မြွေ မြွေ မြွေကြီး မြွေကြီး
ဟိုမှာ ဟိုမှာ အိမ်ထဲဝင်လာနေတယ်
ဘာမြွေလဲ မသိပါဘူး ဒုက္ခပါပဲ
မှောင်ကလည်းမှောင်နေပြီ
ဟဲ့ ဟဲ့ ဓါတ်မီးလေး ဘာလေးယူခဲ့ကြပါဟဲ့။
စာရေးသူသည် မွေးရပ်ဌာနေ အညာမြေသို့ ရောက်ခိုက် နွေဦးကာလ နေ၀င် မိုးချုပ် အမှောင်ကဖုံးအုပ်စပြု့
နေပြီဖြစ်သော ညနေချမ်းအချိန်ဝယ် ခမည်းတော် မယ် တော်တို့၏ အိမ်ရှေ့ကွပ်ပြစ်ပေါ်၌ထိုင်းရင်း ခမည်း
တော်ကြီးနှင့် စကားပြောနေစဉ် မယ် တော်ကြီး၏ အလန့်တကြား အော်လိုက်သောအသံကို ကြားလိုက်ရ၏။
ထိုစဉ် ခမည်းတော်ကြီးက `ဒီမှာ ဦးဇင်းရောက်နေတာ သိရဲ့သားနဲ့ အော်ကြီးဟစ် ကျယ်လုပ်နေရသလား၊ ထားလိုက်ပါ၊ သူ့လမ်းသူသွားလိမ့်မယ်´ဟုလှမ်းပြောလိုက်၏။
`မထားနိုင်ပေါင်တော် အဆိပ်ရှိတဲ့သတ္တ၀ါဆို ဒုက္ခ၊ ဟဲ့…..လာကြပါဟဲ့၊ ဓါတ်မီးနဲ့ ထိုးကြည့်ကြစမ်းပါ၊ မြွေးဆိုး
လား မြွေကောင်းလားဆိုတာကို တိတိကျကျ သိရတာပေါ့´
ဤကား မယ်တော်ကြီး၏ ခမည်းတော်ကြီးစကားကို အလေးမထားပဲ သူ့သား သမီးများကို လှမ်းခေါ်နေသံ
ဖြစ်၏၊ စာရေးသူကတော့ သူတို့အားလုံးကြားမှာ ၀င်မပါ သေးပဲ အကဲခတ်ကြည့်ရင်းအသာလေးထိုင်နေ
လိုက်၏၊ မကြာမီ အကိုဖြစ်သူ ရောက် လာပြီး ဓါတ်မီးနဲ့ထိုးကြည့်ကြ၏၊ ထိုအခါ မယ်တော်ကြီးက`အမလေး
မြွေးဆိုးတော့ မြွေဆိုး၊ ဟဲ့ လုပ်ကြပါ၊ အဝေးကိုကော်ထုတ်ကြ၊ မတတ်သာတဲ့ အဆုံးတော့သတ်ပစ်လိုက်ကြ အန္တရာယ်ရှိတယ်၊ ကြောက်စရာကြီး´ဟု စေခိုင်းနေလေ၏။
`ဟေ့ ဒကာမကြီး ဦးဇင်းရောက်နေတယ်၊ ဘာတွေပြောနေတာလဲ´ဟု ခမည်း တော်ကြီးက စာရေးသူကို
အားနာနေသည့်အမူအရာဖြင့် လှမ်းတားနေပြန်၏၊ မယ်တော် ကြီးကတော့သူမှန်တယ်ထင်ရင် ဘယ်
သူ့မှဂရုမစိုက်တတ်သော သူ့ဥာဉ် သူ့စရိုက် အတိုင်း မကြားချင်ယောင် မသိချင်ယောင်ဆောင်ကာ သူ့အလုပ်သူဆက်လုပ်နေ၏၊ စာရေးသူကတော့ လူမှုကိစ္စ၀င်မရှုတ်ပဲအေးအေးပဲ နေလိုက်၏။
မြွေဆိုးကို အဝေးသို့ရောက်အောင်ပဲ နှင်ထုတ်လိုက်ကြသလား၊ ဒါမှမဟုတ် သတ်ပစ်လိုက်ကြသလားတော့
မသိ၊ ခဏကြာသော် စာရေးသူထံ ရောက်လာကြကာ ရှိခိုးဦးချ၍ ထိုင်နေကြ၏။
`လောကော သတ္တာနမာစေရော - အတ္တာနတ္ထပဒဿကော လောကဖြစ်စဉ်မှန်သမျှသည် အဆိုးအကောင်း
ကိုညွှန်ပြသော သတ္တ၀ါတို့၏ရှေ့ဆောင်လမ်းပြ ဆရာတစ် ဆူပင်ဖြစ်၏´ဟူသော နိတိစကားနှင့်အညီ စာရေးသူစိတ်ဝယ် မြွေဆိုးကို အကြောင်းပြု့ ၍ မိသားစုကို တရားတစ်ပုဒ်လောက် ဟောလိုက်ရရင် ကောင်းမယ်ဟု အကြံဖြစ်ပေါ် လာသည်နှင့်………………
ကဲ ကဲ ကဲအားလုံးနားထောင်ကြ၊ ဦးဇင်း တရားစကားတစ်ခွန်း နှစ်ခွန်း လောက်ပြောပြမယ်…………ဟု ဆိုကာ မိသားစုကို တရားလမ်းကြောင်းပေါ်သို့ဆွဲတင် လိုက်၏။
စာရေးသူ။ ။ ဒကာမကြီး စောစောကမြွေကဘာမြွေလဲ၊
မယ်တော်ကြီး။ ။ မြွေဟောက် ဦးဇင်းရဲ့ မြွေဆိုး မြွေဆိုး သိပ်ကြောက်စရာ ကောင်းတယ်၊
စာရေးသူ။ ။ ဘယ်အရာကိုကြည့်ပြီး မြွေဆိုး မြွေဟောက်လို့ သတ်မှတ်သလဲ ဒကာမကြီး၊
မယ်တော်ကြီး။ ။ အို - ဦးဇင်းကလဲ ဒါလေးတောင်မသိဘူးလား၊ လည်ပင်းတစ် ၀ိုက်မှာ ဒါမှမဟုတ်တစ်
ကိုယ်လုံးမှာ မြွေဆိပ် အမည်းရစ်ကလေးတွေအရေးအ ကြောင်းကလေးတွေပါရင်မြွေဆိုး၊ မြွေဟောက်လို့ခေါ်
တယ်ဦးဇင်းရဲ့၊ သူ့အဆိပ်ကသိပ်ပြင်း တယ်၊ အန္တရာယ်ရှိတယ်။
စာရေးသူ။ ။ ဟုတ်ပါပြီ အဲဒီမြွေဆိုးကို ဘာလုပ်ပစ်လိုက်ကြသလဲ။
မယ်တော်ကြီး အသံလည်းထွက်မလာ၊ အကိုဖြစ်သူကလည်း လျှောက်ထားဖို့ ခက်နေသည့်ဟန်၊ ညီမငယ်
များကလည်း ခေါင်းငုံ့နေကြ၏၊ ထိုအခါ စာရေးသူကပဲ အလိုက်သိစွာ စကားစကို ဆက်လိုက်ပါ၏။
`ကဲ - ဟုတ်ပါပြီ၊ မြွေဆိုး ဆိုတော့ အန္တရာယ်ရှိလို့ ကြောက်စရာ ကောင်းလို့ သတ်ချင်သတ်မယ်၊ရိုက်ချင် ရိုက်ချမယ်၊ အဝေးသို့ရောက်အောင်နှင်ထုတ်ချင်နှင်ထုတ်မယ်၊ စက်ဆုတ်ရွံရှာစရာကောင်းတဲ့ ဒီမြွေဆိုးကို စက်ဆုပ်တယ်၊ ရွံရှာတယ်၊ ငြီးငွေ့ တယ်၊ စိတ်ကုန်တယ် ဆိုပါတော့´
မယ်တော်ကြီး။ ။ မှန်ပါ မြွေဆိုးဆိုတော့ စက်ဆုပ်ပါတယ်၊ ရွံပါတယ်၊ စိတ်ကုန် ပါတယ်။
စာရေးသူ။ ။ `ကဲ အားလုံးကိုမေးမယ်နော် ဖြေကြ၊ အခုဒီနားမှာထိုင်နေကြတဲ့ သူတွေကိုဘာ
လို့ခေါ်သလဲ။´
အားလုံး။ ။ `လူ - လူလို့ခေါ်ပါတယ်´။
စာရေးသူ။ ။ ဟုတ်ပြီ - အဲဒီလူဆိုကလည်း မျက်စိ နား နှာခေါင်း လျှာ ကိုယ် ပထ၀ီ အာပေါ ၀ါယော
တေဇော ဆိုတဲ့ ဓါတ်ကြီး(၄)ပါးစတဲ့ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများနဲ့ သိစိတ် ခံစားမှုသဘောမှတ်သားမှုသ
ဘော၊ ပြုပြင်မှုသဘော ဆိုတဲ့ အသိရှိ နာမ်ပိုင်း ဆိုင်ရာ ပစ္စည်းများနဲ့ တည်ဆောက်ထားတဲ့ သတ္တ၀ါပဲ။
အားလုံး။ ။ မှန်ပါ။
စာရေးသူ။ ။ ကဲ - လူတွေကို အကဲခတ်ကြည့်ရအောင် မြွေကို တွေ့တဲ့အခါ လည်ပင်းနား တ၀ိုက်မှာ သို့
မဟုတ် တစ်ကိုယ်လုံးမှာ အဆိပ်ကြောင်းဖြစ်တဲ့ အမည်းရစ် ကလေးတွေ အရေးအကြောင်းလေးတွေ ပါရင်
မြွေးဆိုးလို့သတ်မှတ်ပြီး ရွံရှာ မုန်းတီး အကြောက်ကြီး ကြောက်ကြတယ်နော်။
အားလုံး။ ။ မှန်ပါ။
စာရေးသူ။ ။ ကဲ - လူတွေကိုလဲ အသေအချာကြည့်ကြပါအုံး၊ မွေးလာ ကတည်းက လူ့ခန္ဓာကိုယ်မှာမြွေ
တွေလိုပဲ အရစ်ကလေးတွေပါလာတယ်တဲ့၊ အတိအကျပြောရရင် အရစ်(၃)ရစ်ပေါ့။ ကဲ - ဘာအရစ်တွေလို့ထင်သလဲ။
ညီမငယ်။ ။ နဖူရစ်၊ မျက်ရစ်၊ လည်ရစ်တွေလား ဘုရား။
စာရေးသူ။ ။ အင်း - ငါ့ညီမကတော့ လုပ်ပြီ၊ ခန္ဓာကိုယ်မှာ ဒီလိုအရစ်မျိုးက တော့ အဲဒီ သုံးမျိုးတင် ဘယ်
ကမလဲ ဗိုက်ရစ် ပေါင်ရစ်၊ စသည်အများကြီးရှိနိုင်တယ်၊ အခုခေတ်က ဟိုအရစ်ဖေါ် ဒီအရစ်ဖေါ်နဲ့ အရမ်း
အရစ်များတဲ့ခေတ်ပဲ၊ ဦးဇင်းပြောတဲ့ အရစ်(၃)ရစ်က အဲဒါတွေမဟုတ်ဘူး၊ ကဲ - စောစောကပြောတဲ့ မြွေကို အရစ်ပါမပါ၊ မြွေဆိုးဟုတ် မဟုတ် ကြည့်တဲ့အခါမှာ မှောင်နေတဲ့အတွက် ဘာနဲ့ကြည့်သလဲ။
အစ်ကို။ ။ ဓါတ်မီးနဲ့ထိုးကြည့်ပါတယ် ဘုရား၊
စာရေးသူ။ ။ ဟုတ်တယ် ဓါတ်မီးနဲ့ ကြည့်ရတယ်၊ ဓါတ်မီးရဲ့ အလင်းရောင်နဲ့ ကြည့်ရတယ်၊ အဲဒီလိုပဲ လူ့
ခန္ဓာကိုယ်ရဲ့ အရစ်(၃)ရစ်ကို ကြည့်တဲ့အခါ မောဟ အ၀ိဇ္ဇာ အမှောင်တိုက်ကြီးဖုံးနေတဲ့အတွက် ရိုးရိုးကြည့်
လို့မရဘူး၊ ပညာမျက်စိ ပညာဓါတ်မီး ပညာတည်းဟူသော အလင်းရောင်နဲ့ကြည့်မှမြင်နိုင်မယ်၊ လူ့အားလုံးရဲ့ ခန္ဓာကိုယ်မှာပါ လာတဲ့ အရစ်တွေက အနိစ္စအရစ်၊ ဒုက္ခအရစ်၊ အနတ္တအရစ်၊ တွေတဲ့၊ မွေလာကတဲက မမြဲ
တဲ့အမှတ်အသား အနိစ္စအရစ်၊ ဆင်းရဲမဲ့အမှတ်အသား ဒုက္ခအရစ်၊ အစိုးမရ အာမခံ မရှိ အမာခံမရှိ အနှစ်
မပါ မခိုင်မာစွဲစရာ ငါဆိုတာမရှိဘူးလို့ ဖေါ်ပြထားတဲ့ အနတ္တအရစ်အဲဒီအရစ်(၃)ရစ်ပါလာကြတယ်။
ဒကာကြီး။ ။ မှန်ပါ၊ မှန်ပါ၊ (ခေါင်း တငြိမ့်ငြိမ့်ဖြင့် သဘောပေါက်လာသည့်ဟန်)
စာရေးသူ။ ။ အဲဒီ အရစ်(၃)ရစ်က မြွေဆိပ်လိုပဲ အင်မတန်ပြင်ထန်တဲ့ အဆိပ် ရစ်တွေပေါ့၊လူတစ်ယောက် ရုပ်တရက်အိုသွားတယ်၊ ရုပ်တရက်နာသွားတယ်၊ ရုပ်တ ရက်သေသွားတယ်ဆိုတာတွေဟာ အနိစ္စ ဒုက္ခ အ
နတ္တ ဆိုတဲ့ အဆိပ်မည်းကြီးတွေပျံ့ သွားလို့ပဲ၊ ကဲအားလုံးကိုမေးမယ် အဲဒီလိုအရစ်(၃)ရစ်ပါတဲ့လူကိုကျတော့ ဘယ်လို ခေါ်မလဲ၊ ချစ်စရာကောင်းတဲ့လူ လို့ခေါ်မလား၊ မုန်းစရာကြောက်စရာကောင်းတဲ့လူဆိုး
လို့ ခေါ်မလား၊
ဒကာကြီး။ ။ မှန်ပါ၊ လူဆိုးလို့ခေါ်ရမှာ ဘုရား
စာရေးသူ။ ။ ဒါဆို ဒီနားကလူတွေအားလုံးဟာ အရစ်(၃)ရစ်နဲ့ လူဆိုးတွေပေါ့ အဆိပ်တွေပြည့်နေကြတဲ့
ကြောက်စရာ လူဆိုးကြီးတွေပေါ့၊ ဟုတ်လား။
ဒကာမကြီး။ ။ ဦးဇင်းသဘောပဲတပည့်တော်မတို့ကတော့ဘယ်သူ့ကိုမှမ ကြောက်တတ်ပါဘူး။
စာရေးသူ။ ။ အို - ဒကာမကြီးကလဲ ခက်တော့နေပြန်ပြီ၊ ဦးဇင်း တရားသဘောနဲ့ပြောတာမြွေဆိုးရဲ့မြွေ
ဆိပ်က သူများကိုပဲ ဒုက္ခပေးမှာ၊ ကိုယ့်ခန္ဓာမှာ ပါလာတဲ့ အဆိပ်တွေက ကိုယ့်ကိုဒုက္ခပေးမယ်ဆိုတာကို သိ
အောင်လို့ပြောပြနေတာ ဒကာမကြီး ရဲ့အဲဒီ ဘယ်သူ့ကိုမှမကြောက်ဘူးဆိုတာ သတ္တိ မာန ဇွဲ လုံ့လကိုတရား
သဘောအရ ကြောက်တတ်တဲ့ နေရာမှာသာ အသုံးချလိုက်ရင် သိပ်အကျိုးများမှာပဲ။
ဒကာမကြီး။ ။ ဘာကိုဘယ်လိုကြောက်ရမှာလဲ ဘုရား။
စာရေးသူ။ ။ ဦးဇင်း ရှင်းပြမယ်၊ ဂရုတစိုက်နားထောင်ကြ၊ လူဆိုတာ ရုပ် နာမ် ခန္တာနဲ့ဖွဲ့စည်းထားတာသိ
ကြပြီနော်၊ အဲဒီထဲမှာ ထင်ရှားတဲ့ ရုပ် အပေါင်းအစုထဲ ဓါတ်ကြီးလေးပါးကိုပဲ လေ့လာကြည့်ကြရအောင်လူ
တွေဟာ ပထ၀ီဓါတ်ရဲ့တောင်းဆိုချက်အရ အစစ အရာရာ ခပ်မာမာလေးမှကြိုက်တယ်ဆိုရင်မာအောင်လုပ်
ပေးကြရတယ်၊ ပျော့ပျော့လေးမှဆိုလည်း ပျော့အောင်လုပ်ပေးကြတယ်၊ ဒါပေမဲ့ အဲဒီ ပထ၀ီဓါတ်ဆိုတဲ့ ရုပ်
ကြီးက ကျေးဇူးသိတတ်တာမဟုတ်ဘူး၊ တစ်နေ့ကျကိုယ့်ကိုဖျက်ဆီးသွားကြတာပဲ၊ပထ၀ီဓါတ်ဖျက်လို့သေရ
တယ်ဆိုတာမျိုးပေါ့၊ အာပေါဓါတ်ရဲ့တောင်းဆိုချက်အရ စီးစီး လေးမှကြိုက်တယ်ဆိုတော့၊ အစားအစာတွေ
ကို စီးစီးလေးဖြစ်အောင်ပြုလုပ်ပြီးမှစား ကြတယ်၊ အရည်လေးမှကြိုက်တယ်ဆိုတော့လည်း အရည်တွေကို
သောက်ကြတယ်၊ ဒါပေမဲ့ အဲဒီအာပေါဓါတ်ဆိုတဲ့ရုပ်ကြီးကလည်း ကျေးဇူးသိတတ်တာမဟုတ်ဘူး၊တစ်နေ့ကျ
ကိုယ့်ကိုဖျက်ဆီးပျက်တာပါပဲ၊အာပေါဓါတ်ဖျက်လို့ သေရတယ်ဆိုတာမျိုးပေါ့၊ တေဇောဓါတ်ရဲ့တောင်းဆိုချက်
အရ ပူပူနွေးနွေးလေးမှ ကြိုက်တယ်ဆိုတော့ ပူပူနွေးနွေး အစားအစာတွေကိုစားကြတယ်၊ နွေးနွေးထွေးထွေး ၀တ်ကြတယ်၊ အေးအေးလေးမှကြိုက်တယ်ဆိုတော့လည်း အေးတဲ့အစားအစာ အေးတဲ့ရေတွေကိုသောက်ကြ
ရတယ်၊အေးတဲ့နေရာတွေမှာနေကြတယ်၊ အေးတဲ့ရေတွေကိုချိုးကြတယ် ဒါပေမဲ့အဲဒီတေဇောဓါတ်ဆိုတဲ့ရုပ်
ကြီးကလဲ ကျေးဇူးသိတတ်တာမဟုတ်ဘူး၊ တစ်နေ့ကျကိုယ့်ကိုဖျက်ဆီး ပစ်တာပဲ၊တေဇောဓါတ်ဖျက်လို့ သေ
ရတယ်ဆိုတာမျိုးပေါ့၊ ၀ါယောဓါတ်ရဲ့တောင်းဆို ချက်အရ လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာတယ်ဆိုလို့လှုပ်လှုပ်
ရှားရှား နေကြရတယ်၊ ပုံမှန်လမ်း လျှောက်ပေးကြပြန်တယ်၊ တစ်ခါ ငြိမ်ငြိမ်လေးနေမှ ဆိုပြန်တော့လည်းငြိမ်
ငြိမ်လေးနေ ပေးကြရပြန်တယ်၊ ဒါပေမဲ့အဲဒီဝါယောဓါတ်ဆိုတဲ့ ရုပ်ကြီးကလည်း ကျေးဇူးသိတတ်တာမဟုတ်
ဘူး တစ်နေ့ကျရင် ကိုယ့်ကိုဖျက်ဆီးပစ်တာပဲ ၀ါယောဓါတ် ဖျက်လို့(လေဖျက်လို့) သေရတယ်ဆိုတာ
မျိုးတွေပေါ့။
လူလို့သတ်မှတ်ထားတဲ့ ရုပ်ဝတ္ထုအားလုံးရဲ့နေရာတိုင်းမှာ အနိစ္စ ဒုက္ခ အနတ္တ ဆို တဲ့ အဆိပ်တွေကပျံ့နှံ့ပြည့်
နှက်နေတဲ့အတွက် အချိန်မရွေး နေရာမရွေး အကြောင်း မရွေး သေကြေပျက်စီးနိုင်တာကိုတွေးပြီးတော့
ကြောက်တတ်ရမယ် လူဆိုတဲ့ တို့ တတွေဟာ ဘာမှမခိုင်မာတဲ့ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာပါလား
အထိမခံ ကြွေပန်းကန်ဆိုသလိုပဲ ကွဲးလွယ် ကြွေလွယ် ပျက်စီးလွယ် သေလွယ်ပျောက်လွယ်တဲ့ သတ္တ၀ါပါ
လားလို့ အမြဲနှလုံးသွင်းဆင်ခြင်ရမယ် ကြောက်စရာကောင်းတဲ့ ရုပ် နာမ် ဓမ္မ သင်္ခါရတွေပါလားလို့ဆင်ခြင်
သုံးသပ်တဲ့ အသိဥာဏ်ဖြစ်ပေါ်လာရမယ်လို့ပြောတာ၊ ဗုဒ္ဓ ဘုရားရှင်ကဟောတော်မူထားတယ်၊ ရုပ် နာမ်
ခန္ဓာ ဆိုတာလူသတ်သမားပဲတဲ့။
ဒကာကြီး။ ။ မှန်ပါ တပည့်တော်နားလည်ပါပြီ -
ပထမအချက်က - လူဆိုတာ ပျောက်လွယ် ပျက်လွယ်တဲ့ ရုပ် နာမ် ၀တ္ထုပစ္စည်း တွေနဲ့တည်ဆောက်ထား
တာလို့ မထမဆုံးသိရမယ်၊
ဒုတိယအချက်က - အဲဒီ ရုပ် နာမ် ၀တ္ထု့ပစ္စည်းတွေဆိုတာ အဆိပ်တွေနဲ့ပြည့်နေ တဲ့အတွက် အချိန်မရွေး
ပျက်စီးနိုင်တယ်ဆိုတာကိုသိပြီး ကြောက်တတ် မုန်းတတ် ငြီးငွေ့ တတ်ရမယ်လို့ပြောတာ မဟုတ်လား ဘုရား။
စာရေးသူ။ ။ ဒကာကြီးက အတော်သဘောပေါက်လာပြီ၊ ပြီးမှ ဒကာမကြီးကိုထပ်ရှင်းပြလိုက်အုံး၊နောက်
ဆုံး တစ်ဆင့်ကျန်သေးတယ် ဒီလောက်သိရုံနဲ့ ရပ်နေလို့မရ သေးဘူး အဆိပ်ရစ်တွေနဲ့ မြွေဆိုးကို ကြောက်
တော့ ဘာလုပ်ကြမလဲ၊
ဒကာကြီး။ ။ အဝေးသို့နှင်ပစ်မယ် ဒါမှမဟုတ် သတ်ပစ်ရမယ် ဘုရား၊
စာရေးသူ။ ။ အင်း - ဟုတ်ပြီ အဲဒီလိုပဲ ဒကာကြီးရဲ့ ကြောက်စရာကောင်းတဲ့ လူဆိုးလို့ခေါ်တဲ့ ရုပ် နာမ် တ
ရားတွေကိုလည်း တပ်မက်မှု တွယ်တာမှုကင်းမယ်၊ ဥပေက္ခာပြု လျှစ်လျူရှုနိုင်ရမယ်၊ ရုပ် နာမ် သင်္ခါရတရား
တွေနဲ့ ပတ်သက်ပြီး လောဘ လည်းမဖြစ်စေနဲ့ သတိနဲ့ထိမ်းပြီး အသိတရားနဲ့ ဆင်ခြင် သူ့ သဘာဝ ဖြစ်ပျက်
ကိုမြင်နေ ရင် ကိုယ့်ရံစိတ်အစဉ် စင်ကြယ်သန့်ရှင်း အပြစ်ကင်းနေတယ် မဟုတ်လား။
ဒကာကြီး။ ။ မှန်ပါ။
စာရေးသူ။ ။ ကိုယ့်ရဲ့စိတ်အစဉ် စင်ကြယ်သန့်ရှင်း အပြစ်ကင်းနေရင် အဲဒါနိဗ္ဗာန်ဆိုတဲ့ သန္တိသုခ အငြိမ်း
ဓါတ်ကို ရဖို့အတွက် လမ်းမှန်ပေါ်ကို ရောက်နေတာပဲ၊ လောကုတ္တရာရဲ့ရှေ့ပြေးလောကီမဂ်ဆိုက်ရောက်ပြီ
လို့ပြောလို့ရတယ်။
ဒကာကြီး။ ။ မှန်ပါဘုရား၊အတော်သဘာဝကျတာပဲ၊တပည့်တော်တို့လို တောသားတွေကိုနားလည်အောင်
အခုလိုရှင်းပြတာ ကျေးဇူးပါပဲ။
စာရေးသူ။ ။ ကျေးဇူးတင်မနေပါနဲ့ ဒကာကြီးရယ် သားကအဖေကို ဗုဒ္ဓအလိုကျ ကျေးဇူးဆပ်နေတာပါ၊ ကဲ
ရှင်းအောင်ထပ်ပြောမယ်။
အဆိပ်တွေ အရစ်တွေပါတဲ့ မြွေကို မြွေဆိုးလို့ သတ်မှတ်သလို - အနိစ္စ ဒုက္ခ အနတ္တ အဆိပ်တွေအရစ်တွေပါ
တဲ့ လူကိုလည်း လူဆိုးလို့သိပါ။
မြွေဆိုးလို့သိတဲ့အခါ ဒုက္ခကောင် အန္တရာယ်ပေးမဲ့အကောင်ဆိုပြီး ရွံမုန်းကြ သလို ကိုယ့်ကိုကိုယ်
လည်း ဒုက္ခပေးမယ့် အန္တရာယ်ပေးမယ့် အဆိပ်တွေနဲ့ ပါလားလို့သိပြီး ရွံပါ မုန်းပါ။
မြွေဆိုးကို ရွံမုန်းလို့သတ်ပစ်လိုက်သလို လူဆိုးဖြစ်တဲ့ ဒီရုပ်နာမ်ခန္ဓာကိုလည်း တွယ်တာမှုကင်း သံ
ယောဇဉ် ရှင်းအောင် ကြိုးစားကြပါလို့တိုက်တွန်းပါတယ်။
ကဲကဲအချိန်လည်း အတော်မှောင်သွားပြီ တရားအလင်းရောင် နဲ့နိဂုံးချုပ်ကြစို့ ဟို ဂါထာတစ်ပုဒ် ရကြတယ်မ
ဟုတ်လား။`သဗ္ဗေ သင်္ခါရာ အနိစ္စတိ၊ ယဒါ ပညာယ ပဿတိ၊ အထနိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ´
ဆိုတာလေ။
ဒကာကြီး။ ။ မှန်ပါ - ရဖူးပါတယ်၊ တပည့်တော်တို့ရွာမှာ ညစဉ်ရွာလယ် ဓမ္မာရုံ မှာ စုပေါင်းဘုရားရှိခိုးရင် ရွတ်တဲ့ စာထဲမှာပါတယ်။
စာရေးသူ။ ။ အဲဒီဂါထာရဲ့ အဓိပ္ပါယ်ကိုသိလား။
ဒကာကြီး။ ။ မသိပါဘူးဘုရား သူများရွတ်လို့လိုက်ရွတ်တာပါ။
စာရေးသူ။ ။ အင်းအဓိပ္ပါယ်မသိပဲ ရွတ်နေတာဆိုတော့ အရွတ်ကိုစားရသလို အရသာမရှိဖြစ်နေမှာပေါ့၊
ဦးဇင်းပြောပြမယ် နားထောင်။
`သဗ္ဗေ သင်္ခါရာ အနိစ္စာတိ ယဒါ ပညာယ ပဿတိ´ ဆိုတာက ရုပ် နာမ် ဓမ္မ သင်္ခါရ အားလုံးကို`အနိစ္စ´
(မမြဲဘူး)လို့သိအောင် မြင်အောင်ကြိုးစားပါလို့ ဆိုလိုခြင်းဖြစ်တယ်၊ ယထာဘူတဥာဏ် လို့ခေါ်တယ်။
`အထနိဗ္ဗိန္ဒတိ ဒုက္ခေ´ဆိုတာက မမြဲတဲ့အတွက် ဒုက္ခသက်သက်ဖြစ်တဲ့ အဲဒီ ရုပ် နာမ် ဓမ္မ သင်္ခါရ တွေကို ရွံ
ပါ မုန်းပါ စိတ်ကုန်ပါလို့ဆို ဆိုလိုတယ် နိဗ္ဗိန္ဒ ဥာဏ် လို့ခေါ်တယ်။
`ဟသ မဂ္ဂေါ ၀ိသုဒ္ဓိယာ´ဆိုတာက ငြီးငွေ့ ရွံမုန်း၍ စိတ်ကုန်သလို ဖြစ်လာတဲ့ အခါ အသိဥာဏ်လွတ်ထွက်မ
သွားစေပဲ အာလယပြတ်လိုက်ပါ၊ တွယ်တာ တပ်မက်မှု အသစ်အသစ် မဖြစ်ပါစေနဲ့ နှောင်ကြိုးအားလုံးကို
ဖြတ်တောက်ပြီး သံယောဇဉ်နယ်မှ လွတ်အောင် ရုန်းထွက်ပါလို့ ဆိုလိုတယ်၊ အဲဒါ မဂ်ဥာဏ် ပဲပေါ့။
ဒကာကြီး။ ။ သြော် - အရေးကြီးတဲ့ ဥာဏ်စဉ်သုံးပါးပဲပေါ့ ဘုရား။
ရုပ် နာမ် ဓမ္မ သင်္ခါရ အားလုံးကို အနိစ္စ ဒုက္ခ အနတ္တလို့ အမှန်အကန် သိတာက `ယထာဘူတဉာဏ်´
အမှန်အတိုင်းသိပြီး ငြီးငွေ့စိတ်ကုန်စရာတွေပဲလို့ ဆင်ခြင်သုံးသပ်နိုင်တာက `နိဗ္ဗိန္ဒဉာဏ်´
တကယ်ငြီးငွေ့ တကယ်စိတ်ကုန်ပြီး ရုပ် နာမ် ဓမ္မ သင်္ခါရတွေကို စွန့်ပစ်နိုင် တာ အသစ်အသစ်မလိုချင်တော့
တာက`မဂ်ဉာဏ်´လို့ ဆိုလိုတာ မဟုတ် လား ဘုရား။
စာရေးသူ။ ။ သိပ်ဟုတ်တာပေါ့ ဒကာကြီး၊ အကျဉ်းချုပ် ထပ်ပြောရရင် ဘယ်အရာမဆိုဖြစ်ပြန်ပျက်ပြန်
လောကဓံ ဆိုသလိုပဲ ဖြစ်ပြီလျှင်ပျက်တာပဲ ဆိုတဲ့ အဖြစ်မှန် သဘာဝအမှန်ကို သိအောင်လုပ်၊
- ရွံမုန်းနိုင်အောင် ကြိုးစား။
- နောက်ကို ပြန်ကြည့် ပြန်ကြည့် လုပ်မနေနဲ့၊ ငြိမနေနဲ့ လိုဆိုလိုရင်းပဲ။
ဖြစ်ပျက်နှစ်တန် အမြင်မှန် ခေါ်ရန် ယထာဘူတ။
ဖြစ်ပျက်မြင်ကာ ငြီးငွေ့လာ မှတ်ပါ နိဗ္ဗိန္ဒ။
ငြီးငွေ့သောအခါ မတွယ်တာ အဲဒါ မဂ်ဉာဏ်ဗျ။
မဂ်ပေါက်ဖိုဝင် နိဗ္ဗာန်မြင် အစဉ်ငြိမ်းအေးရ……
လို့ လင်္ကာ ဆောင်ပုဒ်လေးတွေ ရေးသား သီကုံးထားတာ ရှိတယ်။ ကဲ - ကဲ ဦးဇင်း ပြန်ကြွတော့မယ်။
ဒကာကြီး။ ။ ဟဲ့သားကြီး ဦးဇင်းကို ကျောင်းရောက်အောင် လိုက်ပို့လိုက်အုံး၊ မှောင်နေတယ်၊ဓါတ်မီးယူသွား။
စာရေးသူ။ ။ အင်းလမ်းခရီးမှာ ဒုက္ခမရောက်အောင် မကတိအမှောင်ကို ထွင်း ဖောက်ဖို့ အလင်းရောင်လို
အပ်သလို၊ သံသရာခရီးမှာ ဒုက္ခမရောက်အောင် ဘ၀ အမှောင်ကို ထွင်းဖေါက်ဖို့ ပညာအလင်းရောင် လိုအပ်
တယ်နော်။
ဒကာကြီး။ ။ မှန်ပါ - မှန်ပါ့၊
ဒီနေ့ ဦးဇင်း မိန့်သွားတာတွေက မှတ်သားစရာ လိုက်နာစရာတွေချည်းပါပဲ။ အဖိုးတန်လိုက်တာ။
သာဓုပါဘုရား- သာဓု - သာဓု။
အရှင်သိရီဒတ္ထာလင်္ကာရ
No comments:
Post a Comment