Wednesday, March 7, 2012

မှတ်သားဖွယ်ရာမှတ်စုလေးများ- ၂

ပို့စ်လေးကို “မှတ်သားဖွယ်ရာမှတ်စုလေးများ” လို့ခေါင်းစဉ် တပ်ထားပါတယ်။ Blog တွေ Wedsite တွေ

ကိုလျှောက်လည်ရင်းတွေ့လို့ကျွန်တော်ကြိုက်တာနဲ့မှတ်စုသဘောလေးကူးပြီးသိမ်းထားတာလေးတွေပါ...

အခုလည်းမဖတ်ရသေးတဲ့သူတွေဖတ်ဖတ်လို့ ရအောင်ရည်ရွယ်ပြီးတစုတဝေးထဲတင်ပေးလိုက်ပါတယ်...

ကြိုက်တဲ့သူတွေ လည်းကူး သွားကြပေါ့... ကူးလာခဲ့တဲ့မူရင်းဆိုက်တွေကို မမှတ်မိတော့တာမို့မူရင်းဆိုက်

တွေကိုလည်းပြန်မညွှန်းပေးနိုင်တာကိုတော့နားလည်ခွင့်လွတ်ပါခင်ဗျာ.....


အပိုင်း နှစ်....

 ၁၇။ သံကိုသံဖျက် သံချေးတက်

သံချေးသည် သံမှာပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍ စားသကဲ့သို့

ဤအတူ မကောင်းမှု၌ လွန်ကျူး၍ ကျင့်သောသူကို မိမိကျင့်ကြံမှု မကောင်းမှုကပင်လျှင်

ဒုဂ္ဂတိဘ၀သို့ ဆောင်ပို့ကုန်၏။

(ဓမ္မပဒ၊ မလ၀ဂ်၊ တိဿတ္ထေရ၀တ္ထု)



၁၈။ ချမ်းသာခြင်း အကြောင်း

ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။

သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။

သံဃာ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။

စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။

(ဓမ္မပဒ၊ ဗုဒ္ဓ၀ဂ်၊ သမ္ဗဟုလဘိက္ခုဝတ္ထု)



၁၉။ ကောင်းမှုပြုသူ၏ ကောင်းသောအကျိုး

ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း

ကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး

မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏။

ကောင်းမှုအကျိုးပေးသောအခါ၌မူကား

ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

(ဓမ္မပဒ၊ သဟဿဝဂ်၊ အနာထပိဏ္ဍိက သေဋ္ဌိဝတ္ထု)



၂၀။ စွန့်ရသော သဘော

အဆွေအမျိုးတို့ အကျိုးငှါ တယောက်သောသူကို စွန့်ရာ၏။

ရွာသူရွာသားတို့ အကျိုးငှါ အမျိုးကို စွန့်ရာ၏။

လူအများ၏ အကျိုးငှါ ရွာကို စွန့်ရာ၏။

မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါ မြေအပြင် (ရှိလူအပေါင်း) ကို စွန့်ရာ၏။

(စွယ်စုံနီတိကထာ)



၂၁။ အဆွေ ခင်ပွန်းကောင်း

အကြင်သူသည် -

စည်းစိမ်ဥစ္စာ ပြည့်စုံသောအခါ၌၄င်း၊

စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ၌၄င်း၊

ငတ်မွတ်ခေါင်းပါးသောအခါ၌၄င်၊

ရန်သူနှင့် ရင်ဆိုင်တိုက်နေရသောအခါ၌၄င်း၊

မင်းအိမ်တံခါးဝ တရားစီရင်ရာသို့ ရောက်သောအခါ၌၄င်း၊

သုသာန်သင်္ချိုင်းသို့ ရောက်သောအခါ၌၄င်း၊

မိမိနှင့်အတူတကွ ရပ်တည်လာ၏။

ထိုသူသည် အဆွေခင်ပွန်းကောင်းပင် ဖြစ်၏။

( စွယ်စုံနီတိကထာ)



၂၂။ ကိုယ်ချင်းစာပါ

ကိုယ်နှင့်လည်းစာ၊

သတ္တ၀ါကို၊

ကြင်နာလှစေ၊

သူ့အသက်ကို ချစ်ပါလေ။

( ရှင်မဟာရဋ္ဌသာရ ဆုံးမစာ)



၂၃။ ပညာရှိ နှင့်လာဘ်သပ်ပကာ

အခြံအရံ လာဘ်သပ်ပကာကို တောင့်တသောသူကို အဝေးကလျှင် ရှောင်ကြဉ်လေကုန်ရာ၏။

ထို့ကြောင့် ပညာရှိသောသူသည် ထိုအခြံအရံ လာဘ်သပ်ပကာကို မတောင့်တ၊

ထိုအခြံအရံ လာဘသပ်ပကာ ရအံ့သော အကြောင်းကိုသာလျှင် ရှာဖွေ၏။

( ရှင်မဟာသီလ၀ံသ)



၂၄။ မာန်မာနကိုချုပ်ကြလေ

မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊

မျက်မာန်ဒေါသ၊ မထွက်ရအောင်၊

မာန်မာနကို ချုပ်ကြလေ။

(ရှင်မဟာရဋ္ဌသာရ ဆုံးမစာ)



၂၅။ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်ပါစေ

ရေချမ်းသစ်သီး၊ ပန်းဆီမီးကို၊

ခိုင်ဖြီးသဒ္ဓါ။ လှူပြီးကာမျှ၊

ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု၊

ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနဲ့။

မစဲညနေ့၊ ဘုရားရှေ့တွင်၊

ပျော်မွေ့မြတ်နိုး၊ မြဲရှိခိုး၍၊

ကောင်းကျိုးပွားစည်၊ ကြီးလှပြီဟု၊

ယုံကြည်အားရ၊ စိတ်မချနဲ့။

ဓာရဏနှင့်၊ ဓမ္မစကြာ၊

မေတ္တာပဋ္ဌာန်း၊ ရွတ်နိုင်စွမ်းကြောင့်၊

ရွှင်လန်းပီတိ၊ ဂွမ်းဆီထိကာ၊

ကြီးမည့်တေဇော်၊ မစောင့်မျှော်နဲ့။

ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်၊

ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာဖြင့်၊

သဒ္ဓါကြည်ယုံ၊ စိပ်ပြီးရုံဖြင့်၊

လုံလောက်လှပြီ၊ မရပ်တည်နှင့်

ရေကြည်သစ်သီး၊ ဆီမီးလှူမျိုး၊

ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ၊

တရာ့ရှစ်သီး၊ စိပ်ပုတီးကို၊

မငြီးဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ်ပါနဲ့။

ဆက်ကာတမျိုး၊ ရှေ့သို့တိုး၍၊

အကျိုးနိဗ္ဗာန်၊ မျှော်ရိုးမှန်က၊

ရုပ်နာမ်ခွဲခြား၊ ကျင့်တရားသာ၊

သံသရာဝဋ်၊ ထွက်လွတ်စေကြောင်း၊

လမ်းမှန်ကောင်းဟု၊ ညွတ်ပြောင်းစိတ်ထဲ၊

ယုံကြည်စွဲလျက်၊

အမြဲနေ့ည၊ ၀ိပဿနာ၊ ဘာဝနာကို၊

ခိုင်မာဆန္ဒ၊ ကြိုးလုံ့လမှ၊

ဗုဒ္ဓခေတ်မြတ်၊ တွေ့ကျိုးနပ်မည်၊

စွဲမှတ်သတိ၊ ရှိပါစေ။

( ဦးချိုရှိန် )



၂၆။ ဆုံးမစာ


မျက်လုံးပမာ၊ သားသည်းချာတို့၊ ကောင်းပါစေလို၊ ပညာကိုလည်း၊ နုပျိုငယ်က၊ သင်ချေမှတည့်။

ထိုမှရွယ်ရောက်၊ တံခွန်ဆောက်သို့၊ တယောက်ထင်ပေါ်၊ နှံ့သိကျော်လိမ့်။

ငယ်သော် ငယ်က၊ များသိပ္ပကို၊ တစ မသင်၊ လေးဖင်၍သာ၊ ပိမ်မှာလည်းပျော်၊ နေချေသော်မူ

လူမဟူရ၊ လူအ လူကန်း၊ လူနှမ်း လူရူး၊ သည်ထက်ထူး၏။

( ဆားတုံဆရာတော် )




၂၇။ သူ့ကျေးဇူး


ရှေးက စွန့်ကြဲ၊ ကံရင်း နည်း၍၊ ဆင်းရဲခဲ့တုံ၊

ကိုယ် မလုံ၍၊ သူ့ဂုဏ် ပိုင်ပိုင်၊ မဆပ်နိုင်သော်၊

ကိုယ်တိုင် သူ့အိမ်၊ ရောက်ခိုက်ကြိမ်က၊ မထိမ်မမြူး၊

ဘုရားဖူးသို့၊ ကျေးဇူးရှိထွေ၊ သိတတ်စေ။

( ရှင်မဟာရဋ္ဌသာရ )



၂၈။ သုတရတနာ

မိတ်ဆွေတို့မှာ၊ ဖြောင့်မှန်စွာ၊ သစ္စာမဖောက်နဲ့။

လှူပြီး ဥစ္စာ၊ ပေးပြီးဟာ၊ သဒ္ဓါမပျက်နဲ့။

တရားကိုရှာ၊ ကိုယ်ခန္ဓာ၊ မညှာ မငဲ့နဲ့။

မိဘဆရာ၊ ဉာတကာ၊ မေတ္တာမဖဲ့နဲ့။

ဥစ္စာကိုရှာ၊ လုံ့လရာ၊ မ၀ါမကြွားနဲ့။

ပညာထိုးထွင်း၊ တတ်လိုလျှင်း၊ မပျင်းမရိနဲ့။

( ညောင်ပင်သာ-ဦးပုည )



၂၉။ ကိုယ့်ကိုယ်ကို ကိုယ်သိ၏

ကိုယ့်ကိုယ် အပြစ် ၊ ကိုယ်သာစစ်၍ ၊

အနှစ်ကိုရှာ ၊ သာသနာဝယ် ၊

မှန်ရာလိုက်ရေး ၊ ကိုယ်သာတွေးသို့ ၊

ကိုယ်မှု ကိုယ်တာ ၊ ကိုယ့်ပြစ်တာကို ၊

ကိုယ်သာမိမိ ၊ ကိုယ့်ဉာဏ်သိ၏ ။

ကိုယ်၏ကျင့်တာ ၊ ကိုယ့်သိက္ခာကို ၊

ကိုယ်သာလိမ်ကြည့် ၊ ကိုယ်သာသိ၏ ၊

ကိုယ်၏မက်တာ ၊ ကိုယ့်တဏှာကို ၊

ကိုယ်သာလက်ရှိ ၊ ကိုယ်ရိပ်မိ၏ ။



၃၀။ ခန္တီတရား

၁။ ခန္တီ ခန္တီ, ပါရမီ, အဆီပေါပါလှ။

၂။ ခန္တီတလုံး, အမြဲသုံး, လူမုန်းမခံရ။

၃။ လောကုတ် လောကီ,ကျိုးနှစ်လီ, ခန္တီပါမှ ပြီးနိုင်ကြ။

၎။ ဆယ်ပါးသုံးလီ, ပါရမီ, ခန္တီ ခဲယဉ်းလှ။

၅။ ခန္တီတခု, လက်ကိုင်ပြု, ပယ်မှု မရောက်ခန်း။

၆။ သုခ သုခ, ဆိုသမျှ, သည်းခံနိုင်မှ အမြန်ရ။

၇။ ဆိုဆဲကြမ်းတမ်း, နှုတ်သရမ်း, ခန္တီရေနှင့် ဆွတ်ကာဖြန်း။

၈။ ဖြန်းလို့ စိုပြန်, မိမိထံ, အမှန် မရောက်တမ်း။

၉။ မရောက်ခဲ့ပြန်, မပူပန်, အမှန်ချမ်းသာတမ်း။

၁၀။ မဂ်လမ်း ဖိုလ်လမ်း, သွားစခန်း, ခန္တီပါမှ ရောက်စတမ်။

၁၁။ မာန်မာနတက်, ဒေါသထွက်, ခန္တီလက်နဲ့ ပယ်ကာယမ်း။

( ဆရာကြီး ဒေါ်ဝဏ္ဏမာယီ )



၃၁။ သံဝေဂဆုံးမစာ

ငါ့ကိုယ် ငါ့သား၊ ငါ့မယား၊ ထင်မှားလှလေပြီ။

ထင်မှားတတ်စွာ၊ သက္ကာယာ၊ မိစ္ဆာကင်းသင့်ပြီ။

ငါးခုခန္ဓာ၊ ရုပ်နာမ်မှာ၊ မှန်စွာ မှတ်သင့်ပြီ။

သမ္မသန၊ ဉာဏ်အစ၊ ထင်လှသင့်ကြပြီ။

( ထွဋ်ခေါင်ဆရာတော် )



၃၂။ ဥပုသ်သီလစောင့်သုံးကြ


၁။ ဥပုသ်စောင့်ငြား၊ အကျိုးများ၊ မှတ်သား သိစေရာ။

၂။ နတ်ရွာရောက်ပြန်၊ ဘုံဗိမာန်၊ အမှန်ထူးမြတ်စွာ။

၃။ ခြံရံပေါပြည့်၊ တင့်တယ်ရှိ၊ ဖြစ်ဘိ မင်းရာဇာ။

၎။ အဆင်းလည်း လှ၊ ဘ၀မြတ်ဆုံး၊ ယာဉ်စုံသုံးကာ၊ ၀တ်ထည်မှာ၊ လွန်စွာကောင်းသည်သာ။

၅။ စားဖွယ်သောက်ရာ၊ ပန်းနံ့သာနှင့်၊ ကောင်းစွာနေအိမ်၊ ရိပ်ငြိမ်စုံရ၊ ကျင့်သီလ၊ ထူးစွာ့ကျိုးဖလာ။

၆။ ကိလေကင်းကွာ၊ ရဟန္တာ၊ ဖြစ်ကာ နိဗ္ဗူတာ။

၇။ ကောင်းကျိုးလိုလား၊ အမျိုးသား၊ ( အမျိုးသမီးများ )၊ စောင့်ပွား ဥပုသ်သီလာ။

( အရှင်ကောဝိဒဓဇ )



၃၃။ မိတ်ကောင်းမိတ်ညံ့

၁-အရေးကိစ္စ၊ ပေါ်တုံက၊ ကူကြမိတ်သဟာ။

၂-ရလျှင်ကပ်လာ၊ မရ ခွါ၊ လူညာ မိတ်တုသာ။

၃-စကားဖြင့်မြောက်၊ လက်မရောက်၊ ကြောက်ရမည့်သူသာ။

၎-အရေကြုံက၊ ရှောင်လွှဲကြ၊ ကြောက်ရမည့်သူသာ။

၅-ပေးစဉ် ကျွေးစဉ်၊ ကျေးဇူးတင်၊ ဝေးလျှင် မေ့တတ်ပါ။

၆-ကျေးဇူးတရား၊ သိတတ်ငြား၊ သူတော် သူတော်သာ။

( စစ်ကိုင်း-ရွှေဟင်္သာဆရာတော်ကြီး )




၃၄။ ဆုံးမစာများ

အရတော်စွ ၊ သည်ဘ၀ ၊ လှလှကျင့်ထိုက်ပြီ ။

ကြုံကြိုက်တော်စွာ ၊ သာသနာ ၊ ရောင်ဝါထွန်းလှပြီ ။

သတိရရ ၊ မြတ်ပုည ၊ ပြုကြကောင်းသင့်ပြီ ။

တနေ့ တနေ့ ၊ နက်ဖြန်ရွေ့  ၊ မမေ့ ကောင်းသင့်ြ့ပီ ။

( ထွဋ်ခေါင်ဆရာတော် )


ငါ့ကိုယ် ငါ့သား ၊ ငါ့မယား ၊ ထင်မှားလှလေပြီ ။

ထင်မှားတတ်စွာ ၊ သက္ကာယာ ၊ မိစ္ဆာကင်းသင့်ပြီ ။

ငါးခုခန္ဓာ ၊ ရုပ်နာမ်မှာ ၊ မှန်စွာမှတ်သင့်ပြီ ။

သမ္မသန ၊ ဉာဏ်အစ ၊ ထင်လှသင့်ကြပြီ ။

( ထွဋ်ခေါင်ဆရာတော် )


မသေမီမှာ, တရားရှာ, သေခါ ကိုယ့်နောက်ပါ ။

မသေမီမှာ, စီးပွားရှာ, သေခါ စွန့်ရမှာ ။

ပညာကောင်းမှာ, ဒေသနာ, သုံးရာ မကုန်နိုး ။

မေတ္တာကောင်းမှာ, ရတ်တကာ, ပယ်ကွာ ရေချမ်းအိုး ။

သဒ္ဓါကောင်းမှာ, နောင်ဖို့ပါ, ချမ်းသာ ဆင့်ဆင့်တိုး ။

( ညောင်ပင်သာ-ဦးပုည )


ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ.... ကျွန်တော့်ရဲ့အကြိုက်ဆုံး ဆုံးမစာလေးတပုဒ်ကျန်

ပါသေးတယ်ခင်ဗျာ... အခုတင်လိုက်ရင်စာဖတ်သူများအတွက်စာလေးနေမှာစိုးလို့နောက်တင်မယ့်

ပို့စ်မှဘဲတင်ပေးပါတော့မယ်... အားလုံးရွင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: