Sunday, March 11, 2012

ကုသိုလ်ကြီးရင် ဘုန်းကံကြီးတယ်(စိတ်အားဖြည့်ဓမ္မသံစဉ်)


 














၁။ အာဟာရအစစ် ရင်တွင်းချစ်

လောကမှာ စားစရာတစ်ခုဟာ ကောင်းကောင်း၊ဆိုးဆိုး နည်းနည်း များများ

ကိုယ်ချစ်ကျွမ်းဝင်တဲ့သူနဲ့ အတူတူစားမယ်ဆိုရင် အဲဒီစားစရာဟာ အကောင်းဆုံးစားစရာပါပဲ။

ဘာလို့လဲဆိုတော့ ချစ်ကျွမ်းဝင်ခြင်းထက် ပိုကောင်းတဲ့ အရသာ လောကမှာမရှိလို့ပါပဲ။


၂။ အမျက်ဟပ်ရင် အဆက်ပြတ်မယ်

ဒေါသတရားဟာ ဓားနဲ့တူပါတယ်။

ဓားဆိုတာအရာဝတ္ထုတွေကို ဆက်စပ်ပေးတဲ့အရာ၊ ပေါင်းစည်းပေးတဲ့အရာမဟုတ်ပါဘူး။

အရာဝတ္ထုတွေကို ပြတ်တောက်စေတဲ့အရာ ပျက်စီးစေတဲ့အရာသာဖြစ်ပါတယ်။

ဒေါသတရားဟာလည်း အကောင်းမှန်သမျှကို ပြတ်တောက်ပျက်စီးစေပါတယ်။


၃။ အသိဥာဏ်မြင့်မှ ခွင့်လွှတ်နိုင်တယ်

မသိတဲ့သူရဲ့ အမှားကို သိတဲ့သူကသည်းခံခွင့်လွှတ်ရပါမယ်။

သည်းခံခွင့်လွှတ်နိုင်စွမ်းမရှိဘူးဆိုရင် ကိုယ်လည်းမသိတဲ့သူစာရင်းထဲဝင်သွားလိမ့်မယ်။

တကယ်တော့ မသိလို့မှားသူထက် အမှားကိုခွင့်မလွှတ်နိုင်သူက ပိုပြီးမသိရာရောက်ပါတယ်။


၎။ အမှားမကင်းတာ လူ့သဘာဝ

“ဒေါသ”ဆိုတဲ့စကားကိုယ်တိုင်ကိုက “အပြစ်”လို့

အဓိပ္ပါယ်ထွက်နေတော့ဒေါသသမားတစ်ယောက်က

သူတစ်ပါးအပေါ် အရာရာအပြစ်မြင်တတ်တာဟာ

သိပ်တော့မဆန်းလှပါဘူး။

ဒါပေမဲ့ သူတစ်ပါးရဲ့အမှား၊ ရန်ခါအမှန်ကို

အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း

“ငါ့မှာရော အမှားလုံးဝမရှိဘူးလား”လို့

ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့

သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ်

သည်းခံခွင့်လွှတ်နိုင်စွမ်းတိုးပွားလာမှာအမှန်ပါပဲ။


၅။ ကောင်းကွက်ကိုရှာ ကောင်းကျိုးလာ

ဒူးရင်းသီးရဲ့ ဆူးနဲ့အနံ့ဆိုတဲ့ အဆိုးကိုပဲ မြင်နေမယ်ဆိုရင်တော့

ဒူးရင်းသီးရဲ့ ချိုဆိမ့်တဲ့အရသာနဲ့ ခွန်အားပြည့်မှုဆိုတဲ့အကောင်းတွေကို

လက်လွှတ်ဆုံးရှုံးရမှာ သေချာတယ်။

အရသာနဲ့ ခွန်အားဆိုတဲ့ ကောင်းကွက်ကိုမြင်တတ်တော့လည်း

ဒူးရင်းသီးဟာ ဈေးကြီးပေးဝယ်စားရတဲ့ အမြတ်တနိုးသစ်သီးအဖြစ်

စားထိုက်သူတွေရဲ့ချစ်ခြင်းကို ခံယူနေရတော့တာပါပဲ။


၆။ အပြည့်မလိုမှ အလိုပြည့်မယ်

ပင်လယ်ကြီးဟာ မြစ်ချောင်းအင်းအိုင်တွေက

စီးဆင်းဝင်ရောက်လာသမျှ ရေတွေအပေါ် အလိုမပြည့်သလို

လောဘဟာလည်းရစရာအာရုံတွေ ရစရာပစ္စည်းဝတ္ထုတွေအပေါ်

ဘယ်တော့မှအလိုမပြည့်ပါဘူး။

အလိုမပြည့်တဲ့လောဘကို အလိုပြည့်အောင်စွမ်းဆောင်နိုင်တာက

တင်းတိမ်ရောင်ရဲခြင်းပါပဲ။

ကိုယ်ရသင့် တာထက် ပိုလိုချင်စိတ်မရှိဘဲ

ကိုယ်ရသင့်သလောက်ရတာနဲ့ပဲ ကျေနပ်ရင်

လောဘဟာအလိုပြည့်သွားပါတယ်။


၇။ မကြိုးစားတာရောင်ရဲခြင်းမဟုတ်

ယောင်္ကျားမှန်ငြား ကြိုးစားသင့်စွာ

ပညာရှိ၊ မပျင်းမရိရာ..ဆိုတဲ့ ဘုရားစကားတော်နဲ့အညီ

တစ်ဖက်က ကိုယ့်ဘဝ၊ တိုးတက်သထက်တိုးတက်အောင်

ကြိုးစားအားထုတ်ရင်း တစ်ဖက်ကလည်း လက်ရှိဘဝ၊

လက်ရှိအဆင့်အတန်းအပေါ် ကျေနပ်နှစ်သက်စွာလက်ခံမယ်ဆိုရင်

တင်းတိမ်ရောင်ရဲသူ အစစ်ဖြစ်ပါပြီ။


၈။ အချစ်ဟာမီးပဲ

တစ်စုံတစ်ယောက်၊ သို့မဟုတ် တစ်စုံတစ်ခု

အပေါ်မှာ စွဲစွဲလမ်းလမ်းချစ်နေပြီ စွဲစွဲလမ်းလမ်းငြိကပ်တပ်မက်နေပြီဆိုရင်

မရခင်မှာလည်း မျှော်လင့်တမ်းတခြင်းတွေနဲ့ ပူလောင်ရပါတယ်။

ရနေဆဲအချိန်တွေမှာလည်း သာယာယစ်မူးခြင်းတွေနဲ့ ပူလောင်ရပါတယ်။

ရပြီးလို့ ပျောက်ကွယ်ပျက်စီးသွားတဲ့အခါမှာလည်း

ဆွေးမြေ့ကြေကွဲခြင်းတွေနဲ့ပူလောင်ရပါတယ်။


၉။ အချစ်သည်းလေ အပူကဲလေ

အချစ်ဆိုတာရာဂ၊ ရာဂဆိုတာကိလေသာ

ကိလေသာဆိုတာ အကုသိုလ်

အကုသိုလ်ဆိုတာ ဆိုးကျိုးကို ဖန်တီးပေးတဲ့အရာ

ဒီတော့ အချစ်ကြောင့် ကံကောင်းခြင်းလက်ဆောင်တွေ

ရလိမ့်မယ်လို့ဘယ်လိုနည်းနဲ့မှ မမျှော်လင့်ပါနဲ့။

အချစ်ကြောင့် ပူလောင်ခြင်းလက်ဆောင်တွေသာ

တစ်ပွေ့တစ်ပိုက်ကြီးရနိုင်တယ်ဆိုတာ သစ္စာတရားတစ်ခုအဖြစ်

အရိုးစွဲအောင် မှတ်သားထားလိုက်ပါ။


၁၀။ ကုသိုလ်ကြီးရင် ဘုန်းကံကြီးတယ်

ဘုန်းကံကြီးတယ်ဆိုတာ ကုသိုလ်ကောင်းမှုကြီးတယ်။

ကုသိုလ်ကောင်းမှုများတယ်လို့ဆိုလိုပါတယ်။

ကုသိုလ်ကောင်းမှုနည်းရင် ဘုန်းကံနည်းမယ်။

ကုသိုလ်ကောင်းမှုများရင် ဘုန်းကံကြီးမယ်။

ဘုန်းကံကြီးသူ ဘုန်းကြီးသူဖြစ်ချင်ရင်

ကုသိုလ်ကောင်းမှုများများပြုပါ။



မှတ်ချက်။    ။ အရှင်ဆန္ဒာဓိက၏ စိတ်အားဖြည့် ဓမ္မသံစဉ် စာအုပ်မှကောက်နှုတ်ချက်ဖြစ်ပါသည်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

 http://www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်း လာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

5 comments:

  1. လာဖတ်သွားပါတယ် အကိုရေ မှတ်သားစရာလေးတွေပါ

    ReplyDelete
  2. မှတ်သားစရာလေးတွေမို့ ဖတ်ပြီး မှတ်သွားတယ် မောင်ရာဇာရေ။ ကျေးဇူးပါနော်။
    ဖတ်စရာတွေ အများကြီးပဲ တီတင့်နောက်တစ်ခေါက် ထပ်လာဖတ်မယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. အခုလိုလာရောက် လည်ပတ်သွားလို့ ကျေးဇူးတင်ဝမ်းသာမိပါတယ်
      အန်တီ နဲ့ ညီမလေး လမင်းရေ... ကျွန်တော်နှစ်သက်တာလေး
      တွေကို ကူးယူတင်ပြထားတာပါ ခင်ဗျာ... အဆင်မပြေတာများရှိ
      ရင် အားလုံးကို တောင်းပန်ပါတယ် ခင်ဗျာ...
      ခင်မင်လေးစားစွာဖြင့်
      ရာဇာထွေး

      Delete
  3. ရာဇာလေးရေ လာရောက်ခဲ့တယ်နော်။ စာလေးတွေက တကယ်ကောင်းတယ်။ ဦးဇင်းလေးကိုလည်း ကျေးဇူးတင်တယ်။ ပိုစ်ပြန်ကူးတင်ပေးတဲ့ ရာဇာလေးကိုလည်း ကျေးဇူးတင်တယ်။
    အဆင်မပြေတာ မရှိပါဘူး...အားလုံးအဆင်ပြေပါတယ်။ အမြဲတမ်း လာလာချင်နေတာမို့ အဆင်ပြေမယ်ဆို လက်ခုပ်သံလေး ကြားချင်ပါတယ်....ဖြောင်းးး ဖြောင်းးး ဖြောင်းးး

    ခင်မင်တဲ့
    အလွမ်းမြို့

    ReplyDelete
  4. အချိန်ရရင်ရသလိုလာခဲ့ပါမယ်

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: