Monday, March 19, 2012

ချစ်ကျွမ်းဆွေသာ ကိုယ့်ရဲ့ကမ္ဘာ(စိတ်အားဖြည့် ဓမ္မသံစဉ်)















၁။ မွေးရာပါ ဖွားဖက်တော်

မြေကြီးထဲက ထွက်လာသမျှ မှိုပွင့်တွေရဲ့ ထိပ်မှာ မြေမှုံ သဲမှုံလေးတွေကပ်ပါလာသလို

မွေးဖွားလာသမျှ လူသားတွေရဲ့ ခန္ဓာအစဉ်မှာလည်း သေခြင်းတရားကပ်ပါလာပါတယ်။

မှိုပွင့်ပေါ်ကမြေမှုံ သဲမှုံတွေကို ဆေးကြောပစ်လို့ ရချင်ရလိမ့်မယ်။

လူသားခန္ဓာက သေခြင်းတရားကိုတော့ လုံးဝဆေးကြောပစ်လို့ မရပါဘူး။


၂။ စိတ်ထားမြတ်မှ ပါရမီဖြစ်မယ်

ဘာအလုပ်ပဲလုပ်လုပ် ပါရမီဖြစ်အောင်လုပ်ဖို့အရေးကြီးပါတယ်။

လူမှုစီးပွားမျှော်လင့်ချက်နဲ့ တမလွန်ကောင်းကျိုးတောင့်တချက်တွေကို

ဘေးချိတ်ချောင်ထိုးထားလိုက်ပြီး နိဗ္ဗာန်ချမ်းသာမျှော်လင့်ချက်နဲ့

အများကောင်းကျိုးတောင့်တချက်တွေကိုရှေ့တန်းတင်ဦးညွတ်ထားလိုက်ရင် လုပ်သမျှပါရမီဖြစ်ပြီ။


၃။ ပေါင်းတတ်ရင် မိတ်ဆွေ

လောကဓံခံနိုင်ရည်ရှိဖို့နဲ့ ဘဝမှာလိုအင်ဆန္ဒတွေ မများဖို့အတွက်

တစ်နေ့ကျရင်သေရမှာပဲလို့ သေခြင်းတရားနဲ့ပတ်သတ်ပြီး ဆင်ခြင်ကြရပါမယ်။

စိတ်ကောင်း နှလုံးကောင်းရှိဖို့နဲ့ ဝိပဿနာစိတ်ကလေး အဆက်မပြတ်ဖြစ်ဖို့အတွက်

“အချိန်မရွေး သေသွားနိုင်တယ်”

“ခဏနေ သေရင်သေသွားနိုင်တယ်” လို့

သေခြင်းတရားနဲ့ ပတ်သတ်ပြီး ဆင်ခြင်ရပါမယ်။


၎။ စိတ်ချမ်းသာမှ သူဌေးအစစ်

ငွေကြေးဥစ္စာမပြည့်စုံတဲ့ လူကို လူဆင်းရဲလို့ခေါ်ကြသလို

အရည်အသွေးကောင်းတွေ မပြည့်စုံတဲ့ စိတ်ကိုလည်း စိတ်ဆင်းရဲလို့ ခေါ်ကြပါတယ်။

စိတ်ဆင်းရဲနေတဲ့လူဟာ စိတ်ဓာတ်အရည်အသွေးကောင်းတွေ ချို့တဲ့နေတဲ့လူပါ။


၅။ အဆာခံမှ အသာစံမယ်

ဆာနာရောဂါဟာ အသိဥာဏ်ပွင့်လင်းမှုနဲ့ တရားတိုးတက်မှုကို အဟန့်အတား ပြုတတ်တယ်ဆိုတာကို

ကိုးကားပြီးဆာနာရောဂါဒဏ်ကို အန်တုသည်းခံရခြင်းတစ်စိတ်တစ်ပိုင်းပါဝင်တဲ့ ဥပုဉ်စောင့်သုံးခြင်းကို

အလွယ်တကူမပစ်ပယ်သင့်ပါဘူး။

အဆိုးဆုံးရောဂါဒဏ်ကိုသည်းခံနိုင်သူရဲ့ သန္တာန်မှာ အကောင်းဆုံးစွမ်းရည်သတ္တိတွေ

ကိန်းဝပ်လာတတ်တာမို့ တန်ခိုးကြီးမားတဲ့ ဥပုသ်စောင့်သုံးခြင်းကို

အလေးအနက်ကျင့်ကြံအားထုတ်ကြည့်စေချင်တယ်။


၆။ ဗိုက်ခိုင်းလို့မိုက်ရိုင်းတာပါ

သတ္တဝါတွေဟာနေ့စဉ်နဲ့အမျှ နေ့ရောညပါ ဝမ်းဗိုက်ရဲ့အလိုကို လိုက်နေကြရပါတယ်။

ဝမ်းဗိုက်ရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနေကြရပါတယ်။

ဒါကြောင့် သတ္တဝါအားလုံးဟာ ဝမ်းဗိုက်ရဲ့တမန်တော်တွေ ဝမ်းဗိုက်ရဲ့ကျေးကျွန်တွေဖြစ်ကြပါတယ်။


၇။ ကိုယ်လိုချင်တာနံပါတ်တစ်

စိန်တစ်လုံးသရက်သီးစားပြီးရင် တခြားဘယ်သရက်သီးမှ မစားချင်တော့သလို

နိဗ္ဗာန်ချမ်းသာကို ရပြီးတော့မှ တခြားဘယ်ချမ်းသာကိုမှ မလိုချင်တော့ပါဘူး။

နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးနံပါတ်တစ်ချမ်းသာပါ။


၈။ အစွဲရမ်းရင် အကွဲကြမ်းမယ်

တစ်ယောက်အပေါ်တစ်ယောက် တဏှာအစေးဓာတ်နဲ့

ငြိကပ်တွယ်တာနေမယ်ဆိုရင် ခဏလေးလမ်းခွဲရလည်း။

ဘဝဝေးနှစ်ခြမ်းကွဲသွားသလို ဝမ်းနည်းရင်နင့်ရပါတယ်။


၉။ အာဟာရအစစ် ရင်တွင်းချစ်

လောကမှာစားစရာတစ်ခုဟာ ကောင်းကောင်းဆိုးဆိုး

နည်းနည်း များများ ကိုယ်ချစ်ကျွမ်းဝင်တဲ့သူနဲ့

အတူတူစားရမယ်ဆိုရင် အဲဒီစားစရာဟာ

အကောင်းဆုံးစားစရာပါပဲ။ဘာလို့လဲဆိုတော့ ချစ်ကျွမ်းဝင်ခြင်းထက်

ပိုကောင်းတဲ့ အရသာ လောကမှမရှိလို့ပါ။


၁၀။ ချစ်ကျွမ်းဆွေသာ ကိုယ့်ရဲ့ကမ္ဘာ

ပုထုဇဉ်သဘာဝအလိုအလျောက် ဖြစ်တည်နေတဲ့အတွင်းအောက်ခံသံယောဇဉ်ရဲ့အပေါ်မှာ

ထုထည်ကြီးမား ခိုင်ခံ့တဲ့မေတ္တာစစ်၊ မေတ္တာမှန်ကို စနစ်တကျဖွဲ့စည်းတည်ဆောက်ပြီး

သူချစ်၊ကိုယ်ချစ် အပြန်အလှန် ချစ်ကြတဲ့သူတွေဟာ အကျွမ်းဝင်သူတွေဖြစ်နိုင်ပါတယ်။

အကျွမ်းဝင်ခြင်းရဲ့ အောက်ခံအရောင်က သံယောဇဉ်ဖြစ်ပြီး အပေါ်အရောင်က မေတ္တာတရားဖြစ်ပါတယ်။




မှတ်ချက်။           ။အရှင်ဆန္ဒာဓိက၏(စိတ်အားဖြည့် ဓမ္မသံစဉ်)စာအုပ်မှကောက်နှုတ်ချက်များဖြစ်ပါသည်။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

3 comments:

  1. စာလေးတွေလာဖတ်သွားပါတယ်အကိုရေ
    အခုလောလမင်းတရားစာအုပ်ဘက်မလှည့်နိုင်ဘူး
    ဘလော့စာတွေလိုက်ဖတ်နေတာဆိုတော့လေ
    အကိုတို့လိုဗဟုသုတရစရာလေးတွေတင်တော့တန်ဖိုးရှိတာပေါ့
    ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete
  2. အခုလို တရားစာလေးတွေဖတ်လိုက်ရတော့လည်း အေးချမ်းလိုက်တာဗျာ........စိတ်ချမ်းသာမှ သူဌေးစစ်ဆိုတာကို အရမ်းသဘောကျသဗျာ.......မှတ်သားသွားပါတယ်.....နောက်လည်း ဒီလိုလေးတွေ တင်ပေးပါဦး......စာတွေများတော့လည်း ဖတ်ပြီး မကျန်မှာစိုးလို့ပါ..အလွယ်လိုက်တာတော့မဟုတ်ပါဘူး အစ်ကိုရေ.........

    ReplyDelete
  3. ဒီလို စာမျိုးအရမ်းကြိုက်တယ်။ ဖတ်ရတာ အရမ်းဝမ်းသာတယ်။
    ဘလော့ပိုင်ရှင်ကိုလည်း ကျေးဇူးတင်တယ်။ နောင်လည်း အလည် ခဏခဏ လာမယ်။.



    ခင်မင်တဲ့
    အလွမ်းမြို့

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: