“မိကောင်းဖခင် သားသမီးများ ဖြစ်ရန်မှာ ငွေတွေ ကြေးတွေ ပေါများခြင်း၊ အခြေကြီးအနေကြီး နေရခြင်းတို့
ကို လိုအပ်သည်မဟုတ်။ တစ်ဖက်ရပ်တဲကလေးမှာ နေရသော ဆင်းရဲသားတို့၏ သားသမီးတို့သည်လည်း
မိကောင်း ဖခင် သားသမီးများဖြစ်နိုင်ကြသည်။ အကျင့်ကောင်းဖို့သာ လိုသည် ” ဟူသော ဆရာတက်တိုး၏
အတွေးအမြင်ကို အထူးသဘောကျမိပါသည်။
မိကောင်းဖခင် သားသမီးဖြစ်ရန်မှာ လွယ်သောကိစ္စမဟုတ်ပါ။ မိဘကိုယ်တိုင်က မိကောင်းဖခင်ဖြစ်ပြီး သား
သမီးများကလည်း သားကောင်းသမီးကောင်းဖြစ်ပါမှ တကယ့်မိကောင်းဖခင် သားသမီးဖြစ်၏။ မိဘက
ကောင်းပါ လျက် သားသမီးက မကောင်းလျှင် မိကောင်းဖခင်းသားသမီးမဟုတ်။ နှစ်ဖက်စလုံးမကောင်းလျှင်
တော့ ဆိုဖွယ်ရာမရှိပြီ။ မိဘက မကောင်းဘဲ သားသမီးက ကောင်းနေလျှင်တော့ သားကောင်း သမီးကောင်း
ဟူ၍ သာမန်မျှ ခေါ်ရမည်ထင်၏။
ဘယ်လိုမိဘမျိုးသည် မိကောင်းဖခင်ဖြစ်သလဲ၊ ဘယ်လိုသားသမီးမျိုးသည်သားကောင်းသမီးကောင်း ဖြစ်သ
လဲ “ဖဝါးလက်နှစ်လုံး ဖခုံးလက်နှစ်သစ် အစလူဖြစ်အောင် မွေး” ဟူသော မိဘကျေးဇူးကို ဖော်ကျူးသည့် စ
ကား ရှိ၏။ ဤမျှကွေးလေးနုနယ် ကလေးငယ်ကို မိဘနှစ်ပါးက လူဖြစ်အောင် မွေးခဲ့ရသည်။ လူဖြစ်အောင်
မွေး ဆိုရာ၌ လူကောင်သေးဘဝမှ လူကောင်ကြီးဘဝရောက်အောင် မွေးခြင်းသည် အရေးကြီးသော်လည်း
အဓိက တော့မဟုတ်ပါ။ အဓိကမှာ (လူ) ပီသအောင် မွေးခြင်းဖြစ်သည်။
သားသမီးကို လူ….လူ..လူပီသအောင် မွေးမြူရေးမှာ မိဘတို့အတွက် အဓိကတာဝန်ဖြစ်၏။ ထိုတာဝန်သည်
မလွယ်ပါ။မိဘဟူသည် သားသမီးတို့၏ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်။ ဤမျှကြီးကျယ်သော ဂိုဏ်းဝင် ကျေးဇူး
ရှင် အဖြစ် ခံထိုက်သော မိဘဖြစ်သူအဖို့ သားသမီးအပေါ် ထားရှိအပ်သည့် တာဝန်သည် အဘယ်မှာ လွယ်
ပါမည်နည်း။ (လူ)တဲ့ ။ အတွေးအခေါ် ဥာဏ်ရှိသော ခြေနှစ်ချောင်း သတ္တဝါဟု အဘိဓာန်က အနက်ဖွင့် ပါ
သည်။ ဆရာတော်တစ်ပါးကတော့ (လူ) ဟူသော ဝေါဟာရကို ဤသို့ သရုပ်ခွဲပါ၏။
လူဆိုတာ (လူ)တဲ့၊ (လူး) တဲ့ နှစ်မျိုးရှိပါတယ်။ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ရုံနဲ့ လူမခေါ်သေးဘူးကွယ့်။ လူ
ဆိုတာ တလူလူနေမှ လူခေါ်တာ။ ဘာတွေ တလူလူ နေရမှာတုံးဆိုတော အလှူရေစက် လက်နဲ့မကွာ ဆို
တာလို ဒါနတွေ တလူလူ နေရတယ်။ သီလတွေ တလူလူနေရတယ်။ ဘာဝနာတွေ တလူလူနေရတယ်။ တစ်
နည်းပြောရရင် စိတ်ကောင်း စိတ်မြတ်တွေ တလူလူဖြစ်နေရတယ်။ ဒီလိုလူမျိုးကိုမှ တကယ့် လူပီသတဲ့
လူခေါ်တယ်ကွယ့်။
နောက်” လူး “ ဆိုတာက မကောင်းမှု ဒုစရိုက် နွံအိုင်ကြီးထဲမှာ လူးသွား၊ နစ်သွားတာ။ ကောင်းမှုကုသိုလ်
ဘက် ကိုနည်းနည်းမျှ မရောက်လာတော့ဘူး။ ကောင်းမှုကုသိုလ် ဆိုတာကိုတောင် သူနားမလည်တော့
ဘူးလေ။ အဲဒီ လူမျိုးကိုတော့ (လူ) လို့ မသတ်မှတ်ဘူး။ (လူး) တဲ့။ ကိုယ်မွေးတဲ့ သားသမီးကို (လူး) မဖြစ်
သွားအောင် အညွန့် တလူလူနှင့် တကယ့် (လူ) ဖြစ်လာအောင် မွေးမြူစောင့်ရှောက်နိုင်သော မိဘသည်
မိကောင်း ဖကောင်းဖြစ်၏။ ထို မိကောင်း ဖကောင်းကြောင့် လူကောင်း သူကောင်း ဖြစ်လာသော သားသမီး
သည် မိကောင်းဖခင် သားသမီး ဖြစ်၏။
အချို့ မိဘများသည် ပုဗ္ဗာစရိယာ- လက်ဦးဆရာ ရင်သွေး လူငယ်များ ပြုစု ပျိုးထောင်ရေးကို လိုလိုလားလား
ဆောင်ရွတ်ကြသည်။ မှန်၏။သို့သော်လည်း ဆန္ဒစောမှု၊ မသိနားမလည်မှု၊ လျစ်လျှူရှုမှု ဟူသော အမှားများ
ကြားဝယ် လုံးလည်လိုက်ကာ အခက်အခဲနှင့် ကြုံရ၏။ အကျပ်အတည်းနှင့် ရင်ဆိုင်ရ၏။
“သားသမီးများကို ဆန္ဒစောစွာ ချုပ်ချယ်ခြင်း၊ မသိနားမလည်စွာ အလိုလိုက်ခြင်း၊ မပေါ့ဆသင့်သည်၌ ပေါ့
ဆစွာ လျစ်လျှူရှုခြင်းတို့ကြောင့် သားသမီးများ ကောင်း၍ တော်၍ မလာဘဲ ဆိုး၍ ၊ ပျက်၍ လာ၏။”
စင်စစ် သားသမီးကိုနည်းလမ်းတကျ ပြုစုပျိုးထောင်ရေးသည် သိမ်မွေ့လေးနက်သော ကိစ္စဖြစ်၏။ ဤကိစ္စမျိုး
ကို တော်စွလျော်စွာ သဘောထားကာ ပစ်ထားမည်ဆိုလျှင် “သားသမီးတို့ မကြီးမရွယ်၊ ငယ်စဉ်ကာလ ၊ မ
ဆုံးမသော်၊ မိဘတစ်လီ ၊ရန်သူမည်၏။” ဟူသောစွဲချက်မှ လွတ်မည်မဟုတ်ပေ။
အချို့လူငယ်များ လူဆိုး လူသွမ်းဘဝ ရောက်သွားရခြင်း၌ အသေချာဆုံး အချက်မှာ မိဘက သားသမီးကို
ပစ်ထားခြင်းကြောင့်ပင်ဖြစ်၏။ “အကယ်၍သာ မိဘ(၇၅)ရာခိုင်နှုန်းက သားသမီးကို ပစ်မထားလျှင်တိုင်း
ပြည်မှာ လူဆိုး လူမိုက် မရှိပါဘူး”ဤသို့ ဆရာကြီး ဦးကျော်ထွဋ် ပြောဖူးပါ၏။
သားသမီးကို မဆုံးမဘဲ ပစ်ထားသောအခါ သားသမီးတွေ ဆိုးလာ မိုက်လာပြီဆိုလျှင် ခါးသီးသော ဒုက္ခဒဏ်
ကို ခံကြရ၏။ ရွှေပုံ ငွေပုံပေါ်ထိုင်ပြီး နောင်တကို ရင်ဝယ်ပိုက်ကာ ဒူးနှင့်မျက်ရည် သုတ်ရသည့် အဖြစ်မျိုး
ကြုံကြရ ၏။ ပြီး- ပတ်ဝန်းကျင်ကကော သက်သာသလား။ မသက်သာ။ မြို့ရွယ် နယ်ပယ် တိုင်း နိုင်ငံ စသည်
ဖြင့် ဒုက္ခမီး ကူးစက်ရတတ်၏။ ပေါ့ပေါ့ကိစ္စ မဟုတ်ပါ။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” “မနုဿတ္တဘာဝေါ
ဒုလ္လဘော” လူ့အဖြစ်သည် ရခဲလှ၏။ ဤဒေသနာကို ဘုရားရှင်သည် ၄၅- ဝါပတ်လုံး နေ့စဉ်နှင့်အမျှ မိန့်မြွတ်
တော်မူ၏။ လူ့အဖြစ်သည် ဘယ်လောက်အဖိုးတန်သနည်း။ အချို့ လူငယ်များသည် ဤအချက်ကို ဆင်ခြင် နှ
လုံးသွင်းမိကြ ပါရဲ့လား။ သုဂတိဘုံသား လူ့ဘဝဆိုသည်မှာ တကယ့်ပဒေသာပင်ဘဝ။ ကြိုးစားက ဘုရားဖြစ်
နိုင်သော ဘဝ။ သူ့အကျိုး ကိုယ့်အကျိုး တိုးသည်ထက်တိုးအောင် လုပ်ဆောင်နိုင်သော ဘဝ။ ဤအချက်ကို
လူငယ်များ စဉ်းစားမိကြပါရဲ့လား။
အချို့မိဘများသည် သားသမီး အခြေဆိုး အနေဆိုး ရောက်ခါမှ ယူကျူံးမရ အပူလုံးကြွကြ၏။ နောင်တ
သောက မီးနှယ်ထကြ၏။ အရူးမီးဝိုင်း ဗျာများကြ၏။ သို့သော် နောက်ကျလေပြီ။ လူနာမျက်ဖြူဆိုက်မှ ဆရာ
ခေါ်၍ ဖြစ်အံ့လော။ အချိန်မီချုပ်မှ အစုတ်သက်သာမည်မဟုတ်လား။ထို့ကြောင့် သားသမီးကို ငယ်နုစဉ်က
ဆုံးမပြုပြင် နိုင်ရန် မိဘတိုင်းမှာ မိဘပညာ အထူးလိုအပ်ပေသည်။ လက်ဦးဆရာဖြစ်သည့် မိဘတို့က သား
သမီးကို သင်ကြားပေးရမည့် ပညာမှာ ကကြီး၊ ကခွေး ပညာမဟုတ်။ “မကောင်းမြစ်တာ၊ ကောင်းရာညွှန်
လတ်” ဟူသည့် သိင်္ဂါလောဝါဒသုတ်လာ ဗုဒ္ဓလမ်းညွှန်ချက် ပညာမျိုးသာ အဓိကဖြစ်သည်။
ထို “မိဘပညာ” များအရ သားသမီးတို့အား မကောင်းသောအပြု၊ မကောင်းသော အပြော၊ မကောင်းသော
အကြံတို့ကို မပြုရန်၊ မပြောရန်၊ မကြံရန် တားမြစ်ရမည်။ အပြစ်ပြကာ ဆုံးမ၍ အမှန်းလမ်းပေါ်ရောက်စေရ
မည်။ ကာယကံ အကျင့်ကောင်း၊ ဝစီကံ အကျင့်ကောင်း၊ မနောကံ အကျင့်ကောင်းတွေ ရှင်သန်တိုးတက်
အောင် ပြုစုပျိုးထောင်ရမည်။
ဤနည်းဖြင့် မိဘသည် သားသမီးတို့ရင်၌ ချစ်ခင်စိတ်၊ ကြင်နာစိတ် ၊ ညှာတာစိတ်၊ စာနာစိတ်၊ ရဲစိတ်၊ စွန့်
စားစိတ်၊ စွန့်လွှတ်စိတ်၊ ဂါရဝစိတ်၊ နိဝါတစိတ်၊ စသော စိတ်ကောင်း စိတ်မြတ်များ ဖြစ်ထွန်းလာစေရမည်။
ဤသို့ဆောင်နိုင်သော စွမ်းရည်မျိုးကိုသာ တကယ့် မိဘပညာဟု ဆိုအပ်၏။ အတန်းပညာ တတ်၊ မတတ်ကို
မဆိုလို။
တကယ်တော့ လူသည်အခြားသော အတတ်ပညာ နည်းဗျူဟာတွေ၊ ဗဟုသုတတွေ ဘယ်လောက်တတ်
ထား တတ်ထား၊ ကျင့်ဝတ်စည်းကမ်း(ဝါ) စရဏပညာ မတတ်လျှင် အလကားဖြစ်သွားပေလိမ့်မည်။ စည်း
ကမ်းသည် လူ၏တန်ဘိုး။
သို့ဖြစ်၍ သားသမီးကို မိကောင်းဖခင် သားသမီးဖြစ်လာအောင် မွေးမြူလိုသော မိဘသည် ကိုယ်တိုင်က
လည်း လူ့ကျင့်ဝတ် လူ့ဝိနည်းများကို ကောင်းစွာ သင်ယူကျင့်သုံးရန် လိုအပ်ကြောင်းကို အထူးဆိုဖွယ် မ
လို။ မြတ်စွာဘုရားရှင်၏ ဆုံးမနည်းကိုရှုပါ။ မြတ်စွာဘုရားရှင်သည် မယဉ်ကျေးသူ နတ်လူ၊ ဗြဟ္မာ သတ္တဝါ
တို့ကို ယဉ်ကျေးအောင် ဆုံးမရာ၌ အတုမဲ့ ပြိုင်ဘက်ကင်းသူ ဖြစ်တော်မူ၏။ ဒါ ဘာကြောင့်လဲ။ ဘုရားရှင်
ကိုယ်တော် တိုင်က အသိဥာဏ်ဝိဇ္ဇာ အကျင့်စရဏတို့နှင့် ပြည့်စုံတော်မူခြင်းကြောင့်ပင် မဟုတ်လော။ ဤ
သည်ကို သားသမီးကို ယဉ်ကျေးအောင် လိမ္မာအောင် ဆုံးမလိုသော မိဘသည် ကိုယ်တိုင်က ယဉ်ကျေး
လိမ္မာအောင် ဆုံးမထားဖို့ လို၏။
မိဘနှင့်သားသမီး အရေးတွင် အရေးကြီးဆုံး အချက်တစ်ချက်မှာ မိဘနှင့် သားသမီး နှစ်ဦးနှစ်ဖက် တကယ့်
ကို အကျိုးလိုလားသည့် မေတ္တာတရား ထားရှိရန်ဖြစ်သည်။ မေတ္တာဆိုရာ၌လည်း မနောကံ မေတ္တာမျှ မ
ဟုတ်ဘဲ ကာယံမေတ္တာ၊ ဝစီကံမေတ္တာဖြင့် ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ရှိရန်လိုအပ်ပေသည်။
အနာထပိဏ် သူဌေးကြီး က သားအားဆုံးမပုံကို ကြည့်ပါ။ နာထပိဏ်သူဌေးကြီးသည် ဆိုးသွမ်း လူငယ်လေး
ဖြစ်နေသော သားကို နည်းပရိယာယ် အမျိုးမျိုးဖြင့် စည်းရုံး သိမ်းသွင်းကာ ရတနာသုံးပါးနှင့်ထိတွေ့စေသည်။
နောက်ဆုံး၌ သူတော်ကောင်း အဖြစ် ရောက်သွားစေခဲ့သည်။ဤသာဓကသည် မိဘက သားသမီးကို ကိုင်
တွယ်ဆုံးမရာ၌ အပြောမဟုတ်။ လက်တွေ့ကျကျ လုပ်ဆောင်သည့် သာဓက ဖြစ်သည်။
“တို့များဖြင့် သားကံသမီးကံ မကောင်းပါဘူး” ဟူ၍ ညည်းညူလက်မှိုင်ချနေသည့် မိဘများသည် အနာထ
ပိဏ် သားဆိုးချွတ်ခန်း(ဝါ)မေတ္တာလက်ဖြင့် တွဲခေါ်ခြင်း သင်ခန်းစာကို များစွာ အတုယူသင့်၏။ မိဘတို့မှာ
သားကောင်း သမီးကောင်း ရဖို့ အတိတ်ကံလည်း လိုသည်မှာ မှန်ပါ၏။
ကံမကောင်းပုံကို ပြောလိုက်ပါဦးမည်။ ကမ္ဘာကျော် အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီသည် အဘက်
ဘက်မှ ထူးချွန်သော်လည်း သားသမီးကံ မကောင်းလှဟု ဆိုရပေမည်။ ဂန္ဓီကြီးသည် တစ်ဖက်ရန်သူများက
ပင် ကြည်ညို လေးစားရသော ပုဂ္ဂိုလ်ကြီးဖြစ်ပေသည်။ သို့သော်တစ်နေ့တွင် ဂန္ဓီကြီးသည် လူပုံအလယ်တွင်
ဟာရီလားလ် ခေါ်သည့် သားတစ်ဦးက အရက်သောက်ပြီး ကလော်ဆဲသည်ကိုခံရရှာ၏။ ဤလိုအဖြစ်မျိုးတွေ
ကို မိဘအတော် များများ ကြုံဖူး၊ ကြားဖူးကြမည်သာပင်။ သားသမီးကံ ဆိုးကြသည်ပေါ့..
သို့သော် အတိတ်ကံမကောင်း၍ သားသမီးဆိုးနှင့် ကြုံရသည့်ပင် ဖြစ်စေဦးတော့။ မလျှော့သော စိတ်ဓာတ်
ဖြင့် ပစ္စုပ္ပန် ကံ ဥာဏ် ဝီရိယ အားကိုးဖြင့် မိမိတို့ သားသမီးကို မိကောင်းဖခင် သားသမီးဖြစ်အောင် ကြိုးစား
ရမည်။ သားသမီးတို့ လူ့ကျင့်ဝတ်၊ လူ့ဝိနည်း နားလည်၍ ကိုယ်ကျင့် စရဏ ကောင်းသော သားကောင်း
သမီးမွန်များ ဖြစ်စေရေးအတွက် လက်ဦးဆရာဖြစ်သော မိဘနှစ်ပါးမှာ များစွာ တာဝန်ရှိပါသည်။
အရှင်ဝိမလ၀ံသ
မှတ်ချက် ။ ။ ဦးဇင်းရဲ့ဘလော့ဖြစ်တဲ့ ၀ိရဓမ္မ ဘလော့တွင်လည်းသွားရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
အားပေးတွားတယ်။
ReplyDeleteမိကောင်းဖခင် သားသမီးများ ဖြစ်ရန်မှာ ငွေတွေ ကြေးတွေ ပေါများခြင်း၊ အခြေကြီးအနေကြီး နေရခြင်းတို့
ကို လိုအပ်သည်မဟုတ်။ တစ်ဖက်ရပ်တဲကလေးမှာ နေရသော ဆင်းရဲသားတို့၏ သားသမီးတို့သည်လည်း
မိကောင်း ဖခင် သားသမီးများဖြစ်နိုင်ကြသည်။ အကျင့်ကောင်းဖို့သာ လိုသည်......((( အပြည့်အဝ ထောက်ခံသွားတီ)))
မိကောင်းဖခင်ဖြစ်ဖို့ ကြိုးစားရဦးမည်လော။
သားသမီးဘဝကို ကျော်လွန်လာပြီမို့.....
မကြီးလွမ်း
တရားကိုရှေ့တန်းထားပြီး
ReplyDeleteလူလောကနဲ့
လူးလောက လေးတွေအကြောင်းမျှဝေပေးလို့
ကျေးဇူးပါ ကိုရာဇာရေ
ဟုတ်ကဲ့ပါကိုယ်တိုင်းလည်းကောင်းအောင်နေပါမယ်..
ReplyDeleteကလေးတွေကိုလည်းတန်ဖိုးရှိအောင်ဆုံမပါမယ်..
အခုလိုတင်ပေးတဲ့ အာကိုကြီးကိုလည်းကျေးဇူးတင်ပါတယ်..:D
တရားသဘောလေးတွေအခြေခံပြီး မှတ်သားဖွယ်ရာ သတိပေးစာလေးတွေကို
ReplyDeleteဖတ် မှတ်သွားတယ် မောင်ရာဇာရေ။ မောင်ရာဇာညွှန်းတဲ့ ဦးဇင်းဘလော့လည်း အသစ်တင်တိုင်းရောက်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်