သင်္ကြန် ....အော် သင်္ကြန် ......နှစ်အကူး ရွှင်မြူးလေတဲ့ သကြန် တဲ့.....သီချင်းတွေလဲ ကြားဘူးပါ ရဲ့ ......
သင်္ကြန်တွေမှာလဲ ပျော်ခဲ့ဘူးပါရဲ့...ဒါပေမဲ့ သူများက ‘သင်္ကြန်’ပြောလို့ ပြောနေရတယ်။တကယ်တော့ သ
င်္ကြန်ရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့တာ အမှန်ပါ။ ငယ်ရွယ်သူတွေက သိလိုရေး နှင့် ဖွင့်မေးလာသည့် အ ခါ
မှာတောင်မှ ဖြေစရာ မရှိခဲ့ချေ.. ဒါနဲ့ပဲ စာပေမှာ ဖွေရှာလေ့လာ ကြည့်မိသောအခါ သင်္ကြန်ဆိုတာကို ဒီလို
နားလည်ခဲ့ရပါတော့တယ် ။
သင်္ကြန်ပွဲတော် ဟူသည် မြန်မာပြည်အပါအ၀င် အရှေ့တောင် အာရှဒေသ၏ နှစ်သစ်ကို ကြိုဆိုသည့်အနေ
အားဖြင့် ကျင်းပသည့် ပွဲတော်တခု ဖြစ်သည်။ "ကူးပြောင်းခြင်း၊ ပြောင်းရွှေ့ခြင်း"ဟု အဓိပ္ပါယ်ရသော ပါဠိဘာ
သာ"သင်္ကန္တ"၊ သက္က တဘာသာ " သင်္ကြန္တ" တို့ကို တိုက်ရိုက် မြန်မာမှု့ပြု၍ "သင်္ကြန်"ဟု ခေါ်ဆိုကြခြင်း ဖြစ်
ပါ၏ ။
သက္ကတ ဘာသာစကားကနေ ဆင်းသက်လာတဲ့ သင်္ကန္တ စကားလုံးဟာ သက်ဆိုင်ရာ ဒေသနေ ပြည်သူတွေ
ရဲ့ ၀န်းကျင် အခြေအနေပေါ်မှာ မူတည်ပြီး ကွဲပြားခြားနားမှု ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာတို့ရဲ့
သင်္ကြန်၊ ထိုင်း တို့ရဲ့ ဆွန်ကရန် (Song Kran)၊ ကမ္ဘောဒီးယား ချိုချနန်သမေး (Chol Chnam Thmey)၊
လာအို တို့ရဲ့ ဘီးမိုင် (Bpee Mai) နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဒိုင် လူမျိုးတို့ရဲ့ ရေသဘင်ပွဲဆိုတဲ့ နှစ်သစ်
ကူး ပွဲတော်တို့ဟာ တစ်ခုတည်းသော ရင်းမြစ်က ဆင်းသက်လာခဲ့တဲ့ ပွဲတော်များ ဖြစ်ပါတော့တယ်။
သင်္ကြန်အကျဉ်း ဆိုလိုရင်း
အကျဉ်းအားဖြင့်တော့ အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်
ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်း
တစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို
အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိခဲ့ရပါတယ်။ ဒီိတော့သင်္ကြန်ဆိုတာပြောင်းလဲ
ခြင်း၊ ပြောင်းရွှေ့ခြင်း လို့ အကျဉ်းအားဖြင့် မှတ်ယူနိုင်ပါတယ် ။
သင်္ကြန် အကျယ် သိမှတ်ဖွယ်
သင်္ကြန်ရဲ့ အဓိပ္ပါယ်ကို အကျဉ်းမျှဖြင့် သဘောပေါက် နားလယ်ဖို့ မလွယ်ကူဘူး ထင်မိပါတယ် ။ ဒါကြောင့်
အကျယ်ချဲ့  လေ့လာကြည့်တဲ့ အခါမှာတော့ ဤသို့ အကျယ်အားဖြင့် လေ့လာ သိရှိ မှတ်သားခဲ့ရပါတယ် ။
ဤကမ္ဘာမြေကြီးသည် နေကို ဗဟိုပြု၍ မိဿရာသီမှ စ၍ ပြိဿ၊ မေထုန်၊ ကရကဋ္ဋ်၊ သိဟ်၊ ကန်၊ ဗြိစ္ဆာ၊ ဓနု၊
မကာရ၊မိန်ဟူသော ၁၂ ရာသီခွင်တို့သို့ အစဉ်လိုက်ကူးပြောင်းလှည့် ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာ
ရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီ အစဖြစ်တဲ့ အဿဝနီ နက္ခတ် ပထမ ပတ်သို့ စတင်ဝင်
ရောက် ပါတယ်.. ယင်းသို့ ရာသီခွင်တပတ်လည်ဝင်ရောက်စအချိန်ကို ရာသီတခုမှ ရာသီတခုသို့ကူးပြောင်း
သောကြောင့်"သင်္ကြန်" ကျသည်ဟုခေါ်ဆိုပါတယ် ။
စူဠ မဟာ သင်္ကြန်အခါ
တနှစ်မှာ န၀င်းအရေအတွက် ၁၀၈ န၀င်းဖြစ်၍ သင်္ကြန် ၁၀၈ ကြိမ်၊ နက္ခတ် ၂၇ လုံး ဖြစ်၍ သင်္ကြန် ၂၇ကြိမ်
၊ ရာသီ ၁၂ ခုဖြစ်၍ သင်္ကြန် ၁၂ ကြိမ် ကျသည်၊ ၁၂ကြိမ် ကူးပြောင်း သည်ဟု ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယင်း
ကူးပြောင်းခြင်း သို့မဟုတ် သင်္ကြန်ကျခြင်း တို့မှာ"သာမည ကူးပြောင်းခြင်း" ဖြစ်၍ "အငယ်စား- စူဠသင်္ကြန်"
တို့သာ ဖြစ်နေသည့် အတွက် လူတို့ က အလေးအနက် မထားမကြပါဘူး ။ ဂြိုဟ်အပေါင်းတို့၏မိခင်ဖြစ်သော
တနင်္ဂနွေဂြိုဟ် ကိုသာ အလေးဂရုပြု ကာဖြင့် နှစ်၊ လ၊ ရက်တို့ကို မှတ်သားကြ သောကြောင့် တနင်္ဂနွေဂြိုဟ်
ပြောင်းရွှေ့ ကူးပြောင်း ခြင်းကို သာလျှင် "သင်္ကြန်" ဟု ၎င်း၊ "သင်္ကြန်ကြီး- မဟာ သင်္ကြန်"ဟု ၎င်း အလေး
အမြတ်ပြုမှတ်သားလျက် သင်္ကြန်ပွဲတော်ကို ဆင်နွှဲ ကျင်းပ ကြပါတယ် ။ ထို့ကြောင့် ဧပြီလအစပိုင်း သို့မ
ဟုတ် အဆုံးပိုင်းရက်များ တွင်ဖြစ်စေ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လ များတွင်ဖြစ်စေ ကျင်းပလေ့ ရှိကြသော အ
နောက်နိုင်ငံများနေ မြန်မာတို့၏ သင်္ကြန်ပွဲများ သည် "မဟာသင်္ကြန်ပွဲ " မဟုတ်ဘဲ "စူဠသင်္ကြန်ပွဲ" များသာ
ဖြစ် သည်ဟု သတိပြုနားလည်ရမည်ဖြစ်ပါတယ်
သင်္ကြန် ကြို..အကျ ...အယူ အဆ
တာဝတိံသာနတ်ပြည်မှ သိကြားမင်းသည် သင်္ကြန်ကျချိန်မှာ လူ့ပြည်သို့ ခေတ္တခဏ ဆင်းလာလေ့ရှိတယ်။
သိကြားမင်း လူ့ ပြည်ဆင်းချိန် သည် "သင်္ကြန်ကျချိန်"ဖြစ်၍...မဆင်းမီ တရက် အလို သိကြားမင်းကို ကြိုဆို
သော နေ့ကိုတော့ "သင်္ကြန်အကြိုနေ့" ဟု ခေါ်ဆိုကြတယ် ဟု ယူဆ ဖေါ်ပြလေ့ ရှိပါတယ် ။
သင်္ကြန်ကျရက် ဤသို့တွက်
အကြမ်းဖျင်းအားဖြင့် သင်္ကြန်ကျမည့်ရက်ကို အလွယ်တကူ သိနိုင်သော နည်းမှာ လွန်ခဲ့ သောနှစ် သင်္ကြန်
အတက် ရက်မှ စ၍ ရေတွက်လျှင် ၃၆၄ ရက်မြောက်နေ့သည် ယခုရောက်ဆဲ နှစ်၏ သင်္ကြန်အကျ နေ့ ပင်
ဖြစ်ပါတယ်။ အတိအကျအားဖြင့် လွန်ခဲ့သောနှစ် သင်္ကြန်ကျသောနေ့ ရက်အချိန်မှ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂
မိနစ် ၃၇ စက္ကန့်ပြည့်သောအချိန်နေ့ရက်သည် ယခု ရောက်ဆဲနှစ်၏ သင်္ကြန်အကျနေ့ ဖြစ်ပါတယ် ။
သင်္ကြန်ပုံပြင် ဖတ်လိုလျှင်
တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားလက်ဆုံ ပြောကြရာ ကဿပ ဘုရားရှင် လက်ထက်
မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပြီး ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီဖြစ်ကြောင်း သိကြား
မင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသတဲ့ ။ ထို့နောက် ရှုံးတဲ့သူက ခေါင်းဖြတ်
ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံး
အဖြတ် ခံယူပါသတဲ့ ။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်
သာ ရှိတော့သည်ဟု အဆုံးအဖြတ်ပေးခဲ့လေသတဲ့။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်း ကို အဓိ
ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ် ။ ထို ဗြဟ္မာ ဦးခေါင်းပြတ်ကြီး သိကြားမင်း
လက် ထက်ထဲသို့ ရောက်သည့်အခါမှ သိကြားမင်း စဉ်းစားမိသည်မှာ...။ မြေပေါ်ချထားလျှင် ၇ နှစ် ကမ္ဘာ
မီးလောင် ပြီး မိုးခေါင်လိမ့်မည် ရေ တွင် ထားပါက လည်း သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်သွား လိမ့်
မည် လို့ပါပဲ ..ဒီတော့ မြေမှာလဲ မထား..ရေ သို့လို့ မပို့တော့ပဲ့  နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင်တစ်
ယောက်ကြ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်အပ်နှံပေးထားလိုက်ပါတော့သတဲ့ ။ ထို နတ်သမီးတွေ ရဲ့
တစ်ဦးနဲ့ တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်း ကိုလည်း သင်္ကန္တ ဟို ခေါ်ပြီး ထိုမှ ရွေ့လျှော ဆင်းသက်
ရာမှ သင်္ကြန်ဆိုတာ ဖြစ်လာပါသတဲ့....။ မြန်မာပြည်တွင် တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာ
လည်း ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။ ဘာပဲပြော
ပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။
မြန်မာသင်္ကြန်ပွဲတော်များ အစ ...ပုဂံခေတ်က
ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း
လက်ထက်တွင် ဟု သိရပါတယ်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲ
အောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာလုပ်ကြံ သည်အထိ ဖြစ်ခဲ့ပါတော့တယ် ။
အချိန်မှီ သိရှိသဖြင့် ဘုရင့်အသက်မသေခဲ့သော်လည်း မိဖုရားစောလုံကိုတော့ မီးကျီးခဲ ရဲရဲတွင် မီးကင်သတ်
စေခဲ့ပါတယ် ။သင်္ကြန် အစ၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုဟုသာ ဆိုပါရစေ....။
ရှောင်ကြဉ်ဖွယ်ရာ အဖြာဖြာ
ဟိုးတစ်ချိန်က ရှေးပညာရှိကြီးတွေ ဟာ အတာနှစ်ဦးမှာ ရှောင်ကြဉ်ရ မယ့် ဓလေ့တချို့မှတ်သားဖွယ် ဖော်
ထုတ်သွားခဲ့တာကို သတိရဆင်ခြင် ရမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ အတာသင်္ကြန်အခါတွင်
ရုဒံ = ငိုကြွေးခြင်းကိုသော် ၎င်း၊
မေထုနဉ္စ = မေထုံမှီဝဲခြင်းကိုသော် ၎င်း၊
မံသံ = ဟင်းမျိုးစိမ်းကို ဝယ်စားခြင်းမှသော် ၎င်း၊
သူရ = သေရည်သေရက်သောက်ခြင်း ကို သော် ၎င်း၊
ကောဓောစ = အမျက်ထွက်ခြင်းကိုသော် ၎င်း၊
ရုဓံ = သွေးထုတ်ခြင်းကို သော် ၎င်း၊
တေလိကံ = ဆေးဆီလိမ်းခြင်းကိုသော် ၎င်း၊
နကေရ- မပြုရာ၊ မရောင်း အပ်။ ဣမာနိဒသ ကမ္မာနိ- ဤသို့ဆယ်ပါးသောအမှုတို့ကို၊ သက္ကောပိ-
သိကြားမင်း သော်၎င်း၊ ပရိဇ္ဇယေ-ဖဲကြဉ်ရာ၏။
မြန်မာသက်သက်အနေဖြင့် ဖေါ်ပြရမူ
(၁) ငိုကြွေးခြင်း၊ ပူဆွေးခြင်း။
(၂) လိင်ဆက်ဆံခြင်း။
(၃) သူတပါးအသက်သတ်ဖြတ်ခြင်း။
(၄) အရက်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း။
(၅) စိတ်ဆိုးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း။
(၆) သွေးဖောက်၊ သွေးထုတ်ခြင်း။
(၇) ဆီလိမ်း၊ ဆေးလိမ်းခြင်း။
(၈) သစ်ပင်ခုတ်ဖြတ်ခြင်း၊ ထင်းခုတ်ခြင်း။
(၉) ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်း။
(၁၀) ကုန်ပစ္စည်းရောင်းချခြင်း၊ ဆိုင်ထွက်ခြင်း တို့ ဖြစ်ပါတယ်...။
ထို(၁၀)ပါးသေားအမှု့တို့ကို မကြဉ်ရှောင်သောသူတို့ အား နတ်သိကြား မင်းတို့သည် ခွေးသရေပေါ်တွင်
မှတ်တမ်းသွင်းကာ မကောင်းသောကြည့်ခြင်းဖြင့် လူဆိုးစာရင်းသွင်း မှတ်တမ်းတင်ခြင်း ခံရတယ်လို့ မှတ်
သားရပါတယ်....။ ဒါကြောင့် ပျို့ကဗျာတွေမှာ
”မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြော်ကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊
မသာနှလုံး၊ ညှိုးချုံးစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရှာ၊ မေထု နာနှင့် ပါဏာသတ်ပုတ်၊
သောက် ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့်ဒေါသမလွတ်၊ ဆီပွတ်လိမ်းဆင်၊ သစ်ပင်ခုတ်ဖြတ်၊
သတ်ခတ်တုန် ရှောင်၊ အရောင်းအဝယ်၊ ဤတစ် ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင် ထား၊ မြင်းမိုရ်
ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်။ ဤကားသင်္ကြန်အလိုတည်း”
အကြံစည်တွေကို ရှေင်ကြဉ်ရပါတယ် ။
သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ
"မဟာသင်္ကြန်" နှင့် တွဲဖက်၍ "အတာ" ဟူသော ဝေါဟာရ၊ "အတာစား "ဟူသော ဝေါဟာရ တို့ကို ပြောဆို
သုံးစွဲ နေတာကို တွေ့ရပါမယ် ။ "အတာ"ဟူသည် လောကီ အလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့်
"အန္တ-အဆုံး "ဟူသော ပါဠိပုဒ်မှ "အတာ" ဖြစ်လာသည်ဟုလည်း ကြံဆ ကြပါတယ် ။ ယင်းအလို အားဖြင့်
"အတာ"ဟူသည် " နောက်ဆုံး ကာလ၊ အကျပိုင်း ကာလ" ကို ဆိုလိုပါတယ်
အတာရက်ကို ဤသို့ဆို
"အတာရက်"မှာ သင်္ကြန် အတက်ရက် ဖြစ်၏။နှစ်တနှစ်၏နောက်ဆုံးရက်ပင် ဖြစ်တယ် ။ သင်္ကြန်အတက်
ရက်နှင့် မွေးနေ့ တိုက်ဆိုင်သူများသည် "အတာသင့်"သူများ ဖြစ် လာပါတယ်။ ဒါကိုပင် အတာစားသည်
ဟု ပြောဆို သုံးစွဲနေကြပါသေးတယ် ။
အတာစားသည့် နေ့နံသားသမီးတို့သည် အတာတက် မည့် အချိန်အတိအကျတွင် "အတာစား" ရပါတယ်။
"အတာစား" ဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာဝတ်စားဆင်ယင်လျှက် အရှေ့တောင်အရပ်
သို့ မျက်နှာမူကာ ပူဇော်ရိုသေ ထိုက်သူများကို လှူဖွယ် ပစ္စည်းတို့ဖြင် ဆက်ကပ် ခြင်း စသည်ဖြင့် ဖေါ်ပြထား
တာတွေ လေ့လာ ဖတ်ရှု့ရပါတယ်
အတာစားခြင်းအကျိုး အမျိုးမျိုး
အတာစားခြင်း၏အကျိုးကား----- အတာပုည၊ ကုသလကို၊ ပြုကြ ကုန်သော၊ အမျိုးသား၊ အမျိုးသမီးတို့သည်
"အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ" ဟု ရှေးပညာ
ရှိတို့ ရေးဖွဲ့ ခဲ့သည်နှင့် အညီထိုကဲ့သို့ ရတနာ သုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့ သည်
ကောင်းကျိုး ချမ်းသာ မင်္ဂလာ တရား ပြန့်ပွား တိုးတက် ပြည့်စုံ ကုန် ရာသည်။" ဟု မှတ်သားရဖူးပါတယ်..။
အတာအိုး အတာပန်း
အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့်အနေဖြင့် သင်္ကြန် မကျခင် ကြိုတင် ပြင်ဆင်ရသည်။ (၇) ရက်သား
သမီး တို့အတွက် ရည်ရွယ်၍ ပန်း ၇ မျိုးဖြစ်စေ၊ အညွန့် ၇ မျိုးဖြစ်စေ ရေပြည့်အိုးမှာထည့်ကြလေ့ရှိပါတယ် ။
စာရေးသူတို့ အညာနယ်မှာတော့ သင်္ကြန်ကျသည်နှင့် တပြိုင်နက် အတာအိုးမှ ရေကို သွန်၍ သင်္ကြန်ပန်း၊
သင်္ကြန် အညွန့်တို့ကို အိမ်ဦး ၀င်းထရံ စသည်တို့၌ ထိုးစိုက်ကာ နှစ်သစ်မှာ ဘေးရန်ကင်းကွာကိုယ်
စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာဖို့ ဆုတောင်းဆုယူပြုလေ့ရှိပါတယ် .။
ဦးခေါင်းဆေးမင်္ဂလာ ပြုလုပ်ကြခြင်း
သင်္ကြန် ရောက်ပြီဆိုပါလျှင် အစဉ်အလာအားဖြင့် ဦးခေါင်းဆေး မင်္ဂလာကိုလည်း ပြုလုပ်လေ့ ရှိကြပါတယ် ။
သင်္ကြန် ဟူသည် ဗသျှူသင်္ကြန်၊ အာရာမသင်္ကြန်၊ သမန္တသင်္ကြန် ဟု ၃ မျိုးရှိပါတယ် ။
ဗသျှူ သင်္ကြန်ဖြစ်က သင်္ကြန် မ၀င်မီ ဦးခေါင်းဆေး ကြရသည်။
အာရာမသင်္ကြန်ဖြစ်က သင်္ကြန်ဝင်ဆဲမှာ ဦးခေါင်း ဆေးကြ ရသည်။
သမန္တသင်္ကြန်ဖြစ်က သင်္ကြန်ကျပြီး ၂၄ မိနစ်မှာ ဦးခေါင်းဆေးကြရ သည်။
(သမန္တသင်္ကြန်ဖြစ်က တနာရီလွန်မှ ဦးခေါင်း ဆေးကြ ရသည်ဟုလည်း ပညာရှင်တို့ ဆိုကြပါ၏။)
သင်္ကြန် အမျိုး အစား ၁၂ မျိုးဟုလည်း သုတေသန သရုပ်ပြ အဘိဓာန်မှာ တွေ့ရ၏။
ရှေးမြန်မာတို့သည် မိမိတို့၏ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံး ဖြစ်သော ဦးခေါင်းတွင် နှစ်ဟောင်းက ကပ်ငြိစွဲ
ကျန်နေသော အညစ်အကြေး များ နှစ်သစ်သို့ ဆက်လက် မပါရှိစေရန် ရည်ရွယ်ချက်ဖြင့် ဦးခေါင်းဆေး မင်္ဂ
လာ ပြုခဲ့ကြပြီး အတိတ်ကောင်း ယူကာ ကိုယ်စိတ် သန့်ရှင်းမှုကို အကျိုးပြုရာ ရောက်သည်ဟု ယူဆခဲ့ ကြပါ
တယ် ။ ဦးခေါင်းဆေးမင်္ဂလာပြုလုပ်သောကြောင့် အကျိုးရပုံကို သင်္ကြန်စာများတွင် အောက်ပါအတိုင်း
ဖော်ပြ ထားပါတာကို ဖတ်ရှု့ မှတ်သားရဘူးပါတယ်
"ဦးခေါင်းဆေးရသောအကျိုးကား---သင်္ကန္တေ၊ သင်္ကြန်ဟု ခေါ်ဆိုအပ်သော တနင်္ဂနွေဂြိုဟ်မင်း သည်။
ပုဏ္ဏမေ၊ အံသာ(၃၆၀) ရသဖြင့် တဘဂဂဏပြည့်၍ မိန်ရာသီ အ၀သာန် န၀င်းမှ မိဿ ရာသီ အာဒိန၀င်း
သို့ ပြောင်းခဲ့သည် ရှိသော်။ က္ကူဓ၊ ဤ လူ့ပြည်၌။ မာဏ၀ါ၊ သတ္တ၀ါဟုခေါ်ဝေါ် အပ်ကုန်သော။ မနုဇာ၊
လူအပေါင်း တို့သည်။ သိရာ၊ ဦးခေါင်းဆေးကုန်ရာ၏။
တေသံ၊ ထိုဦး ခေါင်းဆေး ကုန်သော သူတို့အား။ သတ္တဘာဂီ၊ ခုနှစ်နှစ်ကဖြစ်ကုန်သော။ ရောဂီ၊ အနာမျိုး
တို့ သည်။ ၀ိနာသေယျူံ၊ ကင်းပျောက်ကုန်ရာ၏။ သုခဘာဂီ-ချမ်းသာခြင်း၏ အဘို့  ဖြစ်ကုန်သော။ သတ
သဟဿာနိ၊ တသိန်းသော အကျိုးတို့သည်။ ဘဝေယျူံ၊ ဖြစ်ကုန်ရာ၏။"
ဤအထက်ဖေါ်ပြပါအတိုင်း နှစ်သစ်မှာ ကောင်းကျိုး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရအောင်
သင်္ကြန်ကာလများမှာ ဦးခေါင်းဆေး မင်္ဂလာများ ပြုလုပ်ရခြင်းဖြစ်တယ်လို့ နားလည်ရပါတော့တယ်...။
နိဂုံးချုပ်အားဖြင့် မူ သင်္ကြန်ဆိုတာ ပြောင်းလဲ ခြင်းလို့ နားလည်ခဲ့ရပါပြီ .. ဒီ ပြောင်းလဲ ခြင်းဟာဘယ်တော့
မှများ အဆုံးသတ်ပါလိမ့်ဟုလဲ တွေးကြည့်မိပါတယ်...။ ပုထုဇဉ်ဘ၀ နဲ့ သံသရာတစ်ခွင်ကျင်လည်ခဲ့ ရအုံး
မယ်ဆိုရင်ဖြင့် နိမ့်တုံတခါ မြင်ဘုံတစ်လှည့်ဖြင့် ပြောင်းလှည့်နေအုံးမှာဖြစ်တော့ တော် ရုံနဲ့အဆုံးမသတ်
နိုင်တော့ ဘူးလို့ တွေးမိပါတယ်....
လောကကြီး ထဲမှာ လူဖြစ်လာပြီး ရေကြည်ရာ မြက်နုရာ လှည့်လည်နေကြသူတွေဟာ တစ်နေရာကနေ
တစ်နေရာဆီ ပြောင်းရွှေ့ပြီဆိုပါရင် ကိုယ်နဲ့ဆိုင်သည် ပစ္စည်းများကို သိမ်းဆည်း သယ်ဆောင်သွား တတ်
ကြပါတယ် ၊ အဲဒီလိုအခါမျိုးမှာလဲ ကောင်းနိုးနိုးရာရာ တန်ဖိုးရှိ သည့် မိမိနဲ့ အသုံးတည့်သော အရာများကို
သိမ်းဆည်း လေ့ရှိကြပါတယ် ။ တန်ဖိုးမဲ့ တဲ့ အရာတွေကို စွန့် ကာ ထားခဲ့ပြီး တန်ဖိုးကြီးပစ္စည်းကိုသာ မိမိနဲ့
တပါးတည်း သယ်ဆောင်သွားတတ်ကြတာကို သတိပြုမိပါတယ်...။
ဒီပုံသဖွယ်ပါပဲ...မိမိတို့ဟာ အမြဲမရှိလေသော သင်္ခါရ လောကနယ်မှာ လူဖြစ်လာကြသူတွေမို့တစ်နေရာ
တည်းမှာ ထာဝရ ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့ ... နိမ့်ရာကနေ မြင့်ရာဆီ ၊ ဆိုးရာကနေ ကောင်းရာဆီ
..ကျရှုံးမှု့ မှသည် အောင်မြင်မှု့ဆီ ... ဒေသ တစ်ခုကနေ ဒေသ တစ်ခုဆီ စသည်စသည် ဖြင့် ပြောင်းရွှေ့
ရမှာတော့ သေချာပါတယ်.. နောက်ဆုံး တော့ ဒီဘ၀ ဒီခန္ဓာကို စွန့်ခွာလို့ တမလွန်ဆိုတဲ့ နောင်ဘ၀ ဆီ
အထိ ပြောင်းရွှေ့ရအုံးမယ်..
သတ္တ၀ါတွေမှာ ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိပေရာ ဒီလို ပြောင်းရွှေ့တဲ့အခါမှာ တန်ဘိုးနဲ ပြီး အပါယ်ကို ဆွဲ
ချနိုင်တဲ့ အကုသိုလ်ကံ ဥစ္စာတွေကိုပဲ သိမ်းဆည်း သယ်ဆောင်သွားကြမည့်အစား...တန်ဖိုးကြီးပြီး မြင့်မြတ်
သော အထက်တန်းကျ မျက်နှာပန်းလှတဲ့ ဘုံဘ၀တွေ ကို ရောက်စေနိုင်သည့် ကုသိုလ်ကံ တည်းဟူသော
ဥစ္စာတွေကို သယ်ဆောင်သွားနိုင်ရင် အကောင်းဆုံးမဟုတ်ပါလား...။
ဒါကြောင့် တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ရွှေ့ပြောင်းသော ဒီသင်္ကြန် အခါ အကြောင်း လေ့လာဆည်းပူးရင်း
နှစ်သစ်ကြိမ်ရာ မင်္ဂလာရှိသော သင်္ကြန်အခါကာလမှာ ကောင်းမြတ်လှသော ဒါန ၊ သီလ၊ ဘာဝနာ မြတ်
ကောင်းမှု့တွေကို ကြိုးစားပြုလို့ နှစ်ဟောင်းက အကုသိုလ်အညစ်ကြေး အပြစ်ဘေးထိုက်သည့် ဒုစရိုက်
တွေကို နှစ်ခဲ့ ကြပါစို့လား ... နှစ်သစ်မှာ ကုသိုလ် သုစရိုက်တရားတွေနဲ့ ဘ၀ကို သစ်လွင်တောက်ပြောင်
လာအောင် ရွက်ဆောင်ကြပါစို့လားလို့ တိုက်တွန်းရင်း စာရေးသူရဲ့ အတွေးလေးတွေကို နိဂုံးချုပ်ပါရစေ..။
မေတ္တာသီသေန စိတ္တေန ..........အရှင်နန္ဒ၀ံသ ။
ဇေယျသုခ ဓမ္မရိပ်သာ ၊(Amarillo,Texas,U.S.A)
မှတ်ချက်။ ။ သင်္ကြန်နီးလာတော့ သင်္ကြန်ပို့လေးရေးချင်မိတယ်(သူများတွေအားကျလို့ :P)... ရေးသာရေး
ချင်တာ ဘာမှထွက်မလာဘူး... သင်္ကြန်ရဲ့ အကြောင်း(သမိုင်းကြောင်း)လေးလည်းသေချာသိချင်တာမို့အွန်
လိုင်းမှာ ရှာကြည့်ပါစေသော်လည်းမတွေ့(ကိုယ်တိုင်ကလည်းညံ့ပါတယ်။ စာရေးရမှာလည်းပြင်းတော့
ကော်ပီလုပ်ပြီးတင်ချင်လို့ရှာတာ လိုချင်တာမရဘူး)... ဒါကြောင့် အရှင်နန္ဒ၀ံသ ရေးထားတဲ့ဆောင်းပါး
လေးကို ပြန်လည်ရေးသားတင်ပြလိုက်ပါတယ် ခင်ဗျာ... ။
အကိုရေ ဖတ်သင့်သောပိုစ့်လေးပါ
ReplyDeleteကျေးဇူးတင်ပါတယ် ၇ှာတင်ပေးလို့
သင်္ကြန်နဲ့ပတ်သက်ပြီအမျိုးမျိုးတော့ဖတ်ဖူးတယ်..
မတူကြဘူး ဟီး ကိုယ်လည်းမသိတော့
သင်္ကြန်ဆိုရေပက်တာပေါ့ :D
အကိုရေ ဖတ်သင့်တဲ့ စာလေးပါ...အကိုတင်ထားတဲ့ ပုံလေးမြင်တော့ ရွာကသူငယ်ချင်းတွေကို အရမ်းသတိရသွားတယ်အကိုရယ်...အရမ်းလွမ်းတယ်ဗျာ...သူများတွေလို စာဖြောင့်အောင်မရေးတက်တော့ Software တွေတင်ပြီးအလွမ်းဖြေ နေရတယ်အကိုရေ...ပျော်ရွှင်ပါစေ အကိုရေ...
ReplyDeleteဧဒင်မှတ်သားသွားပါတယ်နော်...
ReplyDeleteအစ်ကိုရေးထားလိုက်တာ စုံနေတာဘဲ.....မကြားဘူးတာတွေ တော်တော်များတယ်.....သိသင့်သိထိုက်တဲ့ စာလေးတွေချည်းပါဘဲ အစ်ကိုရေ.....ကျေးဇူးအများကြီးတင်ပါတယ်.......
ReplyDelete