ကိုလျှောက်လည်ရင်းတွေ့လို့ကျွန်တော်ကြိုက်တာနဲ့မှတ်စုသဘောလေးကူးပြီးသိမ်းထားတာလေးတွေ
ပါ... အခုလည်း မဖတ်ရသေးတဲ့သူတွေလည်းဖတ်ရအောင် ရည်ရွယ်ပြီးတစုတဝေးထဲတင်ပေးလိုက်ပါ
တယ်... ကြိုက်တဲ့သူတွေလည်းကူးသွားကြပေါ့... ကူးလာခဲ့တဲ့မူရင်းဆိုက်တွေလည်းမမှတ်မိတော့တာ
မို့မူရင်း ဆိုက်တွေကိုလည်းပြန်မ ညွှန်းပေးနိုင်တာကိုတော့နားလည်ခွင့်လွတ်ပါခင်ဗျာ.....
၁။ ခန္ဓာဉာဏ်စိုက် သတိလိုက်
ကိုယ့်ခန္ဓာ၌၊ သတိစိုက်၊ ဉာဏ်လိုက်ရှုနေလျှင်။
ကိုယ်မှာဖြစ်ဘိ၊ ဖြစ်တိုင်းသိ၊ သိတိုင်းအပူစင်။
ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်းအပူစင်။
အာရုံနှင့်ထိ၊ ထိတိုင်းသိ၊ သိတိုင်းအပူစင်။
အပူစင်မှ၊ ဖြစ်ပျက်ကြ၊ မုချအမှန်မြင်။
အမှန်မြင်မှ၊ ချမ်းသာရ၊ ဒုက္ခလွတ်မည်ပင်။ (တိပိဋက ယောဆရာတော်)
၂။ စိတ်စင်ကြယ်မှ ရုပ်စင်ကြယ်မည်
ကောင်းဆိုး နှစ်ဝ၊ ခွဲခြမ်းပြ၊ ဗုဒ္ဓသာသနာ။
ချမ်းသာနှစ်ဝ၊ လမ်းညွှန်ပြ၊ ဗုဒ္ဓသာသနာ။
စိတ်သန့်စင်မှ၊ ရုပ်စင်ရ၊ မုချဧကန်သာ။
အပြင်ရုပ်ပြ၊ စင်ကာမျှ၊ တွင်းက စင်ခဲစွာ။ (စစ်ကိုင်းရွှေဟင်္သာဆရာတော်)
၃။ သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက်
သည်းခံ သနား၊ ၀မ်းမြောက်ငြား၊ ပွားများ မေတ္တာခြုံ။
သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်၊ ပပျောက်ဘေးရန် ကိုယ့်မှာလုံ။
သူတော်သူမြတ်၊ ဤ ၄-ရပ်၊ မချွတ် ကျင့်ပါကုန်။ (တိပိဋကဓရ ယော-ဆရာတော်)
၎။ မြတ်သော သောတာပန်
မြေတပြင်လုံး၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်၎င်း၊
နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊
တလောကလုံးကို အစိုးရသည်ထက်၎င်း၊
သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။ ( ဓမ္မပဒ လောက၀ဂ်၊ အနာထပိဏ္ဍိကပုတ္တကာလ၀တ္ထု)
၅။ ပျက်စီးကြောင်း အညစ်အကြေးများ
စာပေကျမ်းဂန် အတတ်ပညာတို့သည်
မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
အိမ်တို့သည်
ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
ပျင်းရိခြင်းသည်
အဆင်း-လှပခြင်း၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။
မေ့လျော့ခြင်းသည်
စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း) အညစ်အကြေးမည်၏။ (ဓမ္မပဒ၊ မလ၀ဂ်၊ လာယုဒါယီဝတ္ထု)
၆။ မိတ်ဆွေယုတ်
မျက်ကွယ်၌ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော၊
မျက်မှောက်၌ ချစ်ဖွယ်စကားကို ဆိုတတ်သောလူကို ကြဉ်ရှောင်ရာ၏။
အကြင်အကြောင်းကြောင့် ထိုသို့သဘောရှိသော မိတ်ဆွေယုတ်ကို နှုတ်ခမ်းဝ၌ နို့ရည်လိမ်းကျံခြင်းရှိသော
အဆိပ်ဖြင့်ပြည့်သော အိုးကဲ့သို့ မိတ်ဆွေဖွဲ့၍ တည်နေခြင်းကို ရှောင်ကြဉ်ရာ၏။ ( စွယ်စုံနီတိကထာ)
၇။ မိမိကိုယ် ကိုစောင့်ရှောက်ရာ
ဘေးရန်ကို တားဆီးခြင်း အကျိုးငှါ ပစ္စည်းဥစ္စာကို စောင့်ရှောက်ရာ၏။
ပစ္စည်းဥစ္စာတို့ထက်လည်း မယားကို စောင့်ရှောက်ရာ၏။
မယားထက်လည်းကောင်း၊ ပစ္စည်းဥစ္စာထက်လည်းကောင်း
မိမိကိုယ်ကို နေ့စဉ်မပြတ် စောင့်ရှောက်ရာ၏။ ( စွယ်စုံနီတိကထာ)
၈။ စိတ်ကိုစောင့်ရှောက်ရာ
အလွန်သိမြင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး
သူကျချင်သည့် အာရုံ၌ ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။ ( ဓမ္မပဒ-စိတ္တ၀ဂ်)
၉။ ယနေ့ပြုလုပ်ပါ
ပြုဖွယ်ကိစ္စ ဟူသမျှကို ယနေ့ပင် ပြုလုပ်ပါ။ (အချိန်မဆွဲပါနဲ့)
မနက်ဖြန်၌ သေရမည်ကို အဘယ်သူသည် သိနိုင်အံ့နည်း။
စစ်သည်ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနဲ့ ငါတို့မှာ ချိန်းချက်ထားမှု မရှိချေ။ ချိန်းချက်၍ မရပေ။
၁၀။ စိတ်ကွယ်ရာမရှိ
လောက၌ မကောင်းမှုပြုသောသူအား စိတ်ကွယ်ရာအ၇ပ်မည်သည် မရှိ။
မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိပြုသောအမှုကို မိမိကိုယ်တိုင် သိ၏။ (တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်)
၁၁။ အမြတ်ဆုံးချမ်းသာ
အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ် ဖြစ်၏။
တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာ ဖြစ်၏။
အကျွမ်းတ၀င် ချစ်ခင်သောသူသည် အကောင်းဆုံး ဆွေမျိုး ဖြစ်၏။
နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာ ဖြစ်၏။ ( ဓမ္မပဒ)
၁၂။ အရှုးနဲ့တူသူများ
ဥစ္စာမရှိဘဲလျက် အရသာ အစားကြူးသောသူ၊
ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်သောသူ၊
ပညာမရှိဘဲလျက် စကားလိုလားသောသူ၊
ဤသူတို့သည် အရူးနှင့်တူကုန်၏။ ( လောကနီတိ)
၁၃။ ပညာရှိသူတော်ကောင်း
စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မစွန့်။
ဆင်ပြောင်ကြီးသည် စစ်မြေပြင်သို့ ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့်။
ကြံသည် ယန္တရားစက်ဖြင့် ကြိတ်သော်လည်း ချိုသောအရသာကို မစွန့်။
ပညာရှိ သူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။
( လောကနီတိ)
၁၄။ တရားကိုမကျင့်ကြံလျှင်
နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့
နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို
များစွာဟောပြောနေသော်လည်း
မကျင့်မကြံ မေ့လျော့ပေါ့တန်နေသောသူသည်
ပြုထိုက်သည်ကို ပြုသည် မမည်။
မဂ် ဖိုလ် နိဗ္ဗာန် အရသာကို မခံစားရ။ ( ဓမ္မပဒ)
၁၅။ စွန့်ရသောသဘော
အဆွေအမျိုးတို့ အကျိုးငှါ တယောက်သောသူကို စွန့်ရာ၏။
ရွာသူရွာသားတို့ အကျိုးငှါ အမျိုးကို စွန့်ရာ၏။
လူအများ၏ အကျိုးငှါ ရွာကို စွန့်ရာ၏။
မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါ မြေအပြင် (ရှိလူအပေါင်း) ကို စွန့်ရာ၏။ ( စွယ်စုံ နီတိကထာ )
၁၆။ ကောင်းမှု့ပြုသူ
ကောင်းမှုပြုသောသူသည်
ဤဘ၀၌လည်း နှစ်သက်ရ၏။
နောင်ဘ၀၌လည်း နှစ်သက်ရ၏။
ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ နှစ်သက်ရ၏။
ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။
ထိုသူသည် ကောင်းသောဘ၀သို့ ရောက်သည့်အခါ သာ၍ပင် နှစ်သက်ရ၏။ ( ဓမ္မပဒ)
ဆက်လက်ဖော်ပြပါမည် ခင်ဗျာ...
မူရင်းဆိုက်ကို မမှတ်မိတော့တာမို့ မဖော်ပြနိုင်တာကိုခွင့်လွတ်ပါခင်ဗျာ။
ဖတ်သွားပါတယ် အကိုရေ
ReplyDelete