Tuesday, February 7, 2012

ဆွေးနွေးပွဲမှ အပြန်

အချိန် ကာလအားဖြင့် မြတ်ဗုဒ္ဓသည် နာဠန္ဒာမြို့ ပါဝါရိက သူဋ္ဌေး၏ သရက် ဥယျာဉ်၌သီ တင်းသုံးနေထိုင်တော်မူချိန်ဖြစ်၏။


ထိုမြို့၌နိဂဏ္ဌအမည်ရှိသော `တိတိတ္ထိဆရာကြီးသည်လည်း တပည့်ပရိသတ် များစွာ
နှင့်အတူ နေထိုင်၏၊ ထိုတိတ္ထိဆရာကြီးသည် မြတ်ဗုဒ္ဓထက် အသက်အရွယ်အား ဖြင့်
အတ်ငယ်ကြီး၏၊ မဟာဝီရ-ဟုလည်း အချို့ကခေါ်ကြ၏၊ ဇိန-ဟုလည်းအချို့က ခေါ်
ကြ၏၊ ဇိနကိုယ်နေ့ ခေတ်၌`ဂျိန်း´ဟုလည်းခေါ်ကြ၏။ ယင်း`ဂျိန်း´၀ါဒသည် ယနေ့ 
တိုင် အိန္ဒိယနိုင်ငံ၌ ထင်ရှားဆဲ ဖြစ်၏၊ နိဂဏ္ဌသည် ဂျိန်းဝါဒကိုတည်ထောင်ခဲ့သူ ဘာ
သာရေးခေါင်းဆောင် တစ်ဦးဖြစ်၏၊ နိဂဏ္ဌ၏၀ါဒ ၌စာရိတ္တရေးရာနှင့်ပတ်သတ်၍
ကောင်းသောအချက်များလည်းပါဝင်၏၊အတ္တ၀ါဒကို အဓိကထား၏၊ အနတ္တ၀ါဒကို 
လည်းလက်ခံ၏၊ သို့ရာတွင် အတ္တ၀ါဒကိုအဓိကထားသောကြောင့် သူ၏၀ါဒကို တိတ္ထိ
ယ ၀ါဒ သို့မဟုတ် မိစ္ဆာဒိဋ္ဌိဝါဒ-ဟု သတ်မှတ်ရမည်ဖြစ်၏။


တစ်နေ့သောအခါ နိဂဏ္ဌ၏ တပည့်တစ်ဦးဖြစ်သူ ဒီဃတပဿီသည် မြတ်ဗုဒ္ဓထံ အ
လည်အပတ် သဘောမျိုးဖြင့် ချည်းကပ်လာ၏၊ မြတ်ဗုဒ္ဓက မိမိတပည့်မဟုတ်သော် 
လည်း အိမ်ရှင် ၀တ္တရား မပျက်စေဘဲ`နေရာတွေ ရှိပါတယ်၊ အလိုရှိတဲ့နေမှာ ထိုင်ပါ´
ဟု နှုတ်တော်ကမြွတ်၍ ကြိုဆိုတော်မူ၏။


တပဿီသည် မြတ်ဗုဒ္ဓကအောက်နိမ့်သော နေရာတစ်ခုကိုယူ၍ ထိုင်လိုက်၏၊ မြတ်
ဗုဒ္ဓသည် မိမိထံမှောက် ရောက်ရှိလာသူတို့အား အကျိုးမဲ့ အချည်းနှီး မဖြစ်စေလို ပေ၊
ရောက်ရှိလာသူနှင့် သင့်လျှော်၍ အသုံးတည့် အကျိုးများမည့်တရားလက်ဆောင်တစ် ခုခုကိုပေးလိုက်ရမှ ကျေ နပ်အားရတော်မူလေ့ရှိ၏၊ ယခုလည်း တပဿီကို တရား လက်ဆောင်ပေးတော်မူရန်ဆွေးနွေးမေးမြန်း မှုကိုစတင်တော်မူလိုက်၏။


`တပဿီသင်တို့၏ဆရာနိဂဏ္ဌသည်မကောင်းမှုပြု့ခြင်းမကောင်းမှုဖြစ်ပေါ်ခြင်း၌အ
ဘယ်မျှလောက်ကုန်သောကံတို့ကိုပညတ်သနည်း´ဟုမေးတော်မူ၏၊(ပြစ်မှုကျူးလွန်
ရာ၌ပြစ်မှုအမျိုးအစားဘယ်နှစ်မျိုးသတ်မှတ်သနည်း)ဟုဆိုလိုခြင်းဖြစ်၏၊´


`အရှင် ဂေါတမ ကျွန်ုပ်တို့၏ဆရာသည် ကံဟု ပညတ်လေ့ သုံးလေ့မရှိပါ၊ ဒဏ်ဟု
သာသုံးနှုန်းလေ့ ရှိပါသည်´ဟုဖြေ၏။ ဤနေရာ၌ အမှာစကားချပ် ကြားညှပ်၍ ရှင်း
ပြလိုပါ၏၊ ကာယကံ ၀စီကံ မနောကံ ဟုသုံးနှုန်းသော မြတ်ဗုဒ္ဓ၏၀ါဒသည် 
`အကြောင်းတရား´ပေါ်၌ အခြေခံ၏။


အတ္တာနုဝါဒ = မိမိကိုယ် စွပ်စွဲခြင်းဘေး၊ 
ပရာနုဝါဒ = သူတစ်ပါးကို စွတ်စွဲခြင်းဘေး၊ 
ဒဏ္ဍ= ငွေဒဏ်၊ကြိမ်ဒဏ်၊ထောင်ဒဏ်၊ စသည့်အပြစ်တစ်စုံတစ်ရာ ပေးခံရခြင်းဘေး၊ 
ဒုဂ္ဂတိ=သေပြီးသည့်နောက်မကောင်းသောဘုံဘ၀သို့ရောက်ခြင်းဘေးဟူသောဘေး၊

ကြီးလေးမျိုး ကိုဖြစ်ပေါ်စေသော ကိုယ် နှုတ် စိတ်ကိုထိန်းသိမ်းပြု့ပြင် ဖို့သာလမ်းညွှန်
တော်မူ၏။ ဒဏ်ဟုသုံးနှုန်းသောနိဂဏ္ဌဆရာကြီး၏၀ါဒသည်`အကျိုးတရား´အပေါ်၌အ
ခြေခံ၏၊အပြစ်မဖြစ်စေရန် ကိုယ်ကိုဒဏ်ပေး၏၊ နှုတ်ကိုဒဏ်ပေး၏၊ စိတ်ကိုဒဏ်ပေး၏၊ 
ကိုယ် ကို ဒဏ်ပေး၏ဆိုသည်မှာ ခန္ဓာကိုညှင်းဆဲ ခြင်းဖြစ်၏၊ မီးပုံပေါ်နင်းခြင်း ခြေ
ထောက် တစ်ချောင်းထဲဖြင့် ကြာမြင့်စွာရပ်နေခြင်း အစာအငတ်ခံခြင်းစသည်တို့ဖြစ်၏၊
နှုတ်ကို  ဒဏ်ပေး၏ ဆိုသည်မှာ စကားမပြောသာ ၀စီပိတ်အကျင့်ကို ကျင့်ခြင်းဖြစ်၏၊
စိတ်ကို ဒဏ်ပေးခြင်း ဆိုသည်မှာ စိတ်ကိုအတင်းအကျပ်ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း၊ ထွက်
ပေါက် မပေးခြင်း ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ကံဝါဒသည် ကိုယ် နှုတ် စိတ်ကို အပြစ်ဖြစ်အောင် လှူံ့ဆော်အားပေး နေကြသော လောဘ ဒေါသ စသည်တို့ကို ထိန်းချုပ်ပြုပြင်ပေးဖို့ ဦး 
တည်၏။ နိဂဏ္ဌ၏ ဒဏ်ဝါဒသည် အရင်းခံအကြောင်းတရားကို အပင်ပန်းခံရှာဖွေလေ့
လာ ဖို့မကျိုးစားဘဲ လတ်တလောသိသာထင်ရှားသော ကိုယ် နှုတ် စိတ်ကိုသာ ဒဏ်
ခတ်ဖို့ ဦးတည်၏၊၊(ဤကား ကံ ဒဏ်ဟူသော ဝေါဟာရအသုံအနှုန်းနှင့် ပတ်သက်၍ 
အမှား အမှန် ဆုံးဖြတ်နိုင်ဖို့ စာရေးသူက သုံးသပ်ပြခြင်းသာဖြစ်၏။) မြတ်ဗုဒ္ဓ၏ ရည်
ရွယ်ချက်သည် ကြီးမား၏၊ ဘာသာဝါဒ မတူ မျှနှင့်တွေ့လျှင် တွေ့ ခြင်း ဆန့်ကျင်ငြင်း
ခုန်ရခြင်းကိုမလိုလား၊ အထူးရှောင်ကြဉ်တော်မူ၏၊ ထို့ကြောင့် တပဿီနှင့် ငြင်းခုံမ
နေတော့ဘဲ ဆက်လက်မေးမြန်းတော်မူ၏။ `ကဲ တပဿီ အဲဒါဆိုရင်လဲ သင်တို့၏
နိဂဏ္ဌက ဒဏ်ဘယ်နှစ်မျိုး ပညတ် ပါသလဲ´


`ကာယဒဏ် ၀စီဒဏ် မနောဒဏ် ဟုဒဏ် သုံးမျိုး ပညတ်ပါသည် အရှင်ဂေါတမ´


`တပဿီ ထိုဒဏ်သုံးမျိုးသည် မတူထူးခြားကွဲပြားမှုရှိသလော သို့မဟုတ်အတူ တူ ပဲလော့´


`အရှင်ဂေါတမ တစ်မျိုးစီပါပဲ မတူကြပါ´


`တပဿီ ထိုဒဏ် သုံးမျိုးတို့တွင် အဘယ်ဒဏ်ကို အပြစ်အကြီးဆုံးဟု သင်တို့ ဆရာနိ
ဂဏ္ဌက သတ်မှတ်ပညတ်ပါသနည်း´


`အရှင်ဂေါတမ ကာယဒဏ်(ကိုယ်ဖြင့်ပြုသော အမှု ကိုယ်အမူအရာ)ကို အပြစ် အကြီး
ဆုံးဟု သတ်မှတ်ပညတ်ပါသည်´


`တပဿီ ကာယဒဏ်ကို အပြစ်အကြီးဆုံးဟု သတ်မှတ် ပညတ်တယ်ဆိုတာ သေချာ
တယ်နော်´


`အရှင်ဂေါတမ သေချာပါသည်´


မြတ်ဗုဒ္ဓသည် တပဿီ၏ စကားကို ခိုင်မာမှုရှိစေရန် သုံးကြိမ် သုံးခါတိုင် မေးမြန်းတော်
မူ၍ အတည်ပြုချက်ရယူတော်မူ၏၊ နောင်အချိန်ကျမှတစ်မျိုးတစ်ဖုံ ပြောင်းလဲ ပြောဆို
မည်ကိုကြိုတင်သိမြင်တော်မူ၍ မိမိက စကားဖြင့် အပိုင်ချုပ်ထားသည့်သဘော ဖြစ်၏။


တပဿီကလည်း မြတ်ဗုဒ္ဓနည်းတူ ပြန်လည်မေးမြန်းပါ၏၊ မြတ်ဗုဒ္ဓက ဒဏ် ဒဏ် ဟု့ 
မသုံးနှုန်း မပညတ်ကြောင်း၊ ကံ ကံဟုသာသုံးနှုန်းကြောင်း၊ `မနောကံ´(စိတ်ဖြင် ပြု့
သော အမှု၊ စိတ် အကြံ စိတ်၏စေ့ဆော်မှု)ကို အပြစ်အကြီးဟု သတ်မှတ်ကြောင်း ပြန်
လည်မိန့်ကြားတော်မူ၏။


တပဿီကလည်း မနောကံသာ အပြစ်အကြီးဆုံးဟု မိန့်တော်မူသော စကားကို အခိုင်
အမာပြု၍ မှတ်သားထားပြီးလျှင် နေရာမှထကာ သူ၏ဆရာ နိဂဏ္ဌထံသို့သွား လေ၏။


ထိုအချိန်၌ ဆရာနိဂဏ္ဌအနီးတွင် သူတို့၏ ဒကာ ဥပါလိသူဌေးလည်းရောက် လည်း
ရောက်ရှိနေ၏၊ တပဿီကဆရာနိဂဏ္ဌအား မြတ်ဗုဒ္ဓနှင့်တွေ့ဆုံးဆွေးနွေးခဲ့ပုံအကြောင်း
စုံကို ပြန်လည်တင်ပြ၏၊ ဆရာရော ဒကာပါ ပြုံးပြုံးကြီးနားထောင်နေကြ၏၊ မြတ်ဗုဒ္ဓနှင့်
ယှဉ်ပြိုင်ပြော ဆိုဆွေးနွေးနိုင်ခဲ့သည်ကို ကျေနပ်နေကြခြင်းဖြစ်၏၊ ဒကာ ဥပါလိက ကြား
ဝင်၍`ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတာ အဲဒါမျိုးပေါ့´ဟုပင် ချီးမွန်းခန်းထုတ်
လိုက်သေး၏၊ ဒါတင်မက ဆရာနိဂဏ္ဌ၏ ကာယဒဏ်ကသာ အပြစ် အကြီးဆုံးဟူသော 
ဝါဒ ကိုပိုမိုနှစ်သက်သဘောကျပြီး မြတ်ဗုဒ္ဓ၏ မနောကံက အပြစ် အကြီးဆုံးဟူသောဝါဒ
ကို သဘောမကျပစ်ပယ်ပြီးလျှင် သူ ကိုယ်တိုင် မြတ်ဗုဒ္ဓထံသွား၍ ၀ါဒခြင်းပြိုင် အနိုင်ယူ
ပါမည့် အကြောင်း တင်ပြပြောဆို၍ နေရာ မှထကာ မြတ်ဗုဒ္ဓထံသို့ သွားလေ၏။


မြတ်ဗုဒ္ဓထံမှောက်သို့ရောက်သောအခါ ဥပါလိ သူဌေးကပင် စတင်၍ မြတ်ဗုဒ္ဓကို မေးမြန်း
လေ၏။


`အရှင်ဘုရား အရှင်ဘုရားထံသို့ တပဿီ အမည်ရှိ နိဂဏ္ဌတစ်ပါး ရောက်ရှိပါ သလား´


`ရောက်လာပါတယ် ဥပါလိ´


`အရှင်ဘုရားနှင့် တပဿီတို့ ဘယ်လိုအကြောင်းအရာတွေများ ဆွေးနွေးပြော ဆိုဖြစ်
ပါသလဲ´


`သူ၏ဆရာ နိဂဏ္ဌအလိုအားဖြင့် ဒဏ်သုံးပါးပေါ့ ငါဘုရား အလိုတော်အရတော့ ကံသုံးပါး
ပေါ့၊ အဲဒီသုံးပါးထဲမှာ တပဿီက ကာယဒဏ်က အပြစ်ကြီးဆုံးလို့ပြောတယ်၊ ငါဘုရားက
တော့ မနောကံဟာ အပြစ်အကြီးဆုံးလို့ ပြန်ပြောလိုက်တယ်´


`အရှင်ဘုရားကလည်း တပဿီပြောသလို ကာယဒဏ်က သာအပြစ်အကြီးဆုံး ဆိုတာမှန်
တာပဲ၊ မကောင်မှုပြုရာမှာ ကာယဒဏ်ကသာ အသိသာဆုံး အထင်ရှားဆုံးမို့ အပြစ်အကြီး
လေးဆုံးဆိုတာ မမှားနိုင်ပါဘူး၊ စိတ်မနောနဲ့ပြုမူတဲ့ မနောဒဏ်ကတော့ မသိသာ မထင်ရှား
တဲ့အတွက် ဘာမှမပြောပလောက်ပါဘူး မထင်ရှားတဲ့ မနောဒဏ်က ဘယ်လိုလုပ်အပြစ် အကြီးဆုံးဖြစ်နိုင်ပါ့မလဲ´


`ဥပလိ သင့်အနေနဲ့ သင့်အနေနဲ့ အမှန်တရားပေါ်မှာရပ်တည်ပြီး စကားကိုကပ်သီးကတ် ဖဲ့မလုပ်ပဲ ဖြောင့်ဖြောင့်မှန်မှန်ဆွေးနွေးမယ် စိတ်မဆိုးပါဘူးဆိုလျှင် ဒီ အကြောင်းနဲ့ပတ်
သက်ပြီးအေးအေးဆေးဆေးကျေလည်တဲ့အထိဆွေးနွေးကြတာပေါ့´ ဟု မြတ်ဗုဒ္ဓက ဥပါ
လိသူဌေးအား ဖိတ်ခေါ်တော်မူ၏၊ ဥပါလိသူဌေးကလည်း လက်ခံ သဘောတူလိုက်၍
မြတ်ဗုဒ္ဓနှင့် ဥပါလိသူဌေးတို့၏ စိတ်ဝင်စားမှတ်သားဖွယ်ကောင်း သော ဆွေးနွေးပွဲတစ်
ခုဖြစ်ပေါ်လာ၏။


`ဥပါလိ ယခု ငါဘုရားမေးမယ့် မေးခွန်းကို သင်အမှန်အတိုင်းဖြေဆိုခွင့်ရှိတယ်၊ နိဂဏ္ဌ
ဝါဒီတွေဟာ ရေအေးကိုပယ်၍ ရေနွေးကိုသာ သုံးဆောင်လေ့ရှိကြတယ်၊ အနာ ရောဂါ
နှိပ့် စက်ခံ နေရတဲ့ နိဂဏ္ဌတပည့်တစ်ယောက်သည် ရေအေးကိုသုံးဆောင်ရမှ အနာနှိပ်
စက်ခံရခြင်းမှကင်းပြီး အသက်ရှင်သန်နိုင်မယ်ဆိုရင် အဲဒီ နိဂဏ္ဌတပည့်ဟာ ရေအေးကို
မရတဲ့အတွက် အသက် သေဖို့ပဲရှိတယ်၊ အဲဒီနိဂဏ္ဌတပည့် သေသွားရင် ဘယ်ဘုံကို
ရောက်တယ်လို့ သင်တို့၏ဆရာ နိဂဏ္ဌကြီးက သတ်မှတ်သလဲ´


`အရှင်ဘုရား အဲဒီ နိဂဏ္ဌဟာ သေခါနီးမှာ ရေအေးကိုစိတ်စွဲပြီးသေတဲ့အတွက်မနော
တသတ္တလို့ခေါ်တဲ့ နတ်တမျိုး ဖြစ်တယ်လို့ သတ်မှတ်ပါတယ် ဘုရား´


`ဥပါလိ စဉ်းစားနော်စဉ်းစားပြီးပြောပါ၊ မနောကံဟာ အရေးမကြီးဘူးလို့ပြောခဲ့တဲ့ သင့်
ရဲ့ရှေ့စကားနဲ့ အခုပြောခဲ့တဲ့နောက်စကားသည် ရှေ့နောက်မညီဖြစ်နေပြီ၊ ရှေ့စကား နဲ့
နောက်စကား ဆက်စပ်မှု မရှိဘဲ ဆန့်ကျင်မှုဖြစ်နေပြီ´


ဥပါလိသူဌေးသည် အနည်းငယ်တွေဝေသွား၏၊ မြတ်ဗုဒ္ဓ အမိန့်ရှိသလို မနောကံ က
အရေးကြီးတယ်ဆိုတာ ဟုတ်သားပဲ ဟုအတွေးဝင်သွား၏၊ နိဂဏ္ဌတစ်ဦးသေလို့ နတ်
ဖြစ်တာဟာ စိတ်ရဲ့စွဲလမ်းမှုကြောင့်ဖြစ်ရတာပါဆိုရင် ကိုယ်မှု နှုတ်မှု တို့ထက် စိတ်မှု 
လို့ခေါ်တဲ့ အစွဲဥပါဒါန်က ပိုပြီးသိမ်မွေ့လေးနက်ပြီး ပိုပြီးအရေးကြီးတဲ့ သဘောပဲဟု
တွေးရင်း မိမိစိတ် မိမိအမြင်ပြောင်းလဲသွားသည်ကို ကိုယ့်ကိုကိုယ် သတိထားမိလိုက်
၏၊ သို့သော် `ဘုရားဂေါတမ တစ်ခါပဲဟောလိုက်ရတယ် ကျွတ်သွားတာပဲ´ဟုအပြော
မခံ လိုသည်က တစ်ကြောင်း၊ မြတ်ဗုဒ္ဓထံမှ ယခုကဲ့သို့ ထူးဆန်းသော တရားစကားများ
ကို နာကြားလိုသော စိတ်ဆန္ဒဖြစ်ပေါ်လာသည်ကတစ်ကြောင်း စသော အကြောင်း
ကြောင်း ကြောင့် ဟန်လုပ်ပြီးမြတ်ဗုဒ္ဓ၀ါဒကို ဆန့်ကျင်သယောင် လက်မခံနိုင်သ
ယောင်ဆက် လက်ပြုလျှက်ပင်ရှိနေ၏။

`အို အရှင်ဘုရားကလည်း ဘာပဲပြောပြော ထင်ရှားတဲ့ ကာယကံကသာ အရေး ကြီး
ပါတယ်မနောကံက ဒီလောက်အရေးမကြီးပါဘူး´


ထိုအခါမြတ်ဗုဒ္ဓက ဥပမာ တစ်မျိုးဖြင့် ဆက်လက်ရှင်းပြဆွေးနွေးတော်မူ၏။


`ဥပါလိ သင်တို့၏ဆရာ နိဂဏ္ဌသည်မကောင်းမှုအားလုံးကိုမပြုရန်တားမြစ်ထား ၏၊ အ
ကယ်၍ နိဂဏ္ဌ တပည့်တစ်ယောက်ယောက်သည် သွားရင်းလာရင်း ပိုး ပုရွက်ဆိတ် အ
စရှိတဲ့သတ္တ၀ါ အသေးစားလေးတွေကို အမှုမဲ့အမှတ်မဲ့နင်းမိ၍ သေ ကြေပျက်စီးသွားခဲ့
သော် သင်တို့၏ဆရာ နိဂဏ္ဌက ဘယ်လို အကျိုးအပြစ်ရှိတယ်လို့ သတ်မှတ်ပါသနည်း´


`သြော် အရှင်ဘုရား အဲဒီကိစ္စမှာတော့ စိတ်စေတနာမပါသည့်အတွက် အပြစ်မကြီးအ
ပြစ်မရှိဟု သတ်မှတ်ထားပါ၏´


`သေစေလိုတဲ့ စိတ်စေတနာပါမယ်ဆိုရင်တော့ အပြစ်ရှိပါသလား´


`မှန်ပါ၊ သေစေလိုတဲ့ စိတ်စေတနာပါမယ်ဆိုရင် အပြစ်ရှိပါ၏´


`စိတ်စေတနာကို သင်တို့၏ဆရာ နိဂဏ္ဌက အဘယ်ဒဏ် ဟုသတ်မှတ်ပါ သနည်း´


`မနောဒဏ်ဟု သတ်မှတ်ပါ၏´


`ဥပါလိ စဉ်းစားနော်၊ စဉ်းစားပြီးမှ ပြောပါ မနောကံ မနောဒဏ် အရေးမကြီးဘူး လို့
ပြောခဲ့တဲ့ သင်တို့ရဲ့ ရှေ့စကားနဲ့ ယခုပြောနေတဲ့နောက်စကားတို့သည် ရှေ့နောက် မ
ညီဖြစ်နေပြီ၊ ရှေ့နောက် ဆက်စပ်မှုမရှိဖြစ်နေပြီ၊ အမှန်တရားအပေါ်မှာ ရပ်တည်ပြီး
ဆွေးနွေးပါ့မယ်ဟု အသင်ဥပါလိကိုယ်တိုင် ငါဘုရားအား ကတိပေး သဘော
တူညီထား တယ်နော်´


`ဟန်ကိုယ်ဖို့ မာန်သူ့ဖို့´ဆိုသည့် စကားအတိုင်း ဥပါလိသူဌေးသည် ဟန်လုပ်၍ မြတ်
ဗုဒ္ဓ၏ရှင်းလင်းချက်ကို မသိနားမလည်ယောင်ဆောင်၍ လက်မခံနိုင်သေးပါ ကြောင်း
လျှောက်ထားပြန်၏၊ မြတ်ဗုဒ္ဓကလည်း`စိတ်ရှည်ဇွဲသန် သည်းငြီးခံ ပြုရန် သာသနာ´
ဟူသည်နှင့်အညီ စိတ်ရှည်ရှည်ထား၍ ဆက်လက် ရှင်းလင်းမိန့်ကြားတော် မူ၏။


ဗုဒ္ဓ။ ။`ဥပါလိ ငါဘုရားမေးတော်မူမယ်၊ သာယာဝပြော လူတွေပေါလှသည့် ဤနာဠန္ဒာ
မြို့သို့ လူတစ်ဦးရောက်ရှိလာပြီး၊ ဓါး သံလျက် ကိုင်ရွယ်ကာ`ငါသည် ဤ နာဠန္ဒမြို့ရှိ့ 
ရှိရှိသမျှ သတ္တ၀ါအားလုံးကို တခဏချင်း တမုဟုတ်ချင်းဖြင့် အသားစု အသားပုံဖြစ်
အောင် လုပ်ပြမည်´ဟုကြုံးဝါးပြောဆိုအံ့၊ ထိုသူသည် ဤနာဠန္ဒမြို့ရှိ ရှိရှိ သမျှ သတ္တ
ဝါအားလုံးကို သူကြုံးဝါးသည့်အတိုင်း တခဏချင်း တမုဟုတ်ချင်းဖြင့် အသားစု အသား
ပုံဖြစ်အောင် အမှန်တကယ် လုပ်ပြနိုင်ပါမည်လော´


ဥပါလိ။ ။ `အရှင်ဘုရား သူ့လိုလူပေါင်း လေးဆယ် ငါးဆယ်က တစ်ပြိုင်နက် ပြုလုပ်မည်
ဆိုလျှင်တောင်မှ ဤနာဠန္ဒာမြို့ရှိ ရှိရှိသမျှ သတ္တ၀ါအားလုံးကို တခဏချင်း တမုဟုတ်ချင်း
ဖြင့် အသားစု အသားပုံဖြစ်အောင် ပြုလုပ်နိုင်ငှာစွမ်းနိုင်မည် မဟုတ်ပါ၊ တစ်ယောက်
တည်းသာဆိုလျှင်တော့ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပါ´


ဗုဒ္ဓ။ ။ `ဥပါလိ စိတ်တန်ခိုးနှင့်ပြည့်စုံသော သူတော်စင်တစ်ယောက်အနေဖြင့် အကယ်၍ စိတ်ဆိုးဒေါသ ဖြစ်ခဲ့ပါလျှင် ဤနာဠန္ဒာမြို့ကို တစ်ခဏအတွင်းပြာဖြစ်အောင် ပြုလုပ်နိုင်ပါ
သလော´


ဥပါလိ။ ။ `အရှင်ဘုရား စိတ်တန်ခိုးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဆိုလျှင်တော့ ဤ နာဠန္ဒာမြို့
တစ်မြို့လောက်ကိုမဆိုထားနှင့် ဆယ်မြို့ ဆယ့်ငါးမြို့ မြို့ပေါင်းလေးဆယ် ငါးဆယ်
လောက်ကိုပင် တခဏအတွင်းပြာဖြစ်အောင် ပြုလုပ်န်ုင်ပါလိမ့်မည်´


ဗုဒ္ဓ။ ။ မှန်တယ် ဥပါလိ ဟိုးရှေးရှေးတုန်းက ဒဏ္ဍက်ီဆိုတဲ့ တိုင်းပြည်တစ်ပြည် ရှိခဲ့ဘူး
တယ်၊ အဲဒီတိုင်းပြည်ကို အုပ်ချုပ်တဲ့မင်းကိုလည်း ဒဏ္ဍကီမင်းလို့ပဲခေါ်တယ်၊ ဒဏ္ဍကီ
မင်းရဲ့ မင်းဥယျာဉ်ထဲမှာ ကိသ၀စ္ဆလို့ ခေါ်တဲ့ သူတော်စင်ရသေ့တစ်ပါး တရား ဘ၀နာ
အားထုတ်နေထိုင်ခဲ့ဘူးတယ်၊ တိုင်းပြည်ရဲ့ စစ်သူကြီးက အလွန်ကြည်ညိုလို့ အလုပ်အ
ကျွေးပြု့ ကိုးကွယ်ပူဇော်လျက်ရှိတယ်။


ဒဏ္ဍကီတိုင်းပြည်ဟာ နံမည်ကြီးပြည့်တန်ဆာမ တစ်ယောက်ကြောင့် ပိုပြီးတော့ အ၀င်
အထွက်များ စည်ကားနေတဲ့ တိုင်းပြည်ဖြစ်တယ်၊ အဲဒီလိုစည်ကားနေတာကို ဒဏ္ဍာကီ
ဘုရင်က`ငါ့တိုင်းပြည်ဟာ ငါဘုန်းကံကြောင့်အလိုလိုစည်ကားနေတဲ့တိုင်းပြည်ပါ၊ ဒီပြည့်
တန်ဆာ မကြောင့် စည်ကားနေတာ မဟုတ်ပါဘူး´ဆိုပြီး ပြည့်တန်ဆာမကို ရာထူးမှ
ဖြုတ်ချလိုက်တယ်၊ ပြည့်တန်ဆာ လုပ်ခွင့်မပြု့တော့ဘူးတဲ့ အဲဒီအခါမှာ ပြည့်တန်ဆာ
မက သူ့လုပ်ပိုင်ခွင့် သူ့နေရာပြန်ရအောင်ဆိုပြီး ဘုရင့်ထံကိုနည်းအမျိုးမျိုး နဲ့ ၀င်ထွက် နိုင်အောင်ကျိုးစားနေစဉ် တခုသောနေ့ မင်းဥယျာဉ်မှာ ကိသ၀စ္ဆကို တွေ့ သွားသတဲ့။


ကိသ၀စ္ဆရသေ့ရဲ့ ပုံစံက အစစအရာရာ ချို့ခြံချွေတာပြီး တရားဘ၀နာကိုပဲ အားထုတ်
နေတဲ့အချိန်ဆိုတော့ ပိန်ခြုံးပါးလှီ အရိုးပေါ်အရေတင်ပြီး နှုတ်ခမ်းမွှေး မုတ်ဆိတ် မွှေး
တွေနဲ့ ရှုတ်ထွေးပွေလီ မသတီစရာပုံစံဖြစ်နေတာပေါ့။


အဲဒါကိုမြင်မိတဲ့ ပြည့်တန်ဆာမက သူ့အတွက် မင်္ဂလာမရှိ အမင်္ဂလာအတိ ဖြစ်တယ်၊ 
ကျက်သရေယုတ်တယ်လို့ယူဆပြီး ယတြာချေတဲ့သဘောနဲ့ တရားအလုပ် လုပ်နေတဲ့ 
ရသေ့ ရဲ့ ကိုယ်ပေါ်ကို နှပ် တံတွေး ပလုပ်ကျင်းရေတွေ ထွေးချပြီး သွားကြား ထိုးတံ
တွေနဲ့ ပစ်ပေါက် ကာ`အပြစ်ရှိသမျှကြေပါစေ´လို့ ပါးစပ်ကရေရွတ်ပြီး ဆက်လက် 
ထွက်ခွာသွားတယ်။


တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ ရှင်ဘုရင့် အဲဒီနေ့မှာပဲ ပြည့်တန်ဆာမကို လုပ်
ပိုင်ခွင့် ပြန်ပေးလိုက်တယ်၊`ထန်းသီးကျွေခိုက် ကျီးနင်းလိုက်´ဆိုတဲ့အတိုင်း ပြည့် 
တန်ဆာမဟာအတိတ်က ကုသိုလ်ကံအကျိုးပေးချိန်ရောက်လာလို့ လုပ်ပိုင်ခွင့်ပြန်
ရ တာကို အယုတ်တမာ ကျက်သရေမရှိတဲ့ ရသေ့ကို နှပ် တံတွေးနဲ့ ထွေးခဲ့လို့လုပ်
ပိုင်ခွင့် ပြန်ရတာလို့ လွဲမှားစွာ ယုံကြည်သွားတော့တယ်။


အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက် များမကြာမီ အချိန်မှာပဲ ရှင်ဘုရင်က စိတ်ဆိုးပြီး 
သူ့ရဲ့အကြံပေး အရာရှိပုရောဟိတ် ဆရာကြီးတစ်ယောက်ကို ရာထူးမှဖြုတ်ချလိုက်
တယ် အဲဒီပုရောဟိတ်ဆရာကြီးက အတွေ့အကြုံရှိခဲ့တဲ့ ပြည့်တန်ဆာမထံမှာ နည်း
နာနိဿယ တောင်းခံတဲ့အခါ လွဲမှာစွာ ယူဆယုံကြည်ထားတဲ့အတိုင်း ညွှန်ပြပေး
လိုက်ပါတယ်။


ပုရောဟိတ်ဆရာကြီးဟာ ပြည့်တန်ဆာမညွှန်ပြလိုက်တဲ့အတိုင်း ကိသ၀စ္ဆ ရသေ့ 
ကိုယ်မှာနှပ် တံတွေးနဲ့ထွေးပြီး ယတြာချေလိုက်ပြန်တယ်၊ တိုက်တိုက်ဆိုင်ဆိုင် အဲ
ဒီနေ့မှာပဲ ရှင်ဘုရင် ကစိတ်ဆိုးပြေပြီး ပုရောဟိတ်အား ရာထူးပြန်ပေးလိုက်ပါတယ်၊ 
အတိတ် ကကုသိုလ်ကံ အ ကျိုးပေးချိန်ရောက်လာလို့ မိမိရာထူးပြန်ရတာကို အယုတ်
တမာ ကျက်သရေမရှိတဲ့ ရသေ့ ကို နှပ် တံတွေးတွေနဲ့ ထွေးခဲ့လို့ ရာထူးပြန်ရတာလို့ 
ပုရော ဟိတ်ကြီးကလည်း လွဲမှားစွာယူဆယုံကြည် သွားပြန်တယ်။


များမကြာမီ အချိန်အတွင်းမှာ ဒဏ္ဍကီမင်းရဲ့ နယ်စပ်ဒေသမှာ ဆူပူသောင်းကျန်းမှု 
တစ်ခုဖြစ်ပေါ်လာပါတယ်၊ စစ်တိုက်ဖို့ပြင်ဆင်နေတဲ့ ရှင်ဘုရင်ကို အကြံပေးပုဂ္ဂိုလ် 
ပုရောဟိတ်ဆ ရာကြီးက အောင်ပွဲရချင်ရင် ပြည့်တန်ဆာမနဲ့ သူနဲ့ ယတြာချေတဲ့ 
နည်း အတိုင်း ယတြာချေပြီးမှ စစ်တိုက်ထွက်သင့်ပါကြောင်း ရှင်ဘုရင်အား အကြံ
ဥာဏ်ပေး လိုက်ပါတယ်။


ရှင်ဘုရင်ကလည်း ပုရာဟိတ် အကြံပေးတဲ့အတိုင်း လုပ်တာပေါ့၊ ရှင်ဘုရင်က စလုပ်
ပြီဆိုမှတော့ နောက်လိုက်နောက်ပါ စစ်သည် ဗိုလ်ပါတွေရော စစ်ထွက်ခါနီး လိုက် ပါ
ပို့ဆောင်ပေးကြတဲ့ မိဖုရားတွေ မောင်းမမိဿံတွေရော တိုင်းသူပြည်သားတွေကပါ 
အကုန်လုံးလိုက်လုပ်ကြတာပေါ့။


ဣဿရာနုဝတ္တကော ဟိ လောကော သတ္တလောက - လူသားအားလုံးဟာအစိုး ရသူ
အရှင်သခင် ဘုရင်၊ သမတ တို့ရဲ့ နောက်လိုက်တွေပဲ မဟုတ်လား။


အဲဒီတော့ ကိသ၀စ္ဆရသေ့လေးရဲ့ ကိုယ်ပေါ်မှ နှပ်တံတွေးတွေ သွားကြားထိုးတံ တွေ
ကမြင်မကောင်း ရှုမကောင်းပါပဲ၊ တံတွေးခွက်ထဲက ရသေ့ဖြစ်သွားတာပေါ့ ဒါကို 
ကြည့်ပြီး ရသေ့လေးကိုကြည်ညိုတဲ့ စစ်သူကြီးဟာ စိတ်မကောင်းဖြစ်ပေမယ့် အား
မ တန်လို့မာန်လျှော့ပြီး အများနဲ့ တစ်ယောက် မပြောရဲလို့နေခဲ့ရပေမယ့် အားလုံးပြီး
သွား တဲ့အခါ ရသေ့လေးကိုယ်ပေါ် က နှပ်တံတွေးတွေ သွားကြားထိုးတံတွေကို ဖယ်
ရှား သုတ်သင်၍ သန့်စင်သော နံ့သာရည်တို့ဖြင့် ရေချိုးပေးပြီး`အရှင်ရသေ့ လူတွေ
ဟာမလုပ်သင့်တာကို လုပ်မိကြပြီ၊ ဘာတွေဖြစ်လာမလဲဆိုတာ မသိတော့ပါဘူး´လို့ စိုးရိမ် ငြီးတွား လျှောက်ထားသတဲ့။


အဲဒီအခါမှာ ရှင်ရသေ့က `ဒကာတော်စစ်သူကြီး ငါကတော့ ဘယ်သူ့အပေါ်မှ စိတ်
ဆိုးဒေါသ မဖြစ်ပါဘူး သို့သော် ဓမ္မဘက်သား နတ်အများကတော့ အရမ်းစိတ်ဆိုး
နေကြပြီ လူတွေကို အပြစ်ပေးလိမ့်မယ်၊ ငါ့ထံမှာ အပြစ်ကိုဝန်ချတောင်းပန်မှု မပြု
ကြဘူး ဆိုရင် ခုနှစ်ရက် အတွင်းမှာ ဒဏ္ဍကီတိုင်းပြည်တစ်ပြည်လုံးကို ပျက်စီးအောင်
ဖျက်ဆီး ကြလိမ့်မယ်၊ စစ်သူကြီးအနေနဲ့ မိမိရဲ့ ဇနီးမယား သားသမီးတွေခေါ်ပြီး အိမ်
နီးနားချင်း တိုင်းပြည်တစ်ပြည်မှာ ခေတ္တခဏသွားရောက် ရှောင်ပုန်းနေထိုင်ပါ´လို့ 
အမိန့်ရှိလိုက် တယ်။


စစ်သူကြီးလည် ရှင်ရသေ့ကအဲဒီလိုအမိန့်ရှိလိုက်တဲ့အခါ ဘုရင်ကြီးကိုအကျိုး အကြောင်း
ပြောပြပေမယ့် လက်မခံတဲ့အတွက် စစ်သူကြီးအဖြစ်မှ နှုတ်ထွက်ပြီး ရသေ့ လေးအမိန့်ရှိ
တဲ့အတိုင်း တစ်ခြားတိုင်းပြည်တစ်ပြည်မှာ ခေတ္တခဏ သွားရောက်ရှောင် ပုန်း နေထိုင်
လိုက်တယ်။


မကောင်မှု အကုသိုလ်ကံက အကျိုးမပေးခင်မှာ လူမိုက်တွေဟာ မကောင်မှု အကုသိုလ်
လုပ်ရတာကို အရသာရှိတယ် ဇိမ်ကျတယ်လို့မှတ်ထင်ကြတယ်၊ ဒဏ္ဍကီ ဘုရင် ဟာလည်း
ရသေ့လေး အပေါ်မှာ ပြစ်မှားခဲ့ပေမယ်လို့ အဲဒီအကုသိုလ်ကံက အကျိုးမပေးသေးတော့ ရန်သူကို နှိမ့်နှင်းပြီးအောင်ပွဲခံပြန်လာနိုင်ခဲ့ပါတယ်။


အောင်ပွဲခံပြန်လာတဲ့ ဒဏ္ဍကီဘုရင်ကို မိုးနတ်မင်းက ဆီးကြိုခဲ့ပါတယ်၊ ရိုးရိုးမိုး ပန်းမိုး 
အသပြာမိုး ငွေမိုး ရွှေမိုး ရွာသွန်းဖြိုးလို့ ကြိုဆိုခဲ့ကြပါတယ်၊ ဒါကို ဒဏ္ဍကီဘုရင် က သူ့
လုပ်ရပ်မှန်တယ်၊ သူ့ယတြာ အစွမ်းထက်တယ်ဆိုပြီး အရမ်းအရမ်း ပျော်ရွှင်နေ တယ်၊ 
တကယ်တော့ သူ့အတွက် သေပန်းပွင့်နေတယ်ဆိုတာလို့ သူသဘောမပေါက် သေးဘူး၊
ဟော မကြာပါ ဘူး၊(၇)ရက်မြောက်တဲ့နေ့မှာ ဓါးမိုး၊ လှံမိုး၊ မီးကျီးမိုး၊ သဲမိုး တွေ ရွာချပြီး 
ဒဏ္ဍကီဘုရင်နဲ့တကွ အပေါင်းပါ အားလုံးကို ဖျက်ဆီးပစ်လိုက်တယ်၊


ဒဏ္ဍကီတိုင်းပြည်ကြီး ဒဏ္ဍကီနန်းတော်ကြီးဟာ တခဏချက်ချင်း ထီးသုဉ်း နန်သုဉ်း အား
လုံး ဆိတ်သုဉ်းပျက်စီးသွားပြီး တောအတိ ဖြစ်သွားတယ်။


ဒဏ္ဍကီတိုင်းပြည်ကြီး တခဏချင်းပျက်စီးသွားတာဟာ သူတော်စင် ကိသ၀စ္ဆ ရှင်ရသေ့ရဲ့ 
စိတ် တန်ခိုးလို့ခေါ်တဲ့ သီလ သမာဓိ ပညာတန်ခိုးတို့ကြောင့်ပဲဖြစ်တယ်။


ဥပါလိ။ ။ မှန်ပါ၊ သေချာပါတယ်၊ စိတ်တန်ခိုးကြီးလို့ ဖြစ်ရတာပါ။


ဗုဒ္ဓ။ ။ `ဥပါလိ သေသေချာချာ စဉ်းစားနော်၊ကိုယ်ပိုင်းဆိုင်ရာ နှုတ်ပိုင်းဆိုင်ရာ စိတ်ပိုင်း
ဆိုင်ရာ အမူအရာသုံးမျိုးထဲမှာ ကိုယ်ပိုင်းဆိုင်ရာကသာ အဓိကကျတယ်၊အပြစ်ကြီးတယ်
လို့ပြောခဲ့တဲ့ သင်တို့ရဲ့ ရှေ့စကားနဲ့ယခုသင်ထောက်ခံနေတဲ့ စိတ်ပိုင်းဆိုင်ရာ အရေးကြီး 
ပါတယ်ဆို တဲ့ နောက်စကားတို့သည် ရှေ့နောက်မညီဖြစ်နေပြီ၊ အမှန်တရား ဘက်မှာ
ရပ်တည်ပြီးပြော ဆိုဆွေနွေးမယ်လို့ သင်နဲ့ငါ ကတိပြု့ထားကြတယ်နော်´


ထိုအခါ ဥပါလိသူဌေးသည် မြတ်ဗုဒ္ဓနှင့် ဆွေးနွေးရခြင်း အပေါ် ကျေနပ်သွား၏၊ မြတ်ဗုဒ္ဓ
၏မေတ္တာ ကရုဏာ အပြည့်ဖြင့် ဆွေးနွေးဟောပြောပုံကိုလည်း လွန်စွာနှစ်ချိုက် ကြည်
ညိုနေ၏၊ သူ၏အသိဥာဏ်တို့သည်လည်း မှောက်ထားသောအိုးကို လှန်လိုက် သလို ဖုံး
ထားသောအရာတို့ကို ဖွင်ပြလိုက်သလို မျက်စိလည်လမ်းမှားနေသူအား လမ်း မှန်သို့ 
ညွှန်ပြလိုက်သလို ပွင့်လင်းပြတ်သား ထင်ရှားသွားကြ၏၊ ထို့ကြောင့် ဥပါလိ သူဌေးသည်
မြတ်ဗုဒ္ဓအား လက်အုပ်ချီမိုး ရှိခိုးကန်တော့လိုက်၏၊ ထို့နောက် ကြည်လင် ရွှင်ပြ အားရ
သော မျက်နှာဖြင့် -


ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားညွှန်ပြသည့် မထမဆုံး ဥပမာ
ဖြင့်ပင်လျှင် စိတ်မနောကံက ကိုယ် နှုတ် တို့ထက် အရေးကြီးကြောင်းကို တပည့် တော်
သဘောပေါက်နားလည်ခဲ့ပါတယ်၊ စိတ်မနောဟာ မကောင်းတဲ့ ကိုယ်ကာယပိုင်း ဆိုင်
ရာ အပြုအမူ၊ မကောင်းတဲ့ပြောဆိုမှု နှုတ်ပိုင်းဆိုင်ရာ အပြုအမူတွေ ဖြစ်အောင် စေ့
ဆော်အားပေးတဲ့အရာ ဆိုတာ သိမြင်ခဲ့ပါတယ်၊ ဒါကြောင့် မကောင်းမှုပြုရာမှာမနော
ကံက အပြစ်အ ကြီးဆုံး ဖြစ်နိုင်တယ်ဆိုတာလက်ခံပါတယ်၊ ဒါပေမဲ့ အရှင်ဘုရားထံမှ 
ဆန်းကြယ်တဲ့ တရားစကားတို့ကို ဆက်လက်နာကြားလိုတဲ့အတွက် အခုလို စကား
ကပ် ဖဲ့ လုပ်မိခြင်းပါ၊ တပည့်တော်ကို ခွင့်လွှတ်ပါ၊ တပည့်တော်ကို ရတနာသုံးပါးကို
အသက် ထက်ဆုံး ယုံကြည်ကိုးကွယ်ဆည်းကပ်သူ ဥပါသကာဒကာအဖြစ်အသိအမှတ်
ပြုတော် မူပါဟု လျှောက်ထားလေ၏၊ မြတ်ဗုဒ္ဓကလည်း ဥပါသကာ ဒကာအဖြစ် အသိ
အမှတ်ပြု့ လက်ခံတော်မူပါ၏။


ဤ၀တ္ထုကို သာဓကပြု၍ စာရေးသူတင်ပြလိုသည်မှာ ကိုယ် နှုတ် စိတ် အပြုအမူ တို့တွင်
စိတ်သည် အရေးကြီး၏၊ စိတ်ကြောင့်ပင် အကုသိုလ်အရာ၌ကြီးမားသော ကာယကံပြစ် မှုတို့ကိုကျူးလွန်ခြင်းဖြစ်၏၊ ဥပမာ ဒေ၀ဒတ်၏ ဘုန်းကြီးလိုသောစိတ်၊ ဆရာကြီးလုပ်လို
သောစိတ်ကြောင့် ဘုရားရှင်အား သွေးထွက်အောင်လုပ်ကြံမှုမျိုး သေ ကြောင်းကြံစည်မှု
မျိုး စသည်တို့ဖြစ်၏။


စိတ်ကြောင့်ပင် အကုသိုလ်အရာ၌ ကြီးမားသော ၀စီကံပြစ်မှုတို့ကို ကျူးလွန်ခြင်း ဖြစ်၏၊ 
ဥပမာ ငါ့ဆရာတွေကိုလာထိလျှင် ငါမခံဘူး ဟူသော ဆရာစွဲ ပုဂ္ဂိုလ်စွဲ မခံချင် စိတ်ကြောင့် စိဉ္စမာနမိန်းမယုတ်၏ မြတ်ဗုဒ္ဓအပေါ် မဟုတ်မဟပ် လုပ်ဇာတ်ခင်း၍ စွပ်စွဲ မှုမျိုး စသည်တို့
ဖြစ်၏။


ကုသိုလ်အရာ၌လည်း စိတ်ကြောင့်ပင် ကာယကံမှု ကိုယ်မှုကိစ္စအ၀၀၌ ချမ်းသာ ရ၏၊ ၀စီကံမှုပြောမှု၊ ဆွေးနွေးမှု၌ချမ်းသာရ၏။


စိတ်ကြောင့်ပင် ချမ်းသာမှုအမျိုးမျိုးကိုရ၏၊ ဈာန်ချမ်းသာ၊ မဂ်ချမ်သာ၊ ဖိုလ်ချမ်း သာ၊ နိဗ္ဗာန်
ချမ်းသာ အထိရနိုင်၏၊ စိတ်ကြောင့်ပင် မိုးပျံမြေလျှိုးတန်ခိုးပိုင်ရှင်ဖြစ်ရ၏၊ ဤနေရာ၌စိတ်ဟူ သည် မြတ်ဗုဒ္ဓ၏အဆုံးအမတို့ဖြင့် ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမပြု ပြင်ထားသော အပြစ်
ကင်းသော စိတ်ကိုဆိုလို၏၊ `ယောနိသော မနသိကာရ´ဟုလည်း ဆို၏၊ စိတ်ကောင်းပင်
ဖြစ်၏။


ယောနိသော မနသိကာရ(စိတ်ကောင်း) ဟူသည် အနိစ္စဖြစ်သော ရုပ် နာမ် ဓမ္မ သင်္ခါရ အားလုံးနှင့်ပတ်သက်၍ အနိစ္စဟုနားလည်သဘောပေါက်ခြင်း၊ ဒုက္ခဖြစ်သော ရုပ် နာမ် 
ဓမ္မ သင်္ခါရ...

အားလုံးနှင့် ပတ်သက်၍ ဒုက္ခဟုနားလည်သဘောပေါက်ခြင်း၊ အနတ္တ ဖြစ်သော ရုပ် နာမ်
ဓမ္မ သင်္ခါရ...

အားလုံးနှင့်ပတ်သက်၍ အနတ္တဟု နားလည်သဘော ပေါက်ခြင်း၊ အသုဘဖြစ်သော ရုပ်
နာမ် ဓမ္မ သင်္ခါရ...

အားလုံးနှင့် ပတ်သက်၍ အသုဘ ဟုနားလည် သဘောပေါက်ခြင်း၊ ဟုကျမ်းစာတို့၌ ဖွင့်
ဆို၏၊ အရာရာဝယ် အရှိကိုအရှိ အတိုင်း သဘာဝကို သဘာဝအတိုင်း နားလည်လက်ခံနိုင်
သော အသိတရားပင်ဖြစ်၏။


အနိစ္စဟု နားလည်သဘောပေါက်ထာလျှင်ပင် ဘာမှမမြဲသော အရာဝတ္ထုများနှင့် ပတ်သက်
၍ ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံလျှင်လည် စိတ်ဒုက္ခမဖြစ်တော့၊ နားလည်နိုင်၏၊ လက်ခံနိုင်၏၊ 
သက်သာရာရ၏၊ ရပိုင်ခွင့်များနှင့်ကြုံလာလျှင်လည်း ထူး၍မပျော်တော့ လိုလျှင်ယူမည် မလို
လျှင် မယူတော့ ဟု ရောင့်ရဲတင်းတိမ်လာ၏၊ ကြွားဝါဖို့ စိတ်ကူးပင် မရှိတော့၊ ထို့ကြောင့်ပင်
ရှေးဆရာတော်ကြီးများက `စိတ်ကောင်းရှိလျှင် ဟင်းကောင်း လည်းမလို အိမ်ကောင်း
လည်းမလို ကျောင်းကောင်းလည်းမလို´ဟု ဆုံးမတော် မူခဲ့ကြ ခြင်းပင် ဖြစ်၏။


စိတ်ကိုကောင်းသောစိတ်ဖြစ်အောင် ကောင်းသောဖြူစင်သော မနောကံဖြစ် အောင် ကြိုး
စားဖို့ အရေးကြီးပါ၏၊ စိတ်ကောင်းရှိလျှင် ကာယကံအပြု့အမူများလည်း ကောင်းလာမည်
ဖြစ်၏၊ ၀စီကံ အပြောအဆိုများလည်း ယဉ်ကျေးသိမ်မွေ့လာဖြစ်၏၊ ထိုအခါ စိတ်ကောင်းရှိ
၍ အရာရာအားကောင်းလာမည်ဖြစ်၏၊ စိတ်ဆောင်၍ အရာရာ အောင်မြင်လာမည်ဖြစ်၏၊
စိတ်ထားကြီး၍ အရာရာပြီးစီးနိုင်မည်ဖြစ်၏။


ရှောင်ရန်အဖြစ် စိတ်ကို ဒဏ်မခတ်မိဖို့ အရေးကြီး၏၊ စိတ်ကိုဒဏ်ခတ်ခြင်း၊ ဒဏ်ပေးခြင်း
သည် မှန်ကန်သော နည်းလမ်းမဟုတ် အခွင့်အလမ်း အားလုံးကို ပိတ်ဆို့ခြင်း သာ ဖြစ်
ကြောင်း နားလည်အပ်ပါ၏။ ဥပါလိ သူကြွယ်သည် မြတ်ဗုဒ္ဓနှင့် ဆွေးနွေးပြီးသောအခါ 
ကံနှင့် ဒဏ်သဘောတို့ကို နားလည်သွား၏၊ မနောကံ(စိတ်) အရေးကြီးကြောင်းကို
လည်း နားလည်သဘော ပေါက်သွား၏။ဆွေးနွေးဟူသော စကားနှင့်အညီ ဥပါလိသူ 
ကြွယ်၏ သုံးမရသော ဆွေးမြေ့ ဟောင်းနွမ်းနေသော အတွေးအခေါ် အယူအဆ တို့ သည် နွေးထွေးလာ၏၊ နုပျိုလန်း ဆန်းလာ၏၊ စွမ်းအားအဖြစ်ရောက်ရှိလာ၏။


အမှားလမ်းပေါ်၌ စမ်းတ၀ါးဝါး လျှောက်နေရသည့်ဘ၀မှလွတ်မြောက်၍ အမှန် လမ်း
ပေါ်၌ တည့်တည့်မတ်မတ် ယုံကြည်ချက်ရှိရှိ အားမာန်အပြည့်ဖြင့် လျှောက်လှမ်း နိုင်
သူအဖြစ်သို့ တခဏချင်းရောက်ရှိသွား၏၊ သံသရာထွက်ပေါက်ကိုရှာတွေ့၍ နိဗ္ဗာန် 
ဝင်ပေါက်သို့ ဦးတည်မိသွား၏၊ ဤသည်ပင်လျှင် ဥပါလိသူကြွယ်၏ ဆွေးနွေးပွဲမှ 
အပြန် ရရှိလာသော ကြီးမားသော ရလာဘ်ပင်ဖြစ်၏။


ကျမ်းကိုး။ ။ မဇ္ဈိမပဏ္ဏာသပါဠိ၊ ဥပါလိသုတ်ကို မှီငြမ်းပြုပြင် တန်ဆာဆင်ရေးဖွဲ့ထားပါသည်။

အရှင်သိရီဒတ္ထာလင်္ကာရ

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: