ထဲ ကျေနပ်မှုမရှိသော ခံစားချက်အချို့ကိုစာရေးသူအားလျှောက်ထား၏၊ အထူးအဆန်း
တော့မဟုတ်၊ခုခေတ် မိသားစုပြဿနာလူမှုပြဿနာပေါင်း သောင်းခြောက်ထောင် ထဲ
က တစ်ခုသာဖြစ်ပါ၏။
`ယနေ့ခေတ်လူငယ်တွေနဲ့ နေထိုင်ရတာ အတော် ကသိကအောင့် ဖြစ်ရတယ်၊ သူတို့
ကသူတို့ သဘောချည်းဖြစ်ချင်တော့ လူကြီးတွေကိုဘေးဖယ်လာ ကြတယ်၊ဘေး ဖယ်
တော့လည်း ဂုဏ်သိက္ခာရှိရှိမဖယ်ကြဘူး၊ အဘိုးကြီး အဖွားကြီး သုံးမရတဲ့ပုံမျိုး၊ သူ တို့
က ဘယ်လောက်သိနေကြလို့လဲ၊ တကယ်ဆိုတပည့်တော်တို့က မွေးထုတ်လိုက်လို့ လူ့
ဘ၀ရောက်လာကြတဲ့ ကလေးတွေပဲ၊ ကိုယ်မွေးထားတဲ့ မျောက်ကကိုယ့်ပြန်ခြောက်နေ
တာကို ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး ကိုယ်တော်´
ဒေါနဲ့မောနဲ့ (ဒေါသနဲ့မောဟ) ပြောနေသော အဘိုး၏စကားကို နားထောင်ပြီး စာ ရေး
သူက ပြုံးလိုက်ပါ၏။ ထိုသို့ပြုံးပြုံးကြီးလုပ်နေသည်ကိုကျေနပ်ဟန်မရှိသောအဘိုးက
အဘိုး။ ။ကိုယ်တော်က ဘယ်နှယ့် ပြုံးပြုံးကြီးလုပ်နေတာလဲ၊ တပည့်တော် တို့လို
လူကြီးတွေဘက်က စစ်ကူရမလားလို့ ကိုယ်တော်ကိုလျှောက်တာ။
စာရေးသူ။ ။ လူငယ်နဲ့လူကြီး စစ်ပွဲဖြစ်နေပြီလား- အဘိုးရဲ့။
အဘိုး။ ။ ကိုယ်တော်ကလဲ စကားကပ်နေပြန်ပါပြီ၊ စစ်ပွဲတော့ ဘယ်ဖြစ်ပါ့မ လဲ၊
ပြဿနာဖြစ်နေတဲ့သဘောကိုပြောတာပါ။
စာရေးသူ။ ။ အင်း - လူကြီးတွေကလဲ `ငါမွေးထားတဲ့သားပဲ၊ ငါမွေးထားတဲ့ သမီးပဲ
ငါခိုင်းတာလုပ်၊ ငါမေးတာဖြေ၊ ငါပေးတာယူ၊ ငါကျွေးတာစား၊ ငါထားသလိုနေ´ဆို တဲ့
မာန်မာနတွေ ထားနေကြသရွေ့ လူငယ်တွေဘက်ကလည်း `အဖေ့ထက် သား တစ်
လကြီး´ဆိုတဲ့ပုံစံမျိုးနဲ့ လူလည်ကြီးလုပ်နေကြသရွေ့ ဒီပြဿနာပြေလည်ဖို့မလွယ်ဘူး
လို့ ထင်တယ်၊လူကြီးကလည်း လူကြီးအလျှောက်၊လူငယ်လည်း လူငယ်အလျှောက်
လောကကြီးကိုတစ်ဖက်တစ်လမ်းက ကျေးဇူးပြုနေကြတာပဲလို့ နှစ်ဦးနှစ်ဘက်လုံးက
ဗြဟ္မစိုရ်အမြင်နဲ့ မြင်နိုင်ကြပါမှ ဒီပြဿနာအဆင်ပြေလိမ့်မယ်၊ လူကြီးတွေဟာလူငယ်
တွေအတွက် အမြဲတမ်းမရှိမဖြစ်လိုအပ်ချက်ဖြစ်နေဖို့လိုသလို လူငယ်တွေကလည်း လူ
ကြီးတွေအတွက် အမြဲတမ်းမရှိမဖြစ်လိုအပ်ချက်ဖြစ်နေဖို့လိုတယ်၊ လူကြီးနဲ့လူငယ်နှစ်
ဘက်လုံး အချင်းချင်း လူပိုလို့ မမြင်ကြရင် ဒီပြဿနာပြေလည်မှာပါ။ လူ့ဘ၀ရဲ့လိုအပ်
ချက်ဟာ လူပဲဖြစ်စေရမယ်အဘိုးရဲ့။
အဘိုး။ ။အို-ကိုယ်တော် အတွေးအခေါ်လေး ဘယ်ဆိုးလို့တုန်း၊ လူတစ်ယောက်ရဲ့
တန်ဖိုးဟာ အတော်ကြီးမားတယ်ပေါ့နော်။ အဲဒါကြောင့် မေတ္တသုတ်မှာ မေတ္တာပို့နည်း
(၁၁)နည်း အနက် နောက်ဆုံး(၃)နည်းအရ မေတ္တာပို့တဲ့အခါ-
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ ဆိုပြီး လူသားအချင်းချင်းတန်ဖိုးထား
ဖို့နဲ့ မေတ္တာထားဖို့ ဗုဒ္ဓဘုရားရှင်က လမ်းညွှန်ခဲ့တာပေါ့ နော် ကိုယ်တော်။
စာရေးသူ။ ။ သိပ်ဟုတ်တာပေါ့ လူအချင်းချင်း အကောင်းမြင်ဝါဒရှိကြဖို့ တစ်ဦးအကျိုး
ကို တစ်ဦးက လိုလိုလားလားရှိကြဖို့ သိပ်အရေးကြီးတယ်လေ။
အဘိုး။ ။ ဒါနဲ့ လူပိုဆိုတာ ဘာကိုဆိုလို တာလဲ ကိုယ်တော်။
စာရေးသူ။ ။ မိသားစုအတွက် အဖွဲ့အစည်း တစ်ခုအတွက် ကိုယ့်နိုင်ငံအတွက် အသုံးမ
တဲ့လို့ မလိုအပ်တော့လို့ ပိုနေတဲ့လူကို လူပိုလို့ခေါ်တယ်။
အဘိုး။ ။ လိုအပ်နေသောလူလား ပိုနေသောလူလားဆိုတာ ဘယ်လိုစစ်တမ်း ထုတ်
မလဲ ကိုယ်တော်။
စာရေးသူ။ ။ အဘိုးအချိန်ရတယ်နော် အချိန်ရရင်တော့ ဗုဒ္ဓဘုရားရှင်ဟော် တော်မူခဲ့
တဲ့ အင်္ဂုတ္တရနိကာယ်၊ စတုက္က နိပါတ်က ပတောဒသုတ္တန်နဲ့ ညှိပြီးစစ်တမ်းထုတ် ပြမယ်။
အဘိုး။ ။ အချိန်ရပါတယ်ကိုယ်တော် အမိန့်ရှိပါ။
စာရေးသူ။ ။ လောကမှာ မြင်းလေးမျိုးရှိတယ်တဲ့ အဘိုးရဲ့၊အချို့သောမြင်းက သခင် ၀ံ့ပြလိုက်သော နှင်တံအရိပ်အယောင်မြင်လိုက်ရသည်နှင့်တပြိုင်နက် အရှင့် အ လိုကျ
ဆောင်ရွက်တတ်တယ်တဲ့၊ အဲဒီမြင်းမျိုးကို ပထမတန်းစားမြင်း၊ အဆင့်(၁)မြင်းလို့
မှတ်ခဲ့နော်။
အချို့သောမြင်းက နှင်တံအရိပ်အယောင်မြင်ယုံနဲ့ ဘာမှမထူးခြားဘူး၊ အရှင်သခင် က
နှင်တံဖြင့်ဖြစ်စေ လက်ဖြင့်ဖြစ်စေ အမွှေးအမျှင်တွေကို ပွတ်သတ်လိုက်မှ ထိုးဆွလိုက်
မှ အရှင်သခင်အလိုကျလိုက်နာ ဆောင်ရွက်တတ်တယ်တဲ့၊ အဲဒီမြင်းမျိုးကို ဒုတိယ
တန်းစားမြင်း အဆင်(၂)လို့ မှတ်ခဲ့ပါ။
အချို့သောမြင်းက နှင်တံအရိပ်အယောင်မြင်ရုံနဲ့ ဘာမှမထူးခြားဘူး၊ အရှင်သခင် က
နှင်တံဖြစ်စေ၊ အမွှေးအမျှင်ပတ်သတ်ပေမဲ့လည်း မတုန်လှုပ်၊ သို့သော် သွေးစို့ရုံ အ
သားပေါက်အောင် ထိုးလိုက်ရင်တော့ ကိုယ့်အသားနာကျင်ပြီဖြစ်တဲ့အတွက် အရှင်
သခင်အလိုကျ လိုက်နာဆောင်ရွက်တယ်တဲ့၊ အဲဒီမြင်းမျိုးကိုတော့ တတိယတန်းစား
မြင်း အဆင့်(၃)လို့ မှတ်လိုက်ပါ။
အချို့သောမြင်းက နှင်တံပြလည်းမလှုပ် အမွှေးအမျှင်ပွတ်သပ်လည်းမလှုပ်၊ သွေး ထွက်
အောင် အသားပေါက်အောင် ထိုးနှက်လည်းမလှုပ် နှင်တံထိပ်မှာ သံချွှန်နဲ့အရိုး ခိုက်
အောင်ခပ်နာနာလေးထိုးစိုက်လိုက်မှ အရှင်သခင်အလိုကျ ဆောင်ရွက်တယ်တဲ့၊
အဲဒီမြင်းမျိုးကိုတော့ စတုတ္ထတန်းစားမြင်း အဆင့်(၄)မြင်းလို့ မှတ်ပါ။
အဘိုး၊ မြင်း(၄)မျိုးစုံသွားပြီနော်၊ အဲဒီမြင်းတွေကို ဗုဒ္ဓဘုရားရှင်က ဘာပဲဖြစ်ဖြစ် အရှင်
သခင်ခိုင်းတာလုပ် အရှင်သခင်အလိုကျ ဆောင်ရွက်တတ်တဲ့ အတွက် အာဇာ နည်မြင်း
မြင်းကောင်းတွေလို့သတ်မှတ်ထားတယ်၊ သခင့်အတွက်လိုအပ်နေဆဲ အသုံး ကျနေဆဲ
မြင်းတွေပေါ့။
အဲလိုပဲ လောကမှာလူ(၄)မျိုးရှိတယ်တဲ့ …………
အချို့သောလူသည်`ဤမည် ဤမြို့မည်သော မြို့ ရွာ လမ်း၌၊ ဤမည် ဤမည်
သော မိန်းမသည်လည်းကောင်း၊ ယောက်ျားသည်လည်းကောင်း ဒုက္ခရောက်နေသ တဲ့၊
သေ ဆုံးသွားသတဲ့´လို့အသံကြားရရုံနဲ့ ငါလည်းတစ်နေ့သေမှာပါလားလို့ သတိသံဝေဂ
ကြီးစွာရပြီး ဘုရားရှင်လမ်းညွှန်သည့်အတိုင်း ကျင့်ကြံကျိုးကုတ်အားထုတ်၏၊ အမှန်တ
ရားကို ရှေ့ရှု၏၊ ပညာဖြင့် အရာရာကိုသဘောပေါက်၏၊ သိမြင်၏တဲ့၊ အဲဒီလူမျိုးကတော့ အဆင့်(၁)လူတန်းစားပါပဲ၊ နှင်တံမြင်ယုံနဲ့ ခိုင်းတာလုပ်တဲ့မြင်းမျိုး သတင်းစ ကားကြား
ရယုံနဲ့ သတိသံဝေဂရသွားတဲ့လူပေါ့။
အချို့သောလူကတော့ အနိဋ္ဌာရုံသတင်း နာရေးသတင်း စကားတွေကြားရရုံနဲ့ တော့
ဘာမှဖြစ်မလာဘူး၊ သို့သော်ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်မြင်တွေ့လိုက်ရသောအခါမှာ သတိသံဝေဂရတတ်ကြပါတယ်၊ သူကတော့ အဆင့်(၂)လူတန်းစားပေါ့။
အချို့သောသူက အနိဋ္ဌာရုံသတင်း နာရေးသတင်း တွေ နေ့စဉ်နဲ့အမျှကြားရပေမဲ့လည်း
သံဝေဂမရ၊ ကိုယ့်မျက်စိအောက်မှာ တွေ့မြင်လိုက်ရပေမဲ့လည်း သံဝေဂမရ၊ သို့ သော်
ကိုယ့်သွေးသားထဲက ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်ပျက်စီးဆုံးရှုံး သွားပြီ
ဆိုတဲ့ အခါမှာ သံဝေဂရတတ်ပါတယ်တဲ့၊ သူကတော့ အဆင့်(၃)လူတန်းစားပေါ့။
အချို့သောလူက အနိဋ္ဌာရုံသတင်း နာရေးသတင်းတွေကြားရုံနဲ့လည်း သံဝေဂမရကိုယ်
တိုင် အနိဋ္ဌာရုံမြင်ကွင်းတွေကို တွေ့မြင်ရသော်လည်းသံဝေဂမရ ကိုယ်သွေးသားကိုယ့်
မိသားစုထဲက တစ်ယောက်ယောက်ပျက်စီးဆုံးရှုံးသွားတဲ့အခါမှာလည်း သံဝေဂ မရ၊
သို့သော် ကိုယ်တိုင်အလွန်ခံရခက်တဲ့ ရောဂါဝေဒနာဆိုးတွေနဲ့ကြုံရတဲ့ အခါမှာ တော့ သံဝေဂရတတ်ပါတယ်တဲ့၊ သူကတော့အဆင့်(၄)လူတန်းစားပေါ့၊ အဲဒီလူ(၄)မျိုး ကို
ဘယ်အခြေအနေကျမှ သတိသံဝေဂရရ သူတို့ဟာသံဝေဂရသွားကြတဲ့အတွက်
အာဇာနည်လူသား၊ လူတော်လူကောင်း လို့ ဘုရားရှင်က သတ်မှတ်တော်မူ
တယ်၊ မြင်း ကောင်း(၄)မျိုးနဲ့ လူတော်လူကောင်း(၄)မျိုး ဆက်စပ်မိတယ်နော်။
အဘိုး။ ။ မှန်ပါ၊ ဆက်စပ်မိပါတယ်၊ တပည့်တော်သိချင်တဲ့ လူပိုဆိုတာကို လည်း
ရှင်းပြပါအုံး ကိုယ်တော်။
စာရေးသူ။ ။ ဟုတ်ပါပြီ ရှင်းပြပါ့မယ်အဘိုး နားထောင်နော်၊………..
မြင်း(၄)မျိုးထဲမှာ အကျုံးမ၀င်တဲ့ မြင်းမျိုးဆိုပါတော့ နှင်တံလည်းပြမရ၊ အမွှေ အ
မျှင်ပွတ်သပ်လည်းမလှုပ်၊ အသားထဲပေါက်အောင်ထိုးလည်း အရေးမစိုက်၊ အရိုး ခိုက် အောင်ထိုးပါသော်လည်း ပေတေတေကပ်တီကပ်ဖဲ့လုပ်နေတဲ့မြင်းမျိုးကိုဘယ်
လိုမြင်း လို့သတ်မှတ်မလဲအဘိုး ပြောကြည့်ပါအုံး။
အဘိုး။ ။ မြင်းပို မြင်းဖျင်းအသုံးမကျတော့တဲ့မြင်း သုံးမရတော့တဲ့မြင်းလို့ သတ်
မှတ်ရမှာပါ။
စာရေးသူ။ ။ အဲလိုပဲ အဘိုးရဲ့၊ သေသေချာချာနားထောင်နော်၊ စောစောက ပြောခဲ့
တဲ့ လူ(၄)မျိုးထဲမှာမပါဝင်တဲ့ လူမျိုး။
(၁) အနိဋ္ဌာရုံသတင်းစကားတွေ ခဏခဏ ကြားနေရပါသော်လည်း သံဝေဂမရ၊
(၂) အနိဋ္ဌာရုံမြင်ကွင်းတွေကိုမိမိကိုယ်တိုင်တွေ့မြင်နေရပါသော်လည်းသတိ သံဝေဂမရ၊
(၃) ကိုယ့်မိသားစုထဲက တစ်ယောက်ယောက် ဆုံးရှုံးပျက်စီး သွားပါသော်လည်း
သတိသံဝေဂမရ၊
(၄) နောက်ဆုံး မိမိကိုယ်တိုင် ရောဂါပေါင်းစုံနဲ့ မထနိုင်လောက်အောင် ဖိစီးနှိပ်စက်ခံရ
၍ အိပ်ရာထဲလဲနေပါသော်လည်း သတိသံဝေဂမရနိုင်သေးတဲ့ လူတွေမရှိဘူးလား အဘိုး။
အဘိုး။ ။ ဟာ…….ရှိတာပေါ့ ကိုယ်တော် အများကြီးပဲ။
စာရေးသူ။ ။ ဒါဆိုအဲဒီလို လူမျိုးကို ဘယ်လိုအမည်တပ်မလဲ အဘိုး။
အဘိုး။ ။ အင်း……………ကိုယ်တော်ပြောသလိုဆို လူပို လူဖျင်း အသုံးမကျတဲ့ သူ သုံး
မရတဲ့လူလို့ပဲ အမည်တပ်ရတော့မှာပေါ့။
စာရေးသူ။ ။ လူပို ဆိုတာ အဲဒီလိုလူပဲပေါ့ အဘိုးရ။
အဘိုး။ ။ မှန်ပါ နားလည်ပါပြီကိုယ်တော်ဟိုကမြင်းပို ဒီကလူပိုဟုတ်တယ် မဟုတ်လား။
စာရေးသူ။ ။ ဟုတ်ပါတယ် ဒါနဲ့ အဘိုးကိုမေးခွန်းတစ်ခုထပ်မေးချင်သေးတယ်၊ အဘိုး
အိမ်မှာ အသုံးမကျတဲ့မြင်းတစ်ကောင် မြင်းပိုတစ်ကောင်ရှိနေမယ်ဆိုရင် အဘိုးအ နေနဲ့
အဲဒီမြင်းကို ဘာလုပ်ပစ်မလဲ။
အဘိုး။ ။ အို……….. ကိုယ်တော်ကလည်း သုံးမရတော့ဘူးဆိုမှတော့ သား သတ်သ မားတွေဆီ ရောင်းပစ်မယ်၊ ဒါမှမဟုတ် ၀ယ်မဲ့သူမရှိရင်လည်း သတ်ပစ်မှာပေါ့ ကိုယ်
တော်၊ မြင်းတင်းကုတ်မှာအရှုတ်ခံပြီးထားမနေနိုင်ပါဘူး၊ နေရာပုတ်တယ်၊ ခြေရှုတ်တယ်၊
မြင်းစာကုန်တယ်၊ မြေလေးတယ်။
စာရေးသူ။ ။ ဟုတ်ပြီ ကျေနပ်ပြီ၊ အဘိုးအိမ်မှာ သုံးမရတဲ့ လူပိုတစ်ယောက် ရှိနေမယ်
ဆိုရင်ကော။
အဘိုးအို။ ။ ရောင်းပစ်မယ် သတ်ပစ်မယ် ကိုယ်တော်၊ အရှုတ်ခံပြီးထားမနေ နိုင်ပါဘူး၊ ဆန်ကုန်တယ်မြေလေးတယ်။
အိုး………ရှုတ်ကုန်ပါပြီ ကိုယ်တော်၊ မြင်းနဲ့လူနဲ့ရောကုန်ပြီ၊ကိုယ်တော့် လူက ရောင်းရ သက်ရအောင်လည်း မြင်းမဟုတ်တော့ခက်နေပြီ။
စာရေးသူ။ ။ အမယ်-လူပိုကြီးကိုမှ ကိုယ်တော့်လူ မလုပ်ပါနဲ့၊ကျောင်းမှာရှုပ်ပါ
တယ်၊ မကောင်းကျောင်းပို့ ဘုန်ကြီးရင်ထဲဆို့ ဖြစ်နေပါအုံးမယ်၊ အဲဒါပဲ အဘိုးရဲ့၊
လူမှု ပြဿနာအချို့ဟာ လူပိုတွေကြောင့် ဖြစ်နေရတာ၊ ကိုယ်ကလူပိုဖြစ်နေရင်တော့
ကိုယ့် သားသမီးကအစ ကိုယ့်ကိုရောင်းချင်နေမှာ သေစေချင်မှာ သေချာတယ်၊ ကိုယ့်
အလုပ် ကိုယ်လုပ်ရင်း ကိုယ်ဟာ လူပိုတစ်ယောက်မဖြစ်အောင် နေတတ်ရင် ပတ်ဝန်း
ကျင်က ကိုယ့်ကိုလိုအပ်နေမှာပါ။
အဘိုး။ ။ အင်း-ဒီသဘောထိ တပည့်တော်မတွေးမိဘူး၊ ငါလူကြီးဆိုပြီး ငါတကော
ကောနေရင်လဲလူပိုဖြစ်တတ်တယ်၊ နေရာတကာဝင်ပါရင်လဲလူပိုဖြစ်တတ် တယ်၊နောက်
ဆုံးတော့ တရားအသိမရှိရင် လူပိုဖြစ်တတ်တယ်ဆိုတာ တပည့်တော် သဘောပေါက်ပါပြီ ကိုယ်တော်၊ ပြန်ခွင့်ပြုပါအုံး၊ ကျေးဇူးအထူးတင်ပါတယ်ဟု လျှောက် ထားကာ အဘိုးသည်
စာရေးသူအား ဦးချကန်တော့ကာ အိမ်သို့ပြန်သွားလေ၏။ အဘိုး၏ အိမ်အပြန် ခရီးသည်
ကား`ငါသာ လူပိုမဟုတ်လျှင် အိမ်က ကလေးတွေနဲ့ အဆင်ပြေရမည်ဧကန်၊ လူငယ်လူ
ကြီး သူ့တာဝန်နဲ့သူ သူ့အသိနဲ့သူ လုပ်ကိုင်နေကြပါ လျှင် လူပိုဆိုတာမရှိတော့၊ လူပိုမရှိ
လျှင် လူမှုပြဿနာတစ်ဝက်သာသာ ပြေလည်သွား ပြီ၊ လူကြီးကလည်း လူငယ်ကိုမျက်
စောင်းထိုးစရာ အကြောင်းမရှိ၊ လူငယ်ကလည်း လူကြီးကို အရိုအသေတန်စရာမလို၊ လူ ကြီးနှင့်လူငယ်``ကိုင်းးကျွန်းမှီကျွန်းကိုင်းမှီနေ နိုင်ပြီ´´ဟုတွေးကာ စိတ်ပေါ့ပါးသွားမည်
ဟု စာရေးသူ၏စိတ်ထဲ၌ ယုံကြည်မိပါ၏။
လူငယ်များကိုလည်း တစ်ခုတော့ သတိပြုစေချင်ပါ၏၊လူငယ်ဟူသမျှသည် နောင် အချိန် လူကြီးလူအို ဖြစ်ရမည်မှာ သေချာ၏၊ မိမိတို့ လူကြီးဖြစ်ချိန်၊ မိမိတို့ အိုမင်းရင့် ရော်ချိန်၌ မိမိတို့ကို ပြုမူဆက်ဆံ စေချင်သည့်အတိုင်း လက်ရှိအချိန်ဝယ် လူကြီးလူအို များအပေါ်
ပြုမူဆက်ဆံဖို့ အရေးကြီး၏၊ ကိုယ်ကျတော့ အကောင်းချည်းကြိုက်၊ အ ကောင်းချည်းဖြစ်
ချင်နေပြီး သူများ အပေါ်ကျတော့ မကောင်းနိုင်ဘူဆိုလျှင် သဘာဝမ ကျပါချေ၊ ထိုသူမျိုး
ကို ကောင်းတာလုပ်မှ ကောင်းကျိုးရ၏။ မကောင်းတာလုပ်က မ ကောင်းကျိုးရ၏
ဟူသော ကံတို့၏ ထုံးစံသဘော၊ ဓမ္မတို့၏ ထုံးစံသဘောဖြစ်သော ကမ္မ နိယာမ ဓမ္မနိယာ မ ဖြစ်စဉ်ကိုဆန့်ကျင် နေသူပင်ဖြစ်၏၊ ဆန့်ကျင်ပါများက တစ်နေ့သော အခါ၌ ကံနှင့်ဓမ္မ
တို့က မိမိကိုဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းပစ်မည်ကို အထူး သတိ ပြုမိကြဖို့လို၏၊ ထို့
ကြောင့် ယနေ့ခေတ်လူငယ်များ အနေဖြင့် လူကြီးမိဘ၊ သက်ကြီးရွယ် အိုတို့ကို
ရိုသေလေးစား တန်ဖိုးထားတတ်ဖို့ မြတ်နိုးတတ်ဖို့ လိုအပ်ပါ၏။
ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်က အသီတိ မဟာသာဝက(တပည့်ကြီးရှစ် ကျိတ်)တွင်
အပါအ၀င် ရှင်လကုဏ္ဍက ဘဒ္ဒိယ ဟု အမည်တွင်သော ရဟန္တာအရှင်သူ မြတ်တစ်ပါးရှိ၏၊ ထိုအရှင်၏ပုံသဏ္ဍာန်သည် အရပ်အားဖြင့်ပုကွ၏၊ ကိုယ်လုံးကိုယ် ထည်ကလည်းသေး၏၊မ
သိသူများက ကိုရင်လေးတစ်ပါးဟုထင်မှတ်၏၊ အချို့သော ရဟန်းသာမဏေများက ကစား
စရာအရုပ်ကလေး ဟုသဘောထားကာ ထိပ်ပုတ်၊ ခေါင်း ပုတ်၊ နှာခေါင်းဆွဲ၊ နားရွက် ဆွဲ
သင်္ကန်းစဆွဲကာ စကြနောက်ကြ ပြောင်ကြလှောင်ကြ မထိလေးစားပြုမူကြ၏၊ အရှင်သူ
မြတ်က ရ ဟန္တာဖြစ်၍သီးခံနိုင်သောလည်း မြင်တွေ့ နေရသည့်မြင်ကွင်းက လောကအ
လယ်မတင့်တယ်သော မြင်ကွင်းဖြစ်၏၊ ရဟန္တာကြီး တစ်ပါး လူကြီးတစ်ယောက်ကို မထီ
လေးစား လုပ်နေသော အပြု့အမူအကျင့်စရိုက် သည် ကူးစက်ရောဂါတစ်ခုအနေဖြင့် လူအများထံသို့ကူးစက်သွား ပါ က လောကြီးတစ်ခု လုံး အရုပ်ဆိုးအကျဉ်းတန်နိုင်၏၊ ထို
အနာဂတ်အရေးကို ကြိုတွေးမိသိမြင်တော်မူသော ဘုရားရှင်သည် တစ်နေ့သောအခါ
ရဟန်း သာ မဏေတို့အား အဆုံးအမသြ၀ါဒပေး တော်မူ၏။
ရဟန်းတို့ သင်တို့သည် လကုဏ္ဍကဘဒ္ဒိယထေရ်ကို မထီလေးစားမပြု့လုပ်ကြ နှင့်၊ ထို
မထေရ်သည် ငါဘုရား၏သာသနာတော်၌ ထင်ရှားသော ဓမ္မကထိကတစ်ပါးဖြစ် ၏၊ ရဟန်းတစ်ပါးလည်းဖြစ်၏၊ သူ၏အတိတ်ဘ၀ကပြု့ခဲ့သော အကုသိုလ်ကံကြောင့်ဤ
ဘ၀၌ အများတကာ၏ မထီလေးစားစော်ကားမှုကိုခံခြင်းဖြစ်၏၊ သင်တို့သည် အကု သိုလ်အမှုကို ပြုသူအသစ် အမွေဆက်ခံသူမဖြစ်ကြလေနှင့်။
ရဟန်းတို့ သင်တို့၏နောက်ပြောင်ကျီစယ်မှုကိုခံရသော လကုဏ္ဍကဘဒ္ဒိယမထေရ် သည် ရှေးရှေးကာလအတိတ်ဘ၀တစ်ခုက ဗာရာဏသီပြည်၌ နိုင်ငံအကြီးအကဲ နိုင် ငံ ခေါင်းဆောင်မင်းတစ်ပါးဖြစ်ခဲ့၏၊ ထိုမင်းသည်အိုခြင်းသဘောကိုမနှစ်သက်အိုသွား
သည့် အရာမှန်သမျှကို မကြည့်ချင် မမြင်ချင်၊ ထို့ကြောင့် လကဏ္ဍကဘဒ္ဒိယလောင်
လျာ ဖြစ်သော ထိုမင်းသည် ဆင်အို မြင်းအို ကျွဲနွားအိုစသော တိရစ္ဆာန်တို့ကိုတွေ့လျှင်
အဝေး သို့ရောက်အောင်နှင်ထုတ်စေ၏၊ အဘိုးအိုကိုတွေ့လျှင်လည်း မြေပြင်တွင်ကျွမ်း
ထိုးစေ၏ အဖွားအိုတွေ့လျှင် တွန်းလှဲစေ၏။ လှည်အို ရထားအိုတွေ့လျှင် ဖျက်ဆီးစေ၏၊
အိုခြင်းကို မနှစ်သက်သောကြောင့် ထိုမင်းသည် အိုသောအရာဝတ္ထုများကို ကလေးက
စားစရာ အရုပ်သဖွယ် သတ်မှတ်၏၊ သူလုပ်ချင်သလိုလုပ်နေ၏၊ သူပြု့သမျှ နုကြရသော
အဖိုးအို အဖွားအိုများကိုကြည့်၍ အပျော်ကြီးပျော်နေတတ်၏။
ဣဿရာနုဝတ္တကော ဟိ လောကော - လောကသည် အစိုးရသူ သူတို့၏နောက်
လိုက်ဖြစ်၏၊ ဟူသော စကားနှင့်အညီ မင်း၏ နောက်လိုက် မင်းအကြိုက်ကိုသိနေသော ၀န်ကြီး ၀န်ငယ် အမတ်ကြီး အမတ်ငယ် အသွယ်သွယ်တို့ကလည်း လက်ခုတ်လက်ဝါး
တီး၍ အားပေးကြ၏၊ အတုလိုက်ကာပြုမူကြကုန်၏၊ ထိုနိုင်ငံ၌နေထိုင်သူအများပြည်သူ
တို့သည် မင်း၏လုပ်ရပ်ကြည့်၍ ယိုသူမရှက် မြင်သူရှက်ဖြစ်နေရသောကြောင့် မိမိတို့၏
မိအို ဖအိုတို့ကို အခြားတိုင်းတစ်ပါးတိုင်းပြည်သို့ ပို့ထားကြရကုန်၏၊ ထိုနိုင်ငံအတွင်း၌ လူ
ကြီးမိဘ သက်ကြီးရွယ်အိုများ မရှိရတော့ကား ကြီးသူကိုရိုသေလေးစားခြင်း မိဘကို ပြုစု
လုပ်ကျွေးခြင်း ဟူသောကိုယ်ကျင့်တရားတို့သည် ပျောက်ကွယ်ပျက်စီးလေ၏၊ ကြီး သူတို့
ကို မထီလေးစားစော်ကားခြင်း မိဘတို့ကိုပစ်ပယ်ထားခြင်း ဟူသော အဓမ္မတရား သည်
သာ ထွန်းကားလေ၏၊ ထိုအခါ`အဓမ္မော နိရယံ နေဘိ´ အဓမ္မသည် အပါယ်လေး
ဘုံသို့ ပို့ဆောင်၏၊ ဟူသည်နှင့်အညီ သေဆုံးသူအများစုသည် အပါယ်ဘုံသို့ရောက်ရ
ကား အပါယ်ဘုံ၌ သတ္တ၀ါတို့သည် ပြည့်နှက်နေ၏၊ နတ်ပြည်၌ကား နတ်သားနတ်သမီး
ဦးရေလျော့ပါး၍ ခမ်းခြောက်ခြောက်ဖြစ်လာ၏။
ထိုအချေအနေကို သတိပြုမိသော သကြားမင်းသည် အဘယ့်ကြောင်နတ်ပြည်တွင်နတ်
သား နတ်သမီးဦးရေလျော့နည်းနေရသနည်း ဟု ဆင်ခြင်ကြည့်လိုက်ရာ လူ့ ပြည်ရှိ လ ကုဏ္ဍကဘဒ္ဒိယလောင်းလျာ မင်းဆိုးမင်းယုတ်မာကြောင့် ဟု့အကြောင်းအ ရင်းကိုသိရ
သိရသည့်အတွက် ထိုမင်းကိုဆုံးမရန် မိမိကိုယ်ကို လူအိုသဏ္ဍာန်ဖန်ဆင်း၍ လှည်းအို
နွားအိုတို့ကိုအသုံးပြုကာ လှည်းအိုပေါ်၌ ရက်တက်ရည်အိုးနှစ်လုံးတင်ပြီးလျှင် လူ့ပြည်
သို့ဆင်းခဲ့၏၊ လကုဏ္ဍကဘဒ္ဒိယလောင်းလျာ ဗာရာဏသီမင်းတစ်ပါးတည်းမြင် တွေ့စေ
ရန် အဓိဋ္ဌာန်၍ ထိုမင်း၏ရှေ့သို့ရောက်အောင် မောင်းနှင်၏၊ လူအိုနှင့်လှည်းအို နွားအို တို့ကိုအပြိုင်နက်တည်းတွေ့မြင်လိုက်ရသော ဗာရာဏသီမင်းသည် အလွန်ပင် စိတ်
ဆိုးမာန်ဆိုးဖြစ်ကာ မင်းမှုထမ်းယောက်ျားတို့အား ဖမ်းဆီးနှိပ့်စက်ဖို့စေခိုင်းပါသော်
လည်း မည်သူမျှမတွေ့မမြင်ကြ၊ သူတစ်ဦးတည်းသာတွေ့မြင်ရကား သဲကြီးမဲကြီးဖြင့် လိုက်လံဖမ်းဆီးဖို့ကြိုးစားလေ၏။
ထိုအခါ သိကြားအိုသည် လှည်းကိုရပ်တန့်ပြီး မင်း၏ဦးခေါင်းထက်၌ ရက်တက် ရည်
အိုးတစ်လုံးကိုမှောက်ချလေ၏၊ ထပ်မံလိုက်လာပြန်သောအခါ ဒုတိယရက်တက်ရည်
အိုးတစ်လုံးကို သွန်ချလိုက်ပြန်၏၊ ဗာရာဏသီမင်းသည် ဦးခေါင်းမှစ၍ တစ်ကိုယ်လုံး ရက်တက်ရည်တို့ဖြင့်ရွှဲရွှဲစိုသွား၏၊ ထို့ကြောင့်ကိုယ့်ကိုကိုယ်ရှက်လည်းရှက်သွား၏၊ တ
သက်လုံးလူအိုတို့အပေါ်တွင် အနိုင်ယူခဲ့ပါလျှက် ဤအဘိုးအိုနှင်ကျမှ ငါအရှုံးပေးရ
လေ၏၊ဟု တွေးကာကြောက်စိတ်လည်းဝင်လာ၏၊ ထိုအခါ အဘိုးအိုဟန်ဆောင်ထား
သော သိကြားမင်းသည်မှတ်သားလောက်အောင်ဆုံးမပြီးမှ ကိုယ်ထင်ပြကာ ၀ရဇိန် လက်နှက်ဖြင့်ချိန်ရွယ်လျှက် -
ဟယ် - တရားမစောင့်သော မင်းယုတ် သင်ရောတစ်နေ့မအိုရပြီလော၊ သင် သည်
အဖိုးအိုတို့ကို ကစားစရာအရုပ်သဖွယ် နှိပ်စက်ကြည်စားသဖြင့် သက်ကြီးရွယ်အိုတို့
ကို ရိုသေလေးစားခြင်းဟူသော ကောင်းသောအလေ့အထသည် လူ့ပြည်၌ပျောက်
ကွယ်ရလေပြီ၊ သင့်ကိုအကြောင်းပြု၍ လူအပေါင်းသည် အပါယ်ဘုံသို့ရောက်ကြရ
လေ ပြီ၊ သင့်၏အကျင့်ဆိုးကိုဖျောက်လော့၊ အကယ်၍မဖျောက်လျှင် ၀ရဇိန်လက်
နက်ဖြင့် အသင်၏ ဦးခေါင်းကိုခွဲပစ်အံ့၊ ဟုခြိမ်းခြောက်၍ ဆုံးမစကားပြောကြားကာ
တာဝတိံသာ နတ်ပြည်သို့ပြန်သွား၏၊ လကုဏ္ဍလဘဒ္ဒိယ လောင်းလျာ ဗာရာဏ
သီမင်းလည်း ထိုအခါ မှစ၍ မိမိ၏အကျင့်ဆိုးကို ပယ်ဖျောက်လေ၏။
ရဟန်းတို့လောက၌ ကာယဗလ အားအင်ဆုတ်ယုတ်သော်လည်း ပညာရှိလျှင် ကြီး
သည်မည်၏၊ ကာယဗလကြီးမားတောင့်တင်းသော်လည်း ပညာမဲ့လျှင် ကြီးသည် မ
မည် ဟုဆုံးမသြ၀ါဒ စကားမိန့်ကြားတော်မူ၏။
ထို့ကြောင် ယနေ့ခေတ်လူငယ်များသည် အမိအဘ သက်ကြီးရွယ်အိုတို့ကို သုံးမ ရ
တော့ပါဘူးဆိုပြီး မပစ်ပယ်မိကြဖို့ အရေးကြီး၏၊ `သက်ကြီးစကားသက်ငယ်ကြား၊ အသက်ကြီးတစ်နည်းသာ´ဟူသည်နှင့်အညီ အဘိုးအို အဘွားအိုတို့ထံမှ ရယူစရာ
ဘ၀ သင်ခန်းစာ မှတ်သားစရာနည်းပညာ အတွေ့အကြုံများစွာရှိ၏၊ အဘိုအိုအဘွား
အိုသက် ကြီးရွယ်အို ဟူသည်လည်း လောက၏လိုအပ်ချက် တစ်ခုပင် ဟုနားလည်သ
ဘော ပေါက် လက်ခံကြဖို့လိုအပ်ပါ၏၊ လူကြီးသူမများအနေဖြင့်လည်း အသက်သာ
ကြီးပြီ အ ချိန်မစီးသည့် လူကြီးများမဖြစ်စေပဲ အသက်လည်းကြီးတန်ဖိုးလည်းကြီး
သည့် လူကြီး များ ဖြစ်ကြဖို့လိုအပ်ပါ၏။
ခြုံငုံသုံးသပ် တင်ပြရသော် လူငယ်ပင်ဖြစ်စေ လူကြီးပင်ဖြစ်စေ လူသားအားလုံး
သည် လူ့ဘ၀၏ လိုအပ်ချက်ဆိုသည်ကို နားလည်သဘောပေါက်ပြီးလျှင် လူသား
အချင်းချင်း ရိုင်းပင်းကူညီးတတ်ရန် လူသားအချင်းချင်း စာနာထောက်ထားကြရန်
လူ သားအချင်းချင်း တစ်ဦးနှင့်တစ်ဦး လိုလိုလားရှိကြရန်နှင့် လူသားအချင်းချင်း အထင် သေးချင်းကင်းဝေးကြစေရန် သတိပြုကြိုးစား နေထိုင်ကြရမည်ဖြစ်၏၊ မိမိ
ကိုယ်တိုင် လည်း လောကအတွက်လူရှုတ်လူပိုမဖြစ်စေဘဲ လောကအတွက်လိုအပ်
သာ လူတော်လူကောင်းဖြစ်အောင်ကြိုးစားကြပါရန် တိုက်တွန်းရင်း ဤဆောင်းပါး
ကို နိဂုံးချုပ်အပ် ပါ၏။
ကျမ်းကိုး။ ။ အဂုင်္တ္တရနိကာယ် စတုက္ကနိပါတ်၊ မတောဒသုတ်နှင့် ခုဒ္ဒကနိကာယ်
ဇာတက အဋ္ဌကထာ ကေဠိသီလဇာတ် တို့ကိုမှီငြမ်းပြုပြင်
တန်ဆာဆင်ရေးဖွဲထားပါသည်။
အရှင်သိရီဒတ္ထာလင်္ကာရ။
No comments:
Post a Comment