Thursday, March 1, 2012

စိတ်အားဖြည့် ဓမ္မသံစဉ်













၁။နေတတ်မှအေးချမ်းမယ်

ဆင်းရဲကင်းပြီး ချမ်းသာချင်ရင်။

သမင်လိုမကျင့်နဲ့ ကြံ့လိုကျင့်။

ကြခတ်ဝါးရုံလိုမကျင့်နဲ့ မျှစ်စိုလိုကျင့်။

ကိုယ်အဖော်လည်း မငြိစေနဲ့ စိတ်အဖော်လည်းမငြိစေနဲ့။



၂။ငြိမ်လေ ငြိမ်းလေ

မြတ်စွာဘုရားရှင်က တိတ်ဆိတ်ငြိမ်သက်မှုကို

အထူးတန်ဘိုးထားတော်မူပါတယ်။

ဆူညံတဲ့နေရာမှာလည်း တရားနဲ့ နေလို့ရတာမှန်ပေမယ့်

တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမှာ

တရားနဲ့နေရတာလောက်တော့ ဘယ်အေးချမ်းပါ့မလဲ။



၃။ကြေးစားကောင်းမှု

ပစ္စုပ္ပန်ကြီးပွားရေးအတွက် ကုသိုလ်ကောင်းမှုပြုတယ်ဆိုတာ

ပစ္စုပ္ပန် စားဝတ်နေရေးအလုပ် လုပ်နေတာပါပဲ။

တမလွန် ချမ်းသာရေးအတွက် ကုသိုလ်ကောင်းမှုပြုနေတယ်ဆိုတာလည်း

ပစ္စုပ္ပန် စားဝတ်နေရေးအလုပ် လုပ်ရတာအားမရလို့

တမလွန် စားဝတ်နေရေးအလုပ်ကို

ခုကတည်းက ကြိုပြီး လုပ်နေတာနဲ့အတူတူပါပဲ။



၎။တောရိပ်လေးကအေးပါတယ်

မြတ်စွာဘုရားရှင်က မြို့မှာဈာန်ရတဲ့သူထက်

တောမှာအိပ်နေတဲ့သူကို ပိုပြီးချီးမွမ်းပါတယ်။

မြို့မှာ အချိန်မရွေး ဈာန်လျှောနိုင်သလို

တောမှာ အချိန်မရွေး တရားရနိုင်လို့ပါ။



၅။အထီးကျန်ရင် အကျည်းတန်တယ်

လက်ရှိအခြေအနေမှာ မပျော်မွေ့နိုင်သူအတွက်

တစ်ယောက်တည်းပဲနေနေ အများနဲ့ပဲနေနေ

အမြဲတန်းအထီးကျန်နေပါတယ်။

မရှိတာကို တောင်းတနေတဲ့သူ ရှိတာကို မကျေနပ်နိုင်တဲ့သူဟာ

မရေမရာအတွေးတွေ မသေချာမျှော်လင့်ချက်တွေနဲ့

ထာဝရအထီးကျန်နေမှာပါပဲ။



၆။အစွဲသိမ်းမှ အမြဲငြိမ်းမယ်

တရားအားထုတ်တဲ့သူမှာ ငါအစွဲ၊ငါ့ဥစ္စာအစွဲ

တဖြည်းဖြည်းလျော့ပါးလာပါတယ်။

ငါစွဲကင်းလေ စိတ်ချမ်းသာလေ

ငါ့ဥစ္စာအစွဲကင်းလေ စိတ်ငြိမ်းအေးလေပါပဲ။



၇။အရှင်းနေမှ အနေရှင်းမယ်

ပတ်ဝန်းကျင်အပေါ် ငြိတွယ်ရှုပ်ထွေးနေတဲ့

ကြခတ်ဝါးပင်ဟာ အပြင်ရောက်ဖို့ခက်ခဲသလို

ကိလေသာအတွင်းအရှုပ် ကာမဂုဏ်အပြင်အရှုပ်တွေနဲ့

ရှုပ်ထွေးနေတဲ့ သူဟာလည်း သံသရာဝဋ်ဆင်းရဲကနေ

ရုန်းထွက်ဖို့ခက်ခဲလှပါတယ်။ မငြိမရှုပ်တဲ့ မျှစ်စိုလိုကျင့်နိုင်မှ

ကိုယ့်ဘဝလွတ်လပ်အေးချမ်းမှာပါ။



၈။အတွယ်အတာမများပါနဲ့

သက်ရှိသက်မဲ့ အာရုံတွေအပေါ်

အငြိအတွယ် အရှုပ်အယှက်များနေတဲ့သူဟာ

သမင်ချိုနဲ့ ငြိတွယ်ရှုပ်ယှက်မှုကြောင့်

သမင်ခမျာဆင်းရဲ ဒုက္ခရောက်ရသလို

အဖော်ခင်တဏှာရဲ့ ငြိတွယ်ရှုပ်ယှက်မှုကြောင့်

အဖော်ခင်သူ လူသားခမျာမှာလည်း

ဆင်းရဲဒုက္ခ မျိုးစုံတွေ့ကြုံခံစားရပါတယ်။



၉။အချိန်မရွေး သတိရပါ

တရားထူး တရားမြတ်ဆိုတာ တင်ပျဉ်ခွေမျက်စိမှိတ်ပြီး

တရားထိုင်နေရင်းနဲ့မှ ရနိုင်တဲ့အရာမဟုတ်ပါဘူး။

သွားရင်း လာရင်း၊လုပ်ရင်းကိုင်ရင်း

ချက်ရင်း လျှော်ရင်း စားရင်း စွန့်ရင်းနဲ့လည်းရနိုင်ပါတယ်။

အချိန်မရွေး နေရာမရွေး တရားထူးရနိုင်တဲ့အတွက်

အချိန်မရွေး နေရာမရွေး တရာထူးရနိုင်တဲ့အတွက်

အချိန်မရွေး နေရာမရွေး တရားရှုမှတ်နေဖို့လိုပါတယ်။



၁၀။ခပ်ခွာခွာလေးနေစမ်းပါ

လက်တစ်ဖက်တည်းမှာ လက်ကောက်နှစ်ကွင်းစွပ်ရင် အသံမြည်တယ်။

တစ်နေရာတည်းမှာ လူနှစ်ယောက်ပေါင်းရင် စကားများတယ်။

စကားမများချင်ရင် တစ်ယောက်တည်းနေပါ။



မှတ်ချက်။ ။အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ၏ စိတ်အားဖြည့် ဓမ္မသံစဉ် စာအုပ်မှကောက်နှုတ်ချက်ဖြစ် ပါတယ်။

စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

www.wiradhamma.blogspot.com/

ဦးဇင်းဘလော့မှာလည်း လာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: