတယ်။ ကျွန်တော်နဲ့အ တူအဖမ်းရတဲ့သူက ဒီနိုင်ငံသားတရုတ်ပါ။ စခန်းရောက်မှ မန်နေဂျာကိုသူတရုတ် လိုဖုန်းဆက်အကြောင်းကြားလို့ မနက်၂နာ ရီလောက်မှာ မန်နေဂျာစခန်းမှာလာခေါ်ပါတယ်။ ကံကောင်းလို့ ကျွန်တော်အချူပ်ခန်းထဲမှာ နှစ်သစ်မကူးခဲ့ရတာပါJ။ 2012 နှစ် သစ်ကူးကာလကတော့အဲဒီလိုမကောင်းခြင်းတွေနဲ့ မှတ်မှတ်ရရဖြစ်ခဲ့ရတာပါ။ ကျွန်တော့်အတွက်တော့ 2012 တစ်နှစ်ပတ်လုံး ဟာအကောင်းတွေထက် အဆိုးတွေကပိုပြီးများတယ်လို့ပြောလို့ရပါတယ်။ အခုတော့ဒါတွေအားလုံးဟာ အိမ်မက်တစ်ခုလိုပြီးဆုံး သွားခဲ့ပါပြီ။ သက္ကရာဇ် 2013 ဆိုတဲ့နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ စာမျက်နှာအသစ်ကို စိတ်လက်ပေါ့ပါးစွာနဲ့ဖွင့်လှစ်လိုက်ပါပြီ။




တကယ်တော့ကျွန်တော်တို့အားလုံးဟာ သက္ကရာဇ်ရထားကြီးကိုစီးပြီး ခရီးသွားနေကြသူတွေပါ။ ပြီးခဲ့အတိတ် ကို ပြန်လှည့်ကြည့် လိုက်ရင် ပျော်ရွှင်စရာတွေ၊ ၀မ်းနည်းစရာတွေ ၊ အောင်မြင်မှုတွေနဲ့ ကြေကွဲဝမ်းနည်းမှုတွေ အသီးသီးကိုယ်စီ အားလုံးမှာရှိကြမှာ ပါ။ ရှေ့မှာရှိနေတဲ့ဘူတာကရော ဘယ်လိုဘူတာမျိုးဖြစ်မလည်းဆိုတာ ကျွန်တော်တို့အားလုံး ဘယ်သူမှကြိုပြီးမသိနိုင်ကြပါဘူး ။ ကျွန်တော်တို့အားလုံးရဲ့ လူ့ဘ၀ခရီးစဉ်ရထားလက်မှတ် မှာ ရှေ့ဘူတာအကြောင်း ဘာမှကြိုရေးမထားတာကြောင့် ကျွန်တော် တို့အားလုံးဟာ ဘယ်ဘူတာမှာခရီးလမ်းဆုံး မလည်းဆိုတာကိုလည်း ဘယ်သူမှကြိုပြီးမသိနိုင်ကြပါဘူး။ ဒါကြောင့် ဘယ်အရာမှမတည်မြဲတဲ့ကျွန်တော်တို့ရဲ့ လူ့လောကထဲကို ရောက်နေစဉ်ခဏတာလေးမှာ ဘ၀ကိုအဓိပ္ပါယ်ရှိရှိဖြတ်သန်းရင်း တစ်ယောက် အပေါ်တစ်ယောက် ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ နဲ့ဖေးမကူညီနေထိုင်ဆက်ဆံရင်း ကျန်ရှိနေသေးတဲ့မရေရာလှတဲ့ အချိန် လေးတွေကို ကုန်ဆုံးစေချင်ပါတယ်။

  
အိန္ဒိယစကားပုံ တစ်ခုက" အချိန်ကိုလက်ဖြင့်ဖမ်းဆီး၍မဖြစ်နိုင် " ( There is no hand to catch time ) လို့ဆိုပါတယ်။ အချိန် နဲ့ပတ်သတ်ပြီးသိပ်ကိုမှန်တဲ့ စကားပုံလေးပါ..။ ဒါကြောင့် ကျွန်တော်တို့တွေအားလုံး လည်း နှစ်ဟောင်းကိုတစ်ခုကို လက်ပြနှုတ် ဆက်လိုက်တာနဲ့ တစ်နှစ်တော့ထပ်ပြီး“အို”သွားကြပါပြီ။ ဘယ်အရာကမှထာဝရ မတည်မြဲတဲ့သဘောပါ။ အခုလည်း ကျွန်တော် တို့အားလုံး အဆိုးတွေရောအကောင်းတွေ နဲ့ပါ ရောပြွန်းနေတဲ့နှစ်ဟောင်းတစ်ခုကို ဖြတ်ကျော်လာခဲ့ကြပြီးပါပြီ။ ရှေ့မှာစောင့်နေ တဲ့ ကျွန်တော်တို့ ရင်ဆိုင်တွေ့ ရမယ့် နှစ်သစ်ကိုလှပပြီးအောင်မြင်တဲ့ နေ့သစ်တွေပဲဖြစ်စေချင်တာ ကျွန်တော့်ရဲ့ဆန္ဒမှန်ပါ။ ဒါကြောင့်ယနေ့ ကျရောက်တဲ့ “2013” နှစ်သစ်မှာ ကျွန်တော့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေအားလုံး အစစအရာရာအ ဆင်ပြေအောင် မြင်နိုင်ကြပါစေ၊ လိုအင်ဆန္ဒတွေလည်းပြည်စုံနိုင်ကြပါစေ၊ ထာဝရကံကောင်းခြင်းတွေနဲ့အတူပျော်ရွင် ချမ်းမြေ့ကြပါစေ လို့ကျွန် တော်သူငယ်ချင်း၊ ညီအကိုမောင်နှမအားလုံးအတွက် နှစ်သစ်မှာဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ် ခင်ဗျာ။ သူငယ်ချင်း၊ ညီအကိုမောင်နှမတွေအားလုံး နှစ်သစ်မှာစိတ်ရွှင်လန်းချမ်းမြေ့ပြီး ဘ၀ အမောတွေပြေကြပါစေ။


ရာဇာထွေး

read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: