Saturday, March 3, 2012
အောင်ဆန်း သို့မဟုတ် အရိုင်း
(၁)
သူ၏ အောက်မှလူထုကြီးသည် စည်းကမ်း သေဝပ်ခြင်းအတန်ငယ်ကင်းမဲ့စွာနားထောင်လျက်ရှိ၏။ လူထုကြီး သည်
စူးစိုက်ခြင်းမရှိ၊ တချက် ပြုံးရယ်၍ နေ၏။ နောက်နားရှိလူထုအစိတ်အပိုင်းတခုကားအချင်းချင်း ခေါင်းချင်း ကပ်ကာ
တီးတိုး ပြောနေကြ၏။ သို့သော်ပျက်ရယ် ပြုခြင်းကားမရှိ။ လေးစားခြင်းသည်အားလုံး၌ တညီတညွတ် တည်းရှိ၏။
အစိမ်းရောင်ကတ္တီပါကားကြီးသည် သူ့ကို နောက်ကားခံ ၍ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ၊ တောတောင်မှချယ်
လှယ် ထားခြင်း မရှိ။ ပကတိပိန်းပြောင်ပြောင်ဖြစ်၏။ကတ္တီပါကားသည်အခြာဘာအဓိပ္ပာယ် ကိုမျှ ထူးထူးထွေထွေ
မဖော်ပြ၊ သို့သော် မှိုင်းညို့ခြင်းတခုကိုသာရဲဝံ့စွာ ဆောင်ရွက် နေသည်။ သူသည် သည်စိမ်းညိုသော ကားကြီး၏
ရှေ့ စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် မြန်မာပထဝီ မြေကြီးမှ မြန်မာ ဝါဂွမ်းဖြင့်
ယက်လုပ်သည့် ပင်နီဖျဉ်ကြမ်း ကြီးကို ဝတ်ထား၏။ လုံချည်မှာနီရဲသောရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ
ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်း ဒေသ အီကွေတာ ပေါ်ရှိ ကျွန်းစုများတွင်
နေထိုင်သော မွန်ဂိုလီယံ အနွယ် လူရိုင်း မျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတယောက် မျက်နှာနှင့်
လည်း တူ၏။ တက္ကသိုလ် ကျောင်းသား လူလတ် တန်းစား၏ လက္ခဏာ ဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေး
သိမ်းမွေ့ခြင်းတို့သည် သူ့တွင်လုံးဝ မခိုအောင်း။ လမ်းပေါ်တွင် နေရာတကာ တွေ့မြင် နိုင်သောသာမန်ဆင်းရဲသား
တဦးနှင့်သာတူ၏။လူထုထဲမှလူတဦး၏အသွင်အပြင်မျိုးသာ ဖြစ်၏။ သူသည်လက်နှစ်ဖက်ကို ဘေးသို့ကား၍လှုပ်
ကာလှုပ်ကာ စကားပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမ ရှိ၊ ချောမွေ့ခြင်းမရှိ၊သို့သော်အတွင်း၌ကား
အနက်ပါ၏။ သင်ပဌမဆုံး တွေ့မြင်သော အောင်ဆန်း၏ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို
ရေးပြမည်ဖြစ်ပေသည်။ ထိုအခါကား ၁၉၃၆ ခု၊ ပထမဆုံး ကျင်းပ အပ်သော ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်း
သားများ ညီလာခံကြီးကို ရန်ကုန်ဂျူဗလီဟော ခန်းမတွင် ဆင်ယင်သော အခါ ဖြစ်ပေသည်။ ကျွန်တော်သည်
အထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ၊ နယ်မှ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသား
ညီလာခံသို့တက်ရောက် စဉ်အောင် ဆန်း စကားပြောသည်ကို တွေ့ရခြင်း ဖြစ်ပေသည်။ ၁၉၃၆ ခု၊သပိတ်မှောက်
ကိစ္စ တောက်လောင် တော့မည့် ဆဲဆဲ၊ မီးခိုးများ အူနေသည့် အခိုက် ‘အောင်ဆန်း’အမည်ကို သတင်းစာ များ
တွင်ဖတ်ရသောအခါသူ့ကိုသိချင်သောစိတ်ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာတက္ကသိုလ်သမဂ္ဂအသင်း၏ကြွေး
ကြော်သံ ဖြစ်သောအိုးဝေမဂ္ဂဇင်းအယ်ဒီတာဖြစ်၏။ ကျွန်တော်မှာစာပေဝါ သနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေ
မဂ္ဂဇင်း အယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏၊ သူ့အကြောင်းကို သိချင်၏၊ တွေ့ဘူးချင်၏။ သို့သော် ဂျူဗ
လီဟော ကျောင်းသားများညီလာခံတွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့မြင် ကြားနာရသော အခါ အ
ထင်နှင့် အမြင်ကွာ နေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ် ကျောင်းသာ၊ ရုပ်ဖြောင့်၊ ဂိုက်
ကျ၊ စကား ပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့်အတော် အထင်ကြီးထားလေ၏ ။ တွေ့ရသော အခါ
ရုပ်ကလည်း မဖြောင့်၊ စကားပြောလည်း မပြေပြစ်၊ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။ထိုအခါ ကျွန်တော့်မှာ အရွယ် နု
နယ်သေး၍စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကိုရုပ်ဖြောင့် စေချင်၊ စကား ပြောကောင်း စေချင်နေ၏။ ထို့ကြောင့်
စိတ်ထဲက မကျေနပ်။
(၂)
နောက် ၁ နှစ်ခန့် ကြာသော အခါ၊ ကျွန်တော်သည် တက္ကသိုလ်သို့ ရောက်၍ နေသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့်
၁၉၃၇ - ၃၈ ခုနှစ်တွင်ကိုအောင်ဆန်းသည်တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဌ၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သ
မဂ္ဂတွင် ဥက္ကဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိ ဖြစ်လာ၏။ အသိ ဖြစ်ရုံ ဖြစ်သည်၊ မရင်းနှီးခဲ့ပေ။
သူနှင့်ကား ရင်းနှီး၍ မဖြစ်၊ သူသည်ရင်းနှီး၍ရသောလူစားမျိုးမဟုတ်၊ နိုင်ငံရေးအတူတူတွဲဖက် လုပ်လျှင်သာသူနှင့် ရင်းနှီးမည်
ဖြစ်၏။ တက္ကသိုလ်တွင် နေစဉ် ကျွန်တော်သည် သမဂ္ဂ နိုင်ငံရေးကိုသာ တဖက်သတ် မလိုက်၊ စာပေ ကဗျာလည်း ရေးချင်၏။
ဂီတကိုလည်း လိုက်စား၏။ သည်လို အစုံလုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက် ဖြစ်သည်။
ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဗဟိန်းက အသိ ဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေးသမား သက်သက် မ
ဟုတ်သဖြင့် သူ၏ အသိ မိတ်ဆွေထက် လွန်မြောက်၍ ရင်းနှီးသော အဖြစ်သို့ မရောက်သွားခဲ့ပေ။ သခင် ဗဟိန်းနှင့်ကား သည်
လို မဟုတ်။ သခင် ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့သူ ဖြစ်၏။ စာပေ၊ ကဗျာ၊ လင်္ကာကို နှစ်သက်၏။ ဂီတကိုချစ်၏။ ထို့ကြောင့်
သူနှင့်ကျွန်တော် ခဏနှင့်ပင်ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ် ဖြစ်နေသည့် ဘဝအထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက်။ ကျွန်တော်
ကား နိုင်ငံရေး သမားလည်း မဟုတ်။ သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်း နှင့်ကား သည်ကဲ့သို့ မဟုတ်။ ကျွန်တော် စာ
ရေး ဝါသနာ ပါသည်ကို ကိုအောင်ဆန်း သိ၏။ သို့ရာတွင် ကျွန်တော် ရေးခဲ့သော ဒဂုန် မဂ္ဂဇင်းမှရတု ပိုဒ်စုံစသော ကဗျာများ၊
ဝတ္ထုတို၊ ဆောင်းပါး စသည့်စာပေများကို သူအကုန် ဖတ်ဖူး လိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်း မဟုတ်။ သို့
သော် တခါက သခင် ဗဟိန်းနှင့်အတူ သမဂ္ဂ အမှုဆောင် ကော်မ တီအခန်းတွင်ပင်းယမဂ္ဂဇင်း၌ပုံနှိပ်ထားသောကျွန်တော်၏
ဆောင်းပါးတခုကိုကားကျွန်တော့် ရှေ့တွင်ဖတ်သည်ကို တွေ့ရ ဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက်ပေး၏။ ကိုအောင်ဆန်းသည်
လည်းအင်္ဂလိပ် မြန်မာ ဆောင်းပါးရှင် တဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး သားသော သူ၏ ဆောင်းပါးများကို
ဂန္ထလောကမဂ္ဂဇင်းတွင်ဖတ်ရ ဖူးသည်။ သူသည်ဗုဒ္ဓဘာသာတရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။
ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အ
လှန် ရေးသည်။ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အသင်း၏ွွေ့ကးကြော်သံ ‘မျိုးညွန့်’ မဂ္ဂဇင်းတွင် ပါ
သော သူ၏ ‘လောကဝိဟာ’ အမည်ရှိဆောင်းပါးတိုကလေး ကိုကား သဘော ကျခဲ့၏။ ကမ္ဘာ လောကကြီးအား ကိုယ်
တွေ့ပညာဗဟုသုတအမြင်တို့ကို ပေးသောစာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် မြန်
မာစာ အရေး ညံ့သူ မဟုတ်ပေ၊ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။ တခါတရံ ဟာသဉာဏ် ပါ၏။
ပုသိမ် မြို့တွင် ကျင်းပသော ကျောင်းသားများ ညီလာခံ၌သူ၏ ဥက္ကဌ မိန့်ခွန်းတွင် ကင်းဘဲလ်အစီရင်ခံစာကို ‘ပညာရေး
ပူရာဏ် ကျမ်းကြီးပေ တကား….’ ဟု ပြောင်လှောင် ထားသည်မှာ သရော်ချက်ပါပေသည်။ ကျောင်းမှထွက်ပြီးဒို့ဗမာအ
စည်းအရုံးသို့ဝင်သောအခါငတ်ပြတ်လာ၍လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်းကျွန်တော့်ကို ပြော၏။
ကျွန်တော်လည်း တိုက်ရှင်တို့နှင့် စီစဉ်၍ လစဉ် ကိုအောင်ဆန်း ဆောင်းပါးများပါစေသည်။ ဒဂုန် မဂ္ဂဇင်းက ကိုအောင်
ဆန်း ရေးသော ဆောင်းပါးများအတွက် ဆုချီးမြှင့်၏။ သူရေးသော ဆောင်းပါးကား‘နိုင်ငံရေးအမျိုးမျိုး’ဟူသော
ဆောင်းပါး ဖြစ်သည်။ ဂရိ နိုင်ငံရေးအစချီ၍မျက်မှောက် မြန်မာနိုင်ငံရေးအခြေအနေ အထိ ရေး၏။ စာပြောင်၏။
ဖတ်၍ ကောင်း၏။ သူလည်း ဒဂုန်တွင် ကြာကြာ မရေးရ၊ မကြာခင် ဂျပန် ပြည်သို့ ထွက်သွားသဖြင့် သူ့ ဆောင်း
ပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ငြိုးထား၍လားမပြောတတ်၊ ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ် မှာပင် ပိတ်ခြင်း ခံရ
ရှာလေသည်။
(၃)
သမဂ္ဂဥက္ကဌ ဖြစ်သော ၁၉၃၈-၃၉ ခုနှစ်ကသူသည် ဘီအယ်လ်တန်းတွင် ရှိ၍ပဲခူး ကျောင်းဆောင်အလယ်ထပ် တွင် နေသည်။
သူ၏အခန်းသည်သပ်ယပ်ခြင်းကင်းမဲ့၏။ အခန်းတွင်စာအုပ်များ ပြည့်နှက်၍ နေ၏။ စာအုပ်များသည် စားပွဲပေါ် တချို့၊ ဘီ
ဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ ပြန့်ကြဲကာ ရုန်းရင်း ဆန်ခတ် ဖြစ်၍ နေကြ၏။ သူသည် အင်မတန် စာဖတ်သူ တ
ယောက် ဖြစ်၏။ သူသည် ဒေါသ ကြီးသူ တဦး ဖြစ်၏။ သည်လို အများက ထင်၏။ ကျွန်တော့် အဖို့ကား ဒေါသကြီး
သည် မကြီးသည်ကို မသိ၊ သူ့တွင် စိတ်လိုက် မာန်ပါ စိတ်တွေ ရှိသည်ဟုကျွန်တော် ထင်၏။ နှစ်ကိုကား အသေအချာ
မမှတ်မိတော့။ သပိတ်မှောက်နှစ်လည် အထိမ်းအမှတ်ပွဲတခု တက္ကသိုလ် သမဂ္ဂတွင် ကျင်းပ၏။ ပရိတ်သတ်ထဲက ထ၍
ဝေဖန် စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့် အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလား ကျောင်းသားတဦး
က ဥက္ကဌဟောင်း မစ္စတာရာရှစ်ကို ဝေဖန်ရာ ၌အတော် ထိခိုက်သော အပြစ်တွေကို ထုတ်ဖော် ပြောလေသည်။ ကု
လား ကျောင်းသား ပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည် ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်း
သည် မစ္စတာရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ‘ရဲရင်ထွက်’ စသော အသုံးမျိုး သုံး၏။ လက်
သီး ဆုပ်ကာ ကုလားအနီးသို့တိုး၍ သွား၏။ ဘေးက ကျောင်းသား များကဝိုင်း၍ ဆွဲထား ကြလေ၏။သူသည် ဒေါသ
ကြောင့် ဆတ်ဆတ် တုန်လျက် ရှိလေသည်။ ကုလား - ဗမာ အဓိကရုဏ်း အပြီး ဒေါက်တာ ဘမော်၏ တက္ကသိုလ်
ဥပဒေ ပြင်ဆင်ရေး အဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ညိုမြ အမှူး ရှိသော ကျောင်း
သားတစုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည် မရှိ အဆို တင်သွင်း၏။ ထို အစည်းအဝေး၌ ကိုအောင်ဆန်း
သည် ညိုမြကို ဒေါပွကာ ဥက္ကဌကုလားထိုင်မှ နေ၍ ညိုမြ အတင်းကို တော် ပြောလိုက်လေသည်။ သည်လို စိတ်လိုက်
မာန်ပါ ပြောပြီး နောက်တပတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြအားရှုတ်ချသော စကားများကို
ရုပ်သိမ်း လိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ် ကျောင်းဆောင် အသီသီးတွင်ထွက်ပေါ်၍လာလေသည်။ တက္ကသိုလ်
တွင်ရှိစဉ်ကကိုအောင်ဆန်းသည်ပြုံးသောမျက်နှာထားကိုထားခဲ့၏။ သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တခါ တွေ့ဖူး
သော သူကို နောက်တခါ တွေ့လျှင် နှုတ်ဆက်ချင်မှ ဆက်၏။ သူ့ကို သိသူက ပြုံးပြ သော်လည်းသူသည်တုံ့ပြန်၍ပြုံး
ချင်မှပြုံး၏။ ဥက္ကဌ ဖြစ်သဖြင့်သူ့ကိုကား ကျောင်းသားတိုင်းက သိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာတွေး
နေဟန် တူ၏။ မြန်မာပြည်၏လွတ်လပ်ရေးအတွက် စိတ်ပူပုံရ၏။ ထို့ကြောင့်သူသည်သုန်မှုန်လျက်ရှိနေသည်။ သူစကား
ပြောလျှင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ ပြောနေစဉ် ဘေးရှိ လူများက နားထောင် နေရသည်။ ဘေး
က လူများ၏ စကားကို သူမကြား၊ သူပြောချင် တာတွေ ကိုသာ စွတ်၍ ပြောနေ တတ်သည်။
(၄)
တခါကရန်ကုန်ကိုဂျပန်တို့သိမ်းပိုက်စအချိန်၊ ဝိတိုရိယရိပ်သာရှိအိမ်တအိမ်တွင်သခင်မြနှင့်ရဲဘော်များ နေထိုင် လျက် ရှိ
ကြသည်။ ကျွန်တော့် မှာလည်း တောက ရောက်ခါစ ဖြစ်သည်။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်ကထိုင်ကာတီးနေ
၏။ ဘေးမှ သခင်စံဝေနှင့် တက္ကသိုလ် ကျောင်းသား အချို့က ဝိုင်း၍ သီချင်း လိုက်ဆိုလျက် ရှိ၏။ ဘီအိုင်အေ သမား
များမှာ ဂီတ အင်မတန်ငတ်နေ၍ သီချင်းသံကို တောင့်တသဖြင့် အတင်း တီးခိုင်း ကြ၏။ စန္ဒယားမှာ အသံတွေ ပျက်
နေ၏။ “ချစ်ခင် မှာလား ….ကြင်မှာလား ခင်ခင်ရယ် …. ချစ်သဲနွယ် …. အဟုတ်ကို ချစ်တော့မယ် …. ခင်ရယ်ကြင်
မယ် ….။ ဝိုင်း၍ သီဆို နေကြရာမှ သည်နေရာ သို့ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် - ဂေါက်- ဂေါက်
နှင့် တဖက်မှ လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက် ရပ်လျက် ….‘ဟေ့…ရပ်ကြ။ ခုလို အခါမျိုးမှာ ရဲစိတ်
ရဲမာန် တက်စေမယ့် ရဲတင်းသံ ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင်မယ် သီချင်းမျိုးကမဟန်ဘူး….”ရုတ်တရက် ကြောင်
၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။ သူသည် သူ ပြောချင်တာ ပြောပြီး၍ထွက်သွားလေသည်။ ကျွန်တော်
တို့လည်း ဆက်လက် သီဆိုကာကျန်ရစ်ခဲ့ကြသည်။ သူကားသည်လိုလူစားမျိုး။ သမဂ္ဂဥက္ကဌကိုလှမောင်(ယခုသံအမတ်)၏
လက်ထပ်ပွဲသည်ဘီအိုင်အေ ခေတ်၌ ရွှေတောင်ကြားတွင်ကျင်းပသည်။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေ သမားများတွင်
ပထမ ဦးဆုံး ဖြစ်၏။ လက်ထပ်ပွဲ ပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးလျက် ရှိကြ၏။ စန္ဒယားဆရာ တ
ဦးက တီးကာ ဖျော်ဖြေလျက် ရှိသည်။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားကို ရပ်စေကာ ကျွန်တော့်ကို လူကြား
ထဲမှ အတင်း ဆွဲခေါ်၍ သီချင်းတပုဒ်ကို ဇွတ်တီး ခိုင်း၏။ သူသည်စန္ဒယားကို လက်ထောက်ကာ မရတရဖြင့် လိုက်ဆိုနေ
၏။ တီးသော သီချင်းမှာ‘ကဉ္စန’ သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တပုဒ် တီးခိုင်း ပြန်၏။ တခါ
က ဂျပန်ခေတ် ဝန်ကြီး တဦး၏ ထမင်း စားပွဲတွင် သူ လာ၏။ ထမင်း စားပွဲာစမည် ပြုသောအခါ သူ့ကိုစစ်သေနာပတိ
ဟု အားလုံးက လေးစားသော အားဖြင့် ထမင်းစားခန်းကြီး ထဲသို့ သူ့ကို အရင် ဝင်စေ၏။ ဧည့်သည်များကား အဝတွင်
ရပ်၍ သူ့အဝင်ကို စောင့်လျက် နေကြသည်။ သူသည် စစ်ဝတ် စစ်စားနှင့် ဝင်လာကာ ရုတ်တရက် စားပွဲထိပ် ကုလား
ထိုင်တွင် ဝင်ထိုင် လိုက်ပြီး ဇက်ကနဲ ဘယာကျော်တတုံးကိုယူစားလိုက်လေ၏။ သူ ထမင်းစားနေစဉ်ဧည့်သည်လာ ၍
လည်း မြန်မာ့ဧည့်ဝတ်ထုံးစံအရ ထမင်းစားပါအုံးလားဟုခေါ်ချင်မှခေါ်သော လူစားမျိုး ဖြစ်၏။ ဒါကြောင့် သူ့ကို မိတ်
ဆွေရင်းများက ‘ကြောင်’ သည်ဟု အမှတ်ထားကြလေ၏။
(၅)
သူ့တွင် သိမ်မွေ့ခြင်း မရှိ၊ အလှအပကိုသူမမက်မော၊ သူကြမ်းတမ်းသည်၊ ရိုင်းသည်။ ဆက်ဆံ ပေါင်းသင်းရေးတွင်ရှိ
သောဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်းစသည်တို့ကိုသူသည်လုံးဝဂရုမစိုက်။ ဂီတ ၊ပန်းချီ၊ သဘင်စသောအနုပညာရပ်များ
ကိုမလိုက်စား၊ သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင်မလုပ်၊ သူ၏နဂိုအတိုင်းခပ်ရိုင်းရိုင်းခပ်ကြမ်းကြမ်း မပြုမပြင်ဘဲနေ
၏။ သူ့တွင် နိုင်ငံရေး ဝိဉာဉ်ကားပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေး တခုတည်းကိုသာလုပ်သော လူတဦး ဖြစ်၏။
သူသည် ရိုင်း၏၊ ကြမ်း၏၊ ကြောင်၏။ကိစ္စမရှိ။ သူသည်ဧည့်ခံခန်းဆောင်မှဂုဏ်သရေရှိ လူကြီး လူကောင်း မဟုတ်။
တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စ မရှိ။
၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံး တွေ့၏။ သူသည် အနုပညာ အကြောင်းကို ပြောပြ၏။ “အနုပညာဆိုတာ
ရှိတာပဲ၊ လင်မယား ဘဝ မှာလဲ အနုပညာ မဲ့ရင် လင်မယား ကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေး မှာလဲ အနုပညာရှိတာ
ပဲ။ အနုပညာ မြောက်မှ တော်လှန်ရေးဟာလဲတကယ့် တော်လှန်ရေးအစစ်ပဲ….”။ ဆရာမ ဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစ
လက်မထပ်ခင် ၃ - ၄ ရက် အလိုက ကိုဗဟိန်းကို လာရှာရင်း ကျွန်တော်နှင့် သွားတွေ့၏။ သူသည် ဧည့်ခန်းရှိ အဖုံး
ပိတ်ရှိသော စန္ဒယားတွင် လက်ထောက်ကာ “ဒီမယ် … အိမ်ထောင် ပြုတယ် ဆိုတာ သိပ် စဉ်းစား တွေဝေ နေလို့ မရ
ဘူးဗျ။ တခါထဲ ဇွတ်လုပ် လိုက်ရတယ် …” ဟု မမေးဘဲ သူ ဘာသာသူ ပြောနေ၏။ လက်ထပ် ပြီးစက ကျွန်တော်
ရေးလျက် ရှိသော လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ်နှင့် ပတ်သက်၍ သူနှင့်တိုင်ပင်ရန် အင်းလျား ကန်စောင်းရှိ သူ့အိမ်
သို့ ရောက်သွား၏။ ဧည့်ခန်းတွင် ခေတ္တ စောင့်နေရ၏။ ထွက်လာသောအခါသူ့ နှုတ်ခမ်းတွင် ရဲနေ သည်ကို တွေ့ရ၍
မပြုံးမိအောင်ဟန်ဆောင် နေရ၏။ သည့်နောက်သူနှင့်ကျွန်တော် မတွေ့တော့။ တွေ့ဆုံဖို့လည်းအကြောင်းမရှိ။အကြောင်းမ
ရှိဘဲသူ့ဆီသွားလည်လည်း ဖော်ဖော်ရွေရွေ လောကွတ် ပျူငှာ ခေါ်မည့် လူစား မျိုးလဲမဟုတ်။
တခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့်တပြုံကြီးကို မြင်လိုက်ရ၏။ “အော်…သား
နဲ့ မယား နဲ့မို့ လူစိတ် တော်တော် ပေါက်လာပြီ၊ အရင် ကလို ‘ကြောင်’ တော့မည် မဟုတ်၊အ ကြမ်း အရိုင်းမှ ယဉ်
ကျေးတော့မည်” ဟု အောက်မေ့လိုက်၏။ မှန် မမှန်ကား မပြောတတ်။ ဖဆပလ ဥက္ကဌ၊ အမျိုးသား ခေါင်းဆောင် ဦး
အောင်ဆန်းကိုကား ကျွန်တော် မသိ။ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်၊ သူ၏ လူအဖြစ်သာ ကျွန်တော် သိသည့်
အထိ ပြောပြခြင်း ဖြစ်ပေသည်။ တခုတော့ ထင်သည်။ သူသည် လူထဲမှ လူတဦး ဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူ
ထု ခေါင်းဆောင် ဖြစ်လာသည် ဖြစ်လိမ့်မည်။ ။
ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၆ (ရုပ်ပုံလွှာမှ)
Labels:
ဆောင်းပါး
No comments:
Post a Comment