“မနုဿတ္တဘာဝေါ ဒုလ္လဘော”
ဟူသည်နှင့်အညီ လူ့ဘ၀သည် အလွန်ပင်ရခဲလှ၏။ လူ့ဘ၀ရခဲလှပုံကို ဤကဲ့သို့ ပမာပုံနှိုင်းဆို
ကြ၏။ “ဗြဟ္မာ့ပြည်က အပ် တစ်စင်း၊ လူ့ပြည်က အပ်တစ်စင်း၊ အပ်သွားခြင်းသာ ထိဖွယ်ရာ၊ ပမာပုံလို့ခင်း”
ဟူ၏။ ဆိုလိုရင်း မှာ ဗြဟ္မာ့ပြည်မှချလိုက်သော အပ်နှင့် လူ့ပြည်ကထောင်ထားသော အပ်တို့သည်
အချင်းချင်း ထိပ်တိုက်တွေ့ဆုံဖွယ်ရာသာ ရှိပြီး လူသားဘ၀ဖြစ်ဖို့ရာ အင်မတန်မှခက်ခဲလှသည်ကို
ဆိုခြင်းဖြစ်၏။ လူသားဘ၀ဖြစ်ဖို့ရာ ခက်ခဲသလို ရလာသောလူ့ဘ၀ သည်လည်း အင်မတန်မှ တိုတောင်းလှ၏။
ထို တိုတောင်းလှသော ဤလူ့ဘ၀တိုတိုလေးတွင် ကျွန်တော်တို့အားလုံး လူသားပီ သ(လူသားဆန်)စွာ
ကျင့်ကြံနေထိုင်သင့်ပေသည်။
“ကိစ္စများမြောင် လူတို့ဘောင်”
ဟု ဆို၏။ ထို့ကြောင့် လူ့ဘ၀ကိုရလာသည်နှင့် လုပ်ဆောင်စရာ အမှုကိစ္စတွေလည်း အတော် ပင်များလှပေ၏။
ကိုယ့်ဘ၀ရှင်သန် ရပ်တည်ရေးအတွက် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေဖြင့် ငါမှငါဆိုတဲ့ အတ္တတွေ
ကိုရှေ့တန်း မတင်သင့်ပေ။ ဤသက်ရှိ လောကကြီးတွင် ၀မ်းရေးသည် အရေးကြီး၏။ “အူမတောင့်မှ
သီလစောင့်” ဟူသော စကားပုံသည် ၀မ်းရေးပြည့်စုံမှ ကိုယ်ကျင့်တရားကောင်းနိုင်မည် ဟုဆိုလိုဟန်တူ၏။
သို့သော် မိမိတို့၏ မဆုံးနိုင်သေးသော သံသရာကို ရည်မျှော်၍ “သီလစောင့်မှ အူမတောင့်မည်”
ဟူသော ယုံကြည်ချက်ဖြင့် ဘ၀၏တိုးတက်ရာ တိုးတက်ကြောင်း အ ကျိုးပေးများရှာရာတွင် သမ္မာအာဇီဝ
ကျစွာဖြင့်ရှာဖွေသင့်ပေသည်။ ထို့အပြင် လူဟူသည်ကား မိမိတစ်ဦးတည်း၊ တစ်ယောက် တည်းနေလို့မဖြစ်ပဲ
ပတ်ဝန်းကျင်နှင့်နေရသူဖြစ်လေရာ မိမိနှင့် ပတ်ဝန်းကျင်၏ ဆက်ဆံရေးသည်လည်း အလွန်အရေးကြီး
လှပေ၏။
မိမိ၏ပတ်ဝန်းကျင်တွင်
မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အတူ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ခြင်း မရှိသောလူပုဂ္ဂိုလ်များ
လည်း အရောင်မျိုးစုံဖြင့် ရှိနေကြပေမည်။ မိမိသည် လူသားပီသစွာ ငြိမ်းချမ်းသောနည်းဖြင့်
ပတ်ဝန်းကျင်ကို မဆက်ဆံလျှင် ထိုပတ်ဝန်းကျင်သည်လည်း လူသားဆန်စွာ ငြိမ်းချမ်းသောနည်းဖြင့်
မိမိကိုပြန်လည် တုန့်ပြန်လာမည် မဟုတ်ပေ။ လောကနိ ယာမသဘောအရ အရာရာတိုင်းတွင် တန်ပြန်အကျိုးသက်ရောက်မှုဆိုတာ
အမြဲတမ်းရှိနေပြီး မိမိကဘာမှမပေးပဲ ဘယ်အရာ မှ ပြန်ရလာလိမ့်မည် မဟုတ်ပေ။ မိမိ၏ပတ်ဝန်းကျင်နှင့်
လူ့အသိုင်းအ၀ိုင်းကြားတွင် မိမိ၏အတ္တကြောင့် တစ်ပါးသူအတွက် ထိခိုက်နစ်နာမှုများ မဖြစ်ရလေအောင်
ကြိုးစားအားထုတ်ရင်းဖြင့် မိမိနှင့် ပတ်ဝန်းကျင်ကို ငြိမ်းချမ်းသာယာအောင် အရင်ဆုံး
တည်ဆောက်သင့်ပေသည်။
လူဟူသည်ကား အတ္တနှင့်
မကင်းနိုင်ပေ။ သို့သော် နည်းအောင်ကား ပြုကျင့်နိုင်၏။ အရာရာတိုင်းတွင် “မေတ္တာတရား”
လက် ကိုင်ထားကာ “ကိုယ်ချင်းစာနာစိတ်”မွေးနိုင်လျှင်ပင် ငါဆိုသောအတ္တသည် လျော့နည်းလာမည်ဖြစ်ပြီး
လူသားပီသ လာပါလိမ့် မည်။ လူသားပီသ လာသည်နှင့်အမျှ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေလည်း
နည်းလာပေလိမ့်မည်။ လောဘ၊ ဒေါသ၊ မာန်မာနတွေ နည်းလာသည်နှင့် အမျှ မိမိ၏ဘ၀သည်လည်း သောကအပူကင်းကာ
အေးချမ်းလာပေမည်။ ရရှိလာသောဘ၀ တိုတိုအချိန်လေးတွင် လူသားပီသစွာ ဖြတ်သန်းရင်း ငြိမ်းချမ်းစွာဖြင့်မိမိ၏
လူသားဘ၀ကို နိဂုံးချုပ်သင့်ပေသည်။ ရခဲလှသော လူ့ဘ၀ ကိုရရှိလာပြီးမှ လူသားမပီသ ပဲဘ၀နိဂုံးချုပ်ခဲ့သော်
ကျွန်တော်တို့အားလုံး လူဖြစ်ရကျိုးနပ်မည် မဟုတ်ပေ။
လောကတွင် လူအမျိုးမျိုး
စိတ်အထွေထွေ ရှိကြသည်ဖြစ်ရာ မိမိ၏မေတ္တာ၊ ကရုဏာနှင့် ကိုယ်ချင်းစာတရား အပေါ်တွင် ခုတုံး
လုပ်အမြတ်ထုတ်လိုသူများလည်း ရှိကြပေမည်။ ထိုသူများကြောင့် မိမိ၏ လူသားပီသမှုကို အပွန်းအပဲ့ခံရန်မထိုက်တန်ပေ။
“သဒိသံ ပါ ကံ ဇနေတိ” မိမိပြုသော ကံသည် တူသောအကျိုးကို ပေး၏။ ထိုကြောင့် စေတနာ၊ မေတ္တာသည်
လူတိုင်းနှင့်တန် ၏။ ကိုယ်ပေးလိုက်တာနှင့် အချိုးညီညီ ပြန်ရတတ်ပေ၏။ စေတနာကောင်းလျှင်
ကံကောင်းမည်ဖြစ်ပြီး စေတနာမကောင်း လျှင် ကံလည်းကောင်းမည် မဟုတ်ပေ။ ကံကောင်းခြင်းဟူသည်
အလုပ်ကောင်းခြင်းဖြစ်၏။ မိမိ၏ လူသားပီသပြီး ကောင်း မွန်သောပြုမူလုပ်ဆောင်မှုများသည်
မိမိဘ၀အတွက် ကံကောင်းခြင်းများဖြစ်ပေလိမ့်မည်။ ဘယ်သူတရားပျက်ပျက် ကိုယ်တ ရားမပျက်ဖို့
လိုပေသည်။
ရတောင့်ရခဲ ရလာသော
လူ့ဘ၀အချိန်တိုတိုလေးအတွင်းတွင် မိမိ၏ စိတ်သန္တာန်၌ ရှိသင့်ရှိထိုက်တဲ့ သူတော်ကောင်းတရား
(၇)ပါးဖြစ်သော
(၁) သဒ္ဓါ (ရတနာသုံးပါးနှင့်
ကံကံ၏အကျိုးကို ယုံကြည်ခြင်း)
(၂) ဟီရိ (မကောင်းမှုကို
ရှက်ခြင်း)
(၃) သြတ္တပ (မကောင်းမှုကို
ကြောက်ခြင်း)
(၄) ဗာဟုဿစ္စ (အကြားအမြင်
များခြင်း)
(၅) ၀ီရိယ (ထကြွလုံ့လ
ရှိခြင်း)
(၆) သတိ (တရား မမေ့ခြင်း)
(၇) ပညာ (အသိဉာဏ်
ရှိခြင်း) စသည့် သူတော်ကောင်းတရားများကို ကျင့်ကြံကြိုးကုတ် အားထုတ်သင့်ပေသည်။ သို့မှသာ
လူသားပီသပြီး လူဖြစ်ရကျိုးနပ်ပေမည်။ လူရယ်လို့ဖြစ်လာလျှင် လောကအတွက်သော်၎င်း၊ မိမိပတ်ဝန်းကျင်အတွက်သော်
၎င်း (သို့မဟုတ်) မိသားစုအတွက်သော်၎င်း တစ်နေရာရာအတွင် အသုံးတည့်သောသူသာဖြစ်ထိုက်ပေသည်။ ငါမှငါဆိုတဲ့
အတ္တတွေနှင့် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတရားတွေဖုန်းလွှမ်းနေသော လူပို တစ်ယောက်မဖြစ်ရလေအောင်
ဂရုပြု သင့်ပေသည်။ ဘယ်နေရာရာ မှအသုံးမတည့်သော အတ္တသမားလူပိုများသည် လူ့လောကကြီးအတွက်
“ဆန်ကုန်မြေလေး” များ သာဖြစ်ကြပေ၏။ ထိုသူများသည် အစ မမြင်နိုင်သော သံသရာရေလျဉ်ကြောဝယ်
“ကယွတ်ကင်းလျှောက် သဖွယ်” သွား လာနေကြအုန်းပေမည်။
လူဟူသည် သူ့သဘောသူ
ဆောင်၏။ တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားခြင်းလည်း မတိုက်ဆိုင်ပေ။ တစ်ခါတရံ တစ်ယောက်တည်း
စိတ်နှစ်မျိုးဖြစ်နေ တတ်၏။ စိတ်သဘောထားခြင်း မတိုက်ဆိုင်၍သာ ရန်သူဟုသတ်မှတ်ပါလျှင်
ဘယ်သူ မှ မိတ်ဆွေမဖြစ်နိုင်ပေ။ မိမိ၏ကိုယ်၌ အကောင်းမြင်စိတ်၊ သည်းခံစိတ်သာ မွေးနိုင်ဖို့လိုပေသည်။
အပြောလွယ်သလောက် အလုပ်ခက်ပေမယ့်လည်း မိမိ၏စိတ်သန္တာန်ကို ပြုပြင်ယူလို့ရပေသည်။ ဘယ်အရာမှမတည်မြဲသော
ဤလောကကြီးတွင် အ ရာရာကိုဖက်တွယ် ဆုတ်ကိုင်ထားခြင်းသည် မိမိ၏ဘ၀ကို ပူလောင်စေ၏။ ထို့ကြောင့်
လူသည် ကာယသုခ၊ စိတ္တသုခ ရချင်ရိုး မှန်ပါလျှင် မိမိ၏ ပတ်ဝန်းကျင်ငြိမ်းချမ်းဖို့ လိုပါသည်။
မိမိ၏ ပတ်ဝန်းကျင်သည်
မငြိမ်းချမ်းပဲ ပူလောင်ဆူပွက်နေပါက မိမိသည်လည်း မည်သည့်နည်းနှင့်မျှ ကာယသုခ၊ စိတ္တ သုခ
နှစ်ဖြာကို ရလိမ့်မည်မဟုတ်ပေ။ မိမိ၏ ပတ်ဝန်းကျင်ငြိမ်ချမ်းသာယာအောင် မိမိ၏စိတ်သန္တာန်ကို
အရင်ဆုံးပြုပြင်ပြီး လူသားပီသ(လူသားဆန်)စွာ ပြုမူကျင့်ဆောင်ပါမှ ပတ်ဝန်းကျင်သည် မိမိကို
ငြိမ်းချမ်းသောနည်းဖြင့် ပြန်လည်တုန့်ပြန် လာပေလိမ့် မည်။ မိမိ၏ ပတ်ဝန်းကျင်ငြိမ်းချမ်း
ခြင်းကြောင့် မိမိသည်လည်း ကာယသုခ၊ စိတ္တသုခ နှစ်ဖြာကိုရရှိကာ ဘ၀တိုတိုမှာ လူဖြစ်ရ ကျိုးနပ်ပေလိမ့်မည်။
တစ်ပါးသူ အပေါ်တွင် အပြစ်ရှာနေမည့်အစား မိမိ ၏ကိုယ်ပေါ်မှ အပြစ် ကိုအရင်ရှာသင့်ပေ၏။ အရင်ပြု
ပြင်သင့်ပေ၏။ မိမိကိုယ်ကို လူအဖြစ် မှတ်ကျောက်တင်နိုင်ခြင်းငှာ “ငါလူသားပီသပြီလား”
ဆိုတဲ့အချက်ကို အမြဲမပျက် ပြန် လည်ဆင်ခြင် သုံးသပ်သင့်ပေသည်။
မိတ်ဆွေသူငယ်ချင်း၊
ညီအစ်ကို၊ မောင်နှမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာ ဖြင့်ပြည့်စုံနိုင်ကြပါစေ။
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
မှတ်ချက်။ ။ ရေးဖို့
အချိန်မမှီလိုက်သော အမဖြူ(စံပယ်ချို)ရဲ့ BPP-Challenge
နှင့် အိမ်တံခါးလာခေါက်ပြီး BPP-Challenge လုပ်သွားသော တီတင့်(အန်တီတင့်) အတွက် ရိုသေလေးစားသောအားဖြင့်
ဒီပို့စ်လေးအားဖျစ်ညှစ်ပြီး ရေးသားပါ၏။ ၀မ်းစာ ရှားသူပီပီ စာရေးဖို့လည်းတော်တော်ခက်၏။
တီတင့်၏ “ဘ၀တိုတို ထိုထိုလူသား” ပို့စ်လေးဖတ်ပြီး “ငါလူသားပီသပြီလား” ဆိုသော ပို့စ်လေးအား
မိမိ၏အယူအဆများပေါ်တွင် အခြေခံပြီးရေးသားပါ၏။ “အမှားပါသော် ဉာဏ်တစ်ထွာ တစ်မိုက်ရယ် နဲ့
မောင်ရာဇာ ငမိုက်သား ကို….အို…. ဘလော့ဂါအပေါင်း သူတော်ကောင်းတို့ သည်းခံခွင့်လွှတ်ကြပါကုန်စေသတည်း။ ။