ဧပြီလ ၇ ရက်နေ့
အင်း... ဘာလိုလိုနဲ့ ဖိုးသားလေးတောင် ဒီနေ့ ၃ နှစ်ပြည့်ပြီပဲ…။ မိဘဆိုတဲ့ နေရာကို ကျွန်တော် ရောက်လာခဲ့တာလည်း ၃ နှစ်ပြည့်ပြီပေါ့...။ ဒီနေ့တော့ ထူးထူးခြားခြား သတိရနေမိတာ အဖေ့ကိုပါ…။ လောကကြီးထဲမှာ မေမေ မရှိတော့ပေမဲ့ အဖေကတော့ ရှိနေပါသေးတယ်…။ ဒါပေမဲ့ မေမေနဲ့ ပတ်သက်လို့ ကျွန်တော် နဲ့အဖေ့ကြား တော်တော်လေး သွေးအေးနေသလို အဆင်မပြေတဲ့ မိသားစုပြဿနာလေးတွေကြောင့်လည်း သား အဖချင်း သိပ်ပြီး နွေးနွေး ထွေးထွေး မရှိလှပါ ဘူး…။ အမေချစ်တဲ့ သားပီပီ အဖေ့အပေါ် မေမေနဲ့ ပတ်သက်လို့ အတိုက်အခံလေးတွေ ကျွန်တော် လုပ်တတ်ပါတယ်...။ နောက်ထပ် ဘ၀မှာ နာကျည်းမိတာကတော့ အဖေ ကျွန်တော်တို့ မောင်နှမတွေနဲ့ အမေ့ကို ထားခဲ့ပြီး နောက်အိမ်ထောင် ပြုသွားခဲ့တာပါပဲ…။ ကျွန်တော် တို့မောင်နှမတွေ ၀မ်းမနည်းခဲ့ပါဘူး… ။ အမေရှိရင် ကျွန်တော် တို့မောင်နှမတွေ အတွက် လုံခြုံ နွေးထွေးပါတယ်…။ အဖေ မရှိတော့တဲ့ ဘ၀မှာ ကျွန်တော် တို့မိသားစု ဘ၀တွေလည်း အချိန် အတိုင်းအတာ တခုထိ တည်ငြိမ်မှု မရခဲ့ပါဘူး…။ ဒါပေမဲ့ မေမေ့ကိုတော့ ကျွန်တော် တို့မောင်နှမတွေ စိတ်ချမ်းသာအောင်၊ အဖေ နဲ့ နေခဲ့စဉ်ကထက် အစစအရာရာ သာအောင်ထားနိုင်ခဲ့ပါတယ်…။
ကျွန်တော်တို့ဘ၀မှာ လူမချမ်းသာပေမဲ့ စိတ်ချမ်းသာတဲ့၊ သာယာတဲ့၊ အများကအားကျရတဲ့ မိသားစုဘ၀လေးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်… ။ အဲဒီအချိန် ကတည်းက အဖေက ကျွန်တော်တို့ ဘ၀ထဲမှာ မရှိတော့တာပါ…။ အဖေ့ကို လုံးဝမေ့နခဲ့တယ် ဆိုရင်လည်း မမှားပါဘူး…။ ကျွန်တော် အထက် က အကိုကြီးနဲ့ သူ့အောက်က မမ ကတော့ အဖေ့ သတင်းလေးတွေ ယူယူလာတတ်ပေမဲ့ ဘယ်တော့မှ ကျွန်တော့်ရှေ့မှာ မပြောကြပါဘူး…။ ကျွန်တော့် အကြောင်းသိထားလို့ပါ…။ ကျွန်တော်နဲ့ အဖေ့ရဲ့ အကြောင်းကို သူတို့အသိဆုံးမို့ပါ…။ အိမ်ရဲ့ စားဝတ်နေရေးဝင်ငွေကို မောင်နှ တွေအားလုံး ၀ိုင်းရှာကြပါတယ်. .။ ဒါပေမဲ့ အဓိက စီးပွားရှာတဲ့ သူက ကျွန်တော်ပါ…။ ကျွန်တော်က အကို နဲ့ မမကို သက်တောင့် သက်သာ အလုပ်လေးတွေနဲ့ ပုံမှန်ဝင်ငွေရအောင်ပဲ ရှာစေခဲ့ပါတယ်..။ ကိုယ်တိုင်ကတော့ သူ တို့ထက်ပိုပြီး ကြိုးစားခဲ့ ရပါတယ်၊ အပင်ပန်းခံခဲ့ ပါတယ၊် အလုပ်မျိုးစုံလုပ်လို့ ရသလောက်ဝင် ငွေရှာခဲ့ပါတယ်…။ ရှာလို့ရသလောက်ကိုလည်း တစ်ပြားမကျန် မေမေရဲ့ လက်ထဲကို အပ်တတ်ပါတယ်…။ လ္ဘက်ရည်ဖိုးလောက်သာ တခါတလေ မေမေ့ဆီက ပြန်တောင်းတတ် ပါတယ်…။ ဆေးလိပ်၊ အရက်၊ ကွမ်း နဲ့ ရည်းစား(မိန်းမကိစ္စ) ဆိုတာလည်း ကျွန်တော့် အတွက် “ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ”မို့ ကိုယ်ရေးကိုယ်တာ အသုံးငွေလည်း ကျွန်တော့်အတွက် မလိုအပ် ခဲ့ပါဘူး…။
ကျွန်တော့်အထက်က အကိုနဲ့အမ ဆိုပေမဲ့လည်း သူတို့လုပ်တာ လမ်းမမှန်ရင်လည်း ကျွန်တော် ပြောတတ်ပါတယ်…။ အကိုတွေ အမတွေအပေါ် မလေးစားလို့ ခံပြောတဲ့ သဘောနဲ့ ပြောတာမဟုတ်လို့လည်း အကိုကြီးရော မမရော ကျွန်တော်ပြောတာ လက်ခံတတ်ကြပါ တယ်…။ ကျွန်တော်မှားနေရင် သူတို့ ဆုံးမတာ ကျွန်တော် လက်ခံတတ်ပါ တယ်…။ မောင်နှမတွေအနေနဲ့ တစ်ယောက်ကို တစ်ယောက် ထိန်းသိမ်းပေးတဲ့ သဘောပါ…။ အဲအဖေနဲ့ ပတ်သက်လို့ သူတို့ကျွန်တော် နဲ့ ဘာမှလာမပြောကြပါဘူး…။ ကိုယ်က အပြတ်ပြောထားလို့ပါ…။အဖေ နဲ့ ပတ်သက်ရင် ဘာမှ လာမပြောဖို့ ပြောထားပြီးသားပါ…။
အဖေ အိမ်ကထွက်သွားတော့ မေမေတားနေရင်းနဲ့ အရင်ဆုံး ထွက်ရှာတာ ကျွန်တော်ပါ… ။ အဲဒီအချိန် အဖေ နောက်အိမ်ထောင် မပြုရသေးပါဘူး…။ ကျွန်တော်တို့နဲ့ ပြန်နေဖို့ပေါ့ ...။ ဒါပေမယ့် ကျွန်တော်ရဲ့ ကြိုးစားမှု အရာအထင်ခဲ့ပါဘူး…။ ကျွန်တော်ရ လိုက်ရတာကတော့ အဖေ့ဆီက တသက်မမေ့နိုင်တဲ့ စကားလေး တခွန်းပါ…။ “ မကို ချစ် မှ ဥကိုတွယ်တာ” တဲ့…။ ဒီစကားလေးနဲ့တင် အဖေ့ အပေါ်မှာ ကျွန်တော် မျက်ကွယ်ပြုလိုက်နိုင်ပါပြီ …။မ ဖြစ်တဲ့ မေမေ့ကို မချစ်မှတော့ ဥ ဖြစ်တဲ့ ကျွန်တော်တို့ မောင်နှမတွေကိုလည်း အဖေ ဘယ်တွယ်တာပါတော့ မလည်းလေ… ။ အဲဒီထဲကနေ ဘ၀ကို မခံချင်တဲ့ စိတ်တွေနဲ့ ရုန်းကန်ရင်း မေမေ့ပေါ်ကို ကျွန်တော်တို့ မာင်နှမတွေ အချစ်ပို ခဲ့ကြပါတယ်…။ နောက်များ မကြာခင်မှာတော့ အဖေ နောက်အိမ်ထောင်ပြု သွားပြီဆိုတဲ့ သတင်း အဖေ နဲ့ ပတ်သက်လို့ ကျွန်တော် နောက်ဆုံး ကြားရခြင်းပါ…။
သူလည်းသူ့ဘ၀နဲ့ သူ၊ ကိုယ်လည်းကိုယ့်ဘ၀နဲ့ကိုယ်မို့ ဆယ်စုနှစ် တစ်ခုစာလောက် အဆက်အသွယ် ပြတ်သွားပါတယ်…။ မေမေရဲ့ ကျန်းမားရေး အရမ်း စိုးရိမ်နေရတဲ့ အချိန်မှာတော့ အဖေ့ရဲ့ မိဘများဖြစ်တဲ့ ကျွန်တော်ရဲ့ အဖိုးအဖွားများထံ အသိပေး အကြောင်းကြားဖို့ မောင်နှမ တွေတိုင်ပင်ပါတယ်…။ မေမေ နဲ့အဖေ အိမ်ထောင်ကွဲသွား ကတည်းက မေမေရဲ့ ဆန္နအရ အဖေ့ရဲ့ ဆွေမျိုးတွေကို အဆက်အသွယ် ဖြတ်ထားခဲ့ပြီး မိသားစုတွေ ခြေရာဖျောက်လို့ ရန်ကုန်မြို့ စွန်လေးမှာ မိသားစု လေးယောက် တစ်အိုးတစ်အိမ် ထူထောင်လို့နေကြတာပါ…။
အခုတော့ မေမေရဲ့ အခြေအနေက နေ့လား ညလားဖြစ်နေချိန်မှာ လူကြီးတွေကို အသိပေးသင့်တယ်လို့ အကိုကြီးရဲ့ အကြံပေးချက်အရ ကျွန်တော်တို့ လက်ခံခဲ့ ကြတာပါ…။ အကြောင်းကြားဖို့ တာဝန်ကတော့ ကျွန်တော်ပေါ့…။ ကားဂိတ်ရောက်လို့ ရွာကလူကြုံတွေ့ရင် စာထည့်ပေးလိုက်မယ်… ။ မတွေ့ ရင်တော့ လူကိုယ်တိုင် သွားမယ်ပေါ့…။ အမှန်ကတော့ မသွားချင်ပါ…။ မေမေ့ရဲ့နောက်ဆုံး ထွက်သက်လေးမှာ မေမေ့ အနားမှာ ကျွန်တော်ရှိနေချင်လို့ပါ…။ အဖေ မရှိတဲ့ နောက်ပိုင်း အလုပ်လုပ်ရင်း မိသားစုနဲ့ ကျွန်တော် ခွဲနေရတဲ့ အချိန်ကများပါတယ်…။ အခုလည်း ကန်းရိုးတန်းသင်္ဘော လိုက်နေရာကနေ နားလိုက်ပြီး မေမေ့ အနားမှာ နေနေတဲ့ အချိန်ပါ…။ အခုလည်း မဖြစ်မနေသွားရမယ်ဆိုတော့ နာက်ဆံတင်းတင်းနဲ့ပဲ ကျွန်တော် ဒလ ဖက်ကမ်းကူးသွားပြီး ကားဂိတ်မှာ ရွာက လူကြုံကိုရှာရပါတော့တယ်…။
ကံကြမ္မာ များ အတော်ဆန်းကျယ် ပါတယ်...။ ကျွန်တော် ခါးခါး သီးသီး မတွေ့ချင်လှပါတဲ့ အဖေ့ ကို ရွာကိုသွားမယ့် နောက်ဆုံးကားပေါ်မှာ သူ့နောက်မိန်းမ နဲ့ ခန့်ခန့်ကြီး တွေ့လိုက်ရလို့ပါ…။ အဖေ့ကို မမျှော်လင့်ပဲတွေ့ လိုက်ရတော့ ကျွန်တော်စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်းသိ၊ အလိုလိုစီးကျလာတဲ့လာတဲ့ ကျွန်တော့်ရဲ့မျက်ရည် တွေကို သုတ်ရင်းကျွန်တော် လှည့်ပြန်မယ် အလုပ်မှာ“ လူလေး ” လို့ ကျွန်တော့်ကို ခေါ် လိုက်တဲ့အဖေ့ အရဲ့ အ သံဟာ ကျွန်တော့် ခြေထောက်တွေကို တုတ်နှောင်လိုက်သလိုပါ ပဲ…။ “ လူလေးဘယ်သွားမလို့လည်း ” လည်း လို့ပြောလည်းပြော ရင်း ကျွန်တော့် ပခုံးပေါ် အဖေ့လက်ကရောက်လာ ပါတယ်…။ရင်ထဲမှာ နွေးကနဲ ခံစားလိုက်သလို အဖေ့နှုတ်ကထွက်လာတဲ့ “လူလေး” ဆိုတဲ့စကားလေးကို ကျွန်တော်နှစ်သက်မိပါတယ်…။ ကျွန်တော်နဲ့ အဖေ့ကြားမှာ အဖေ့နှုတ်ကထွက်လာတဲ့ ကျွန်တော့်အတွက် အနွေးအထွေး ဆုံးစကားလေးပါ…။ အဖေတခါ ဘူးမှ ကျွန်တော့် အပေါ်ဒီလို ငြင်ငြင်သာသာ မခေါ်ဖူးတဲ့ စကားပါ…။
အဲဒီအချိန်မှာ အိပ်ယာထဲက ဝေဒနာခံစားနေရတဲ့ မေမေ့ရဲ့ မျက်နှာကို မြင်လိုက်ရတော့ ခုန အဖေနဲ့ ပတ်သတ်တဲ့ သာယာမှုလေးတွေဟာ ရုတ်ခြည်းပဲ အငွေ့ပျံ ပျောက်ကွယ်သွားပါတယ်…။ “ရွာသွားမလို့လား လူလေး… အဖေတို့လည်း မင်းအဖိုးတွေ အဖွားတွေကို သွားကန်တော့ မလို့… သန်းသန်းရော နေကောင်းလား” ဆိုတဲ့ စကားတွေ အဖေပြောပါတော့တယ်..။ အဖေအဲလိုပြောလေ ကျွန်တော် မျက်ရည်တွေကျလေပါ…။ သန်းသန်းဆိုတဲ့ မေမေ့ရဲ့ နာမည်ကို အဖေပြောတော့ ကျွန်တော့် ရင်ထဲဆို့လေပါ… ။ တချိန်တုန်းကတော့ နှစ်ယောက်တစ်ဘ၀ ရွှေလက်တွဲလို့ တစ်အိုးတစ် အိမ်ထူထောင် လို့၊ ရင်ချင်းဆက် ကျောချင်းကပ်ခဲ့တဲ့ အရင်းအနှီးဆုံးသူတွေ ဖြစ်ခဲ့ကြပေမဲ့ အခုတော့ တစ်စိမ်းတွေ လိုပါလားလို့ တွေးရင်း “မကို မချစ်တော့တဲ့ အဖေ… ဥတွေဖြစ်တဲ့ ငါကိုပိုပြီး စိမ်းကားနေနိုင်တာပေါ့” ဆိုပြီးလည်း စိတ်မကောင်းဖြစ်ရင်း ကျွန်တော်ရဲ့ မျက်ရည်တွေလည်း အတားအဆီးမရှိ ကျချင်တိုင်း ကျနေပါ တော့တယ်… ။
အခြေအနေကို ရိပ်မိတဲ့ အဖေက ခပ်လှမ်းလှမ်းက သူ့မိန်းနဲ့စကားခဏပြောပြီး ကျွန်တော့်ဆီ ရောက်လာခဲ့ပါတယ် …။ “ လူလေးလာ အဖေတို့ လ္ဘက်ရည်ဆိုင်မှာ သွားစကားပြောရအောင်” ပြောပြီး ရှေ့ကနေဦးဆောင် သွားပါတယ်…။ အဖေ့ကို ပြောချင်တဲ့ စကားတွေ ရင်ထဲမှာအပြည့်မို့ ကျွန်တော်ပေါက်ကွဲတော့မယ် ဆိုတာ အဖေသိပုံရပါတယ်…။ လ္ဘက်ရည်မှာပြီး အရင်စကားစတာ အဖေပါ…။“ လူလေးအခု ဘာလုပ်နေလည်း၊ အကို နဲ့ မမ တို့ရော ဘာလုပ်လည်း၊ မင်းအမေရော နေကောင်းလား၊ အခုရွာကိုအလည်သွားမှာလား၊ စားဝတ်နေရေးတွေရော အဆင်ပြေလား၊ ဘယ်လိုဖြေရှင်းကြလည်း၊ အခုဘယ်မှာနေလည်း” စဖြင့် သူသိချင်တဲ့ လည်း ပေါင်းများစွာကို မျက်ရည်တွေသုတ်ရင်း ကျွန်တော် အဖြေပေးလိုက်တာ ကတော့“ မေမေသေတော့မယ် အဖေ…။ နေ့လားညလားပဲ၊ ဒါကြောင့် အဖေ့အမျိုးတွေ သိရအောင် ကျွန်တော်တို့ လာအကြောင်ကြားတာ…။ တော်ကြာ သေတာတောင် အကြောင်းမကြား ရကောင်းလားဆိုပြီး အပစ်တင်ခံရမှာစိုးလို့ပါ…။
အဖေ မရှိထဲက အားလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ဘ၀ကိုယ်ရပ်တည်နေတာပါ အဖေ။ ဘယ်သူ့ အထောက်အပံ့၊ ဘယ်သူ့အားကိုးမှ မပါဘူး အဖေ…။ အခုလာတာလည်း အသိပေးယုံ သက်သက်ပါ အဖေ ။ ဘာအကူအညီ အထောက်ပန့်မှ မျှော်ကိုးပြီး လာတာမဟုတ်ဘူး အဖေ…။ အခုလည်း ကျွန်တော် ရွာကလူကြုံကို လာရှာတာ ပါ…။
အဖေ့နဲ့အဖေ့ နောက် မိန်းမကို အခုလိုတွေ့လိုက်ရတော အမေ့အတွက် ကျွန်တော် တော်တော် ခံပြင်း မိတယ် အဖေ…။ အမှန်ပြောရရင် ကျွန်တော်အခု အဖေနဲ့ စကားတောင်မပြောချင် ဘူးအဖေ…။ ဒါပေမဲ့ မေမေ့ရဲ့  သတင်းလေးကိုတော့ အဖေ့ရဲ့ အမျိုးတွေဆီ အဖေကိုယ်တိုင်ပဲ ယူသွားပေးလိုက်ပါ…။ လာချင်တဲ့ သူတွေလာလို့ ရပါတယ် လိပ်စာလည်းရေးထား ပါတယ်...။ လာရင်လည်း လက်ချည်း ပဲလာပါလို့ ပြောလိုက်ပါ အဖေ…”ကျွန်တော်ပြောလည်းပြော အသင့်ပါလာတဲ့ စာအိတ်လေးလည်း စားပွဲပေါ်တင်လိုက်ပါတယ်…။ စာအိတ်လေးကို အဖေ တွေတွေလေး ကြည့်နေရင်းသူ့ လက်ကိုင်အိတ်လေးထဲက ငါးထောင်တန်တအုပ် ကျွန်တော့် လွယ်အိတ်ထဲ ထည့်လိုက်ပါတယ်…။
ကျွန်တော် ချက်ချင်းပဲ အဖေ့ရဲ့ငွေတွေ ပြန်ပေးပြီး “ကျွန်တော် တို့အတွက်ငွေမလိုပါ ဘူးအဖေ… အဖေ့ငွေတွေ အဖေသာပြန်ယူသွားပါ… သြော် အဖေ့အမျိုးတွေ ကျွန်တော်တို့ အိမ်ကို လာချင်ရင် လာလို့ရပါတယ် အဖေ… ဒါပေမယ့် အဖေတော့ မလာပါနဲ့ဗျာ… မေမေရဲ့နောက်ဆုံး အချိန်လေးမှာ စိတ်မဆင်းရဲစေချင်လို့ပါ အဖေ… ” ကျွန်တော် ပြောလည်းပြော ပြန်လည်းပြန်ခဲ့ပါ တယ်…။
အိမ်ပြန်ရောက်တော့ အကိုကြီးနဲ့မမက ရွာကလူကြုံနဲ့တွေ့လား စာပေးလိုက်လားဆိုတဲ့ အမေးကို မေမေ့ကို ကြည့်ရင်း ကျွန်တော် ခါင်းညိတ်လို့သာ အဖြေပေးလိုက်ပါတယ်…။ အဖေနဲ့တွေ့ခဲ့ကြောင်းတော့ ကျွန်တော် မပြောလိုက်ပါ…။မေမေ့ရဲ့ သတင်းကို မေမေသိပ်မုန်းနေတဲ့ အဖေသာသူ့ ဆွေမျိုးတွေဆီကို ယူသွားခဲ့မှန်း သိသွားရင် အသေတောင် ဖြောင့်ပါမလားဆိုပြီး မောနေတဲ့ မေမေ့ကို ကြည့်ရင်း ကျွန်တော် မျက်ရည်တွေသာ တသွင်သွင်စီးကျ နေမိပါတော့တယ်…။ မမျှော်လင့်ပဲ အဖေနဲ့ ဆုံတွေ့လိုက်ရလို့ စိတ်ထဲမှာလည်း ပိုဝမ်း နည်းမိနေတာ လည်းပါတာပေါ့…။
မေမေ့ရဲ့ ဆန္နအရရော၊ ဆရာဝန်ရဲ့“ သားတို့ရဲ့အမေကို စိတ်ချမ်းသာအောင်သာ ထားလိုက်ပါ… သားတို့အမေရဲ့ ဆန္နကိုနောက်ဆုံးအကြိမ် သားတို့ လိုက်ရောပေးလိုက်ပါ၊ သူ့ရဲ့နောက်ဆုံး အချိန်ကို ရောက်နေပါပြီ” ဆိုတဲ့ ဆရာဝန်ရဲ့ တိုက်တွန်းချက်ကြောင့် မေမေ့ရဲ့ နောက်ဆုံးခရီးကို အိမ်မှာပဲ အဆုံးသတ်ဖို့ ကျွန်တော်တို့ မောင်နှမတွေ တိုင်ပင်ပြီး မေမေ့ကို အိမ်မှာပဲ ထားလိုက်ပါတော့တယ်… ။ ဒီနေ့တော့ အရင်နေ့တွေ ကထက်စာရင် မေမေ နည်းနည်းပိုလန်း နေပါတယ် ၊ ခါတိုင်းနေ့တွေဆိုရင် အစာတောင်မ၀င်ချင်တဲ့ မေမေ ဒီနေ့ ကြက်သားစွတ်တွေ ဘာတွေ သောက်နေတာကြည့် ပြီး ကျွန်တော်တို့ မောင်နှမတွေ တော်တော်လေး ၀မ်းသာနေကြတာပါ…။ ဆီကုန်လို့ ငြိမ်းတော့မယ့် မီးဇာ မီးပိုတောက်တဲ့ သဘောကို ကျွန်တော်တို့ မသိခဲ့လို့ ပျော်ခဲ့ကြတာပါ…။ မကြာခင် မေမေကျွန်တော်တို့ မောင်နှမတွေကို ထာဝရ ခွဲသွားတော့မယ်ဆိုတာ သတိမထားမိကြလို့ ပျော်မိတာပါ…။ ဒီလိုနဲ့ ညဖက် မှာ မောင်နှမတွေ မေမေ့ကို အလှည့်ကျစောင့်ရင်း မနက်လင်းခါနီး ၄ နာရီအချိန်လောက်မှာပဲ ကျွန်တော်ရဲ့ လက်ပေါ်မှာတင် မေမေ ညင်ညင်သာသာလေး အသက်ထွက်လို့ ဘ၀တပါးကို ကူးပြောင်းသွားခဲ့ပါတယ်…။ အကိုကြီးနဲ့ မမကို နှိုးပြီး မေမေ့ကို ကျွန်တော်တို့ မောင်နှမတွေ ကြိုးစားခေါ်နေပါသော်လည်း မေမေ ကျွန်တော်တို့ရဲ့ အသံကို မကြားနိုင်တော့ပါဘူး…။
ကျွန်တော်တို့ မောင်နှမတွေရဲ့ငိုသံကြောင့် ဘေးအိမ်တွေက လူကြီးတွေရောက်လာပြီး လိုအပ်တာတွေ စီစဉ်ပေးကြပါတယ်… ။ ဘ၀မှာ အားအငယ်ဆုံးအချိန်ပါ။ မောင်နှမသုံးယောက် တယောက်က ငိုရင် တယောက်က ချော့လိုက်နဲ့ လူတိုင်းကြုံတွေ့ရတဲ့ ပရိဒေ၀မီးကို ပူလောင်ခံစားနေတဲ့ အချိန်ပါ…။ အချိန်တန်ရင် အားလုံး ဒီလမ်းကို သွားရမယ်ဆိုတာ ကျွန်တော်သိထား နားလည်ပေမဲ့ ကျွန်တော်တို့ ဘ၀ထဲကနေ မေမေထွက်သွားတာ အရမ်းစောပါသေးတယ်...။ မေမေဆုံးတဲ့ အချိန် အသက် ၄၈ နှစ်ပဲရှိပါသေးတယ်..။ မေမေ့ကိစ္စအတွက် လိုအပ်တာလေးတွေ လုပ်နေရင်း၊ မေမေ့ကို သတင်းမေးဖို့ ရောက်လာတဲ့ အဖေ့ ဆွေမျိုးတအုပ်လည်း လူမမာသတင်းမမေး လိုက်ရပဲ မေမေ့ အသုဘနဲ့ တန်းတွေတာပါပဲ…။ မေမေ့ ကိစ္စ ကိုသူတို့ ၀ိုင်းဝန်းလုပ်ချင်ပေမဲ့ ကျွန်တော်တို့ မောင်နှမတွေ လက်မခံတာကြောင့် အဖွားကစလို့် ဘကြီး၊ ဘထွေးကြီးတော်တွေ စိတ်မကောင်းစွာဖြင့် ကျွန်တော်တို့ မောင်နှမတွေကို လွတ်ထားလိုက်ကြပါတယ်… ။ မေမေ့ကို သဂြိုလ်မဲ့ နေမှာတော့ အဖေ ရောက်လို့ လာပါတယ်… ။ အရင်ဆုံး ပေါက်ကွဲပြီး အဖေ့ကို အိမ်ထဲမ၀င်ဖို့ မေမေ့ အလောင်းနား မကပ်ဖို့ ကျွန်တော် တော်တော်လေ ပြောနေမိပါတယ်…။ အဖေကလည်း ကျွန်တော့် ဒေါသဖြစ်နေမှန်းသိလို့ အိပ်တွင်းကိုမ၀င်ပါ..။ မမ ကတော့မိန်း ကလေးမို့ အဖေ့ကိုမြင်တာနဲ့ ပြေးဖက်ပြီး ချုံးပွဲချငိုလို့ နေပါပြီ…။ အကိုကြီးကလည်း ကျွန်တော့်ကို ဖတ်ရင်း အဖေ့ ကို လာခွင့်ပြုလိုက်ပါ ညီလေးရာလို့ လာပြောသလို အဖွားကလည်း လာပြီးနှစ်သိမ့် နေတာမို့ ကျွန်တော် အလျှော့ ပေးလိုက်ရပါပြီ…။
ပတ်ဝန်းကျင်က လူတွေကတော့ အားလုံးအံသြ သွားကြတာပေါ့…။ အားလုံးသိတဲ့ ကျွန်တော်တို့အဖေ ဟာသေသွားပြီ ဆိုတာလေ…။ ဆွေမရှိ မျိုးမရှိ မိသားစုလေးယောက်ကို သိထားတဲ့ သူတို့တွေ အရှင်လတ်လတ် အဖေနဲ့ အမျိုးတွေ တွေ့သွားတော့ အံသြမှာပေါ့…။ မေမေ့ကိစ္စ ပြီးလို့ အဖေ ကျွန်တော်တို့ မောင်နှမတွေဆီကို မကြာမကြာလာတတ်ပေမဲ့ ကျွန်တော် ဘယ်တော့မှ မျက်နှာချင်းမဆိုင်ခဲ့ပါ…။ ဒီလိုနဲ့ အချိန်တွေ တစ်ရွေ့ရွေ့ ကုန်ဆုံးသွားပြီး အကိုကြီးလည်း မွန်ပြည်နယ်မှာ တာဝန်ထမ်းဆောင်းရင်း အိမ်ထောင်ရက်သား ကျသွားခဲ့သလို မမလည်း အိမ်ထာင်ပြုသွားခဲ့ပါပြီ…။ ကျွန်တော်လည်း အကိုတွေ အမတွေမရှိတော့ ဘ၀ကပိုပြီး အထီး ကျန်ဆန်လာပါတယ်….။ မမ နဲ့ လိုက်နေရင်း မမ အမျိုးသားလုပ်တဲ့ ဆောက်လုပ်ရေး ကုမ္မဏီတခုမှာ ၀င်လုပ်ရင်း မမ ရဲ့ သူငယ်ချင်းနဲ့ အကြောင်းပါခဲ့ပါတယ်… ။ အတွင်းသိ အဆင်းသိ တယောက်အကြောင်း တယောက်သိထားတာမို့ ကျွန်တော်တို့ အိမ်ထောင်ရေးဟာ သာယာလှပါတယ်…။ ကျွန်တော်ပြည်ပကို အလုပ်ထွက်လုပ်ဖြစ်ဖို့ အခွင့်အရေးလေး ပေါ်လာတာမို့ ၂၀၀၁ ခုနှစ်ဧပြီလလောက်မှာ မြန်မာပြည်ကနေ တစ်ယောက်ထဲထွက်ခဲ့ပါတယ် … ။
ရောက်စတော့ တော်တော်လေး ရုန်းကန်ကြိုးစားခဲ့ ရတာတော့ ပြည်ပရောက်ဖူးတဲ့ သူတိုင်းသိ ကြမှာပါ…. ။ ၄ နှစ်လောက်နေပြီး မှ အမျိုးသမီးကို ခေါ်လိုက်ပါတယ်…။ ကျွန်တော်တို့ သုံးနှစ်လောက် အတူနေတော့ ကျွန်တော့် အမျိုးသမီးမှာ သားဖိုးသားလေးကို ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်…။ အဲဒီအချိန်အထိ ကျွန်တော် ဘာမှမပြောင်း လည်းသေး သလို ဘာခံစားချက်မှ လည်းမရှိသေးပါဘူး…။ အချိန်မှန် ဆေးခန်းသွားပြရ၊ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု့လေးတွေလုပ်ရ၊ အမျိုးသမီးက ကျန်းမာရေးကြောင့် ဗိုက်ခွဲထားဖူးတော့ ရိုးရိုးမွေးဖို့ မဖြစ်နိုင်တာမို့ ဗိုက်ခွဲမွေးဖို့ပဲ စီစဉ်ရပါတော့တယ်… ။ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်အနေနဲ့ စားတာ၊ သောက်တာ၊ နေတာထိုင်တာ၊ သွားတာလာတာကစလို့ အစစအရာရာ ဂရုစိုက်ရတာကိုကြည့်ပြီး မွေးသမိခင် မိခင်များရဲ့ကြီး မားလှတဲ့ မေတ္တာတွေကို ပိုပြီးနားလည် ခံစားရပါတယ်… ။ ဇနီးသည်မှာ ကျန်းမာရေးကြောင့် အရင်က ဗိုက်ခွဲထားဖူးတဲ့ ချုပ်ရိုးကြောင့် အခုလည်းဗိုက်နာတဲ့ အချိန်ထိအောင် မစောင့်ပဲ မွေးရမဲ့ရက် ထက်စောပြီးမွေးဖို့ ဧပြီလ ၇ ရက်နေ့ကို ဒိတ်ပေးထားပါတယ်…။ မွေးခန်းဝင်ချိန် ဒေသ စံတော်ချိန်မနက် ၇ နာရီလို့ ပြောထားပေမဲ့ မနက် ၆ နာရီခွဲလောက်ထဲက နေခွဲခန်းထဲသွင်းသွားလိုက်တာ မနက် ၈နာရီထိုးခါနီး မှခွဲခန်းက ပြန်ထွက်လာပါတယ်…။ ဇနီးသည်ကိုကြည့်တော့ အားနည်းနေသလို မျက်နှာကလည်း မကောင်းလှပါ..။ အဲဒီမှာ ကျွန်တော်တခါမှ မခံစားရဘူးတဲ့ ဝေဒနာကို စပြီးခံစားရပါပြီ…။ ဇနီးသည်သာ ခွဲခန်းကနေထွက်လာတာ ကလေးကတခါထဲပါမလာ…။ ချက်ချင်းလိုက်မေးချင်ပေမယ့် အမျိုးသမီးက တော်တော် အားနည်းနေတာမို့ ဆရာဝန်က စကားမပြောပါနဲ့ အုန်းဆိုတော့ မေးလို့ကမရ…။ ဒီအချိန်ကျွန်တော် စိတ်ပူနေတာ ဇနီးသည်မဟုတ်..။ ကျွန်တော်စိတ် ပူနေတာ ကျွန်တော်မမြင်ရသေးတဲ့ သားလေးပါ…
ဆေးရှိန်နဲ့မှိန်းနေတဲ့ ဇနီးကို သူငယ်ချင်းရဲ့ ဇနီးလေးကစောင့်ပေးနေတာမို့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း ကိုရဲတို့ ကျွန်တော့်ဇနီးကို တာဝန်ယူခွဲမွေးပေးတဲ့ ဆရာဝန်ကို ရှာရ ပါတော့ တယ်…။ မွေးကင်းစ ကလေးတွေထားတဲ့ အဆောင် ထဲမှာ ဆရာဝန်ကိုတွေ့လိုက်ရ တော့ အပြေးအ လွားသွားမေးမိပါတယ်… ။ ကလေးက မွေးရမယ့် အချိန်မတိုင်မှီ ခွဲမွေးလိုက်ရတာ မို့အသက် ကောင်းကောင်း မ ရှုနိုင်သေးလို့ အောက်စီဂျင် ပေးထားရပါတယ်..။ စိတ်မပူပါနဲ့နောက် ၃ ရက်လောက်ဆို ကောင်သွားမှာပါ လို့ဆိုပြီးကလေးထားတဲ့ အခန်းကိုလမ်းညွန်လိုက်လို့ကျွန်တော် သွားကြည့်လိုက်ပါတယ် … ။ တွေ့လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့် ရင်ထဲ မှာစို့သွားသလို မမျှော်လင့်ပဲ သားသမီးနဲ့ ပတ်သက်တဲ့ ပထမဦးဆုံး မျက်ရည်တွေကျွန်တော့် မျက်နှာပေါ်မှာ ကျလာပါတော့ တယ်…။ ကိုယ့်ရင်သွေး နီတာရဲ လေးကို ဖန်ပေါင်းချောင်လေးထဲမှာ ထည့်ပြီး နှာခေါင်း၊ လက်နဲ့ ချက်နေရာတွေမှာ ပိုက်တွေနဲ့ မြင်မ ကောင်းအောင် ထိုးတာကိုမြင် လိုက်ရတော့ ဖခင်တယောက်အနေ နဲ့ ကျွန်တော့် ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသလို မျက်ရည်တွေကလည်း ထိမ်းလို့မရအောင် ကျလာမိပါတယ်…။
စိတ်ထဲမှာလည်း ငါ့သားလေးအသက် မှ ရှင်နိုင်ပါ့မလားဆိုတဲ့ ဖခင်တယောက်ရဲ့ စီုးရိမ်စိတ်ကလည်း ကျွန်တော့်ကို တော်တော် ဒုက္ခပေးနေပါပြီ …။ မေမေဆုံးတုန်းက ၀မ်းနည်း စိတ်မကောင်းဖြစ်တာ ကတမျိုး၊ အခုကိုယ့်ရင်သွေးလေးကို အခုလို အခြေအနေ နဲ့မြင် လိုက်ရလို့ ၀မ်းနည်း စိတ်ထိခိုက်ရတာက တမျိုး ပါ… ။ ကိုယ့်ရင်သွေး အသွေးအသားမို့ထင်ပါရဲ့ ကျွန်တော်သားနဲ့ပတ် သက်ပြီးတော်တော်လေး ၀မ်းနည်းနေ မိပါတယ်…။ မေမေ ဆုံးတုန်းကထက် ကျွန်တော်ပိုပြီး ခံစားနေရတယ်ဆိုတာ ကျွန်တော့်ကိုယ် ကျွန်တော်အသိဆုံးပါ…။ ဇနီးသည် သတိ ကောင်းကောင်းရလာလို့ ကျွန်တော် ဇနီးသည် ရှိရာ အဆောင်ကို ပြန်လာလိုက်ပါတယ်…။ ကလေးအခြေအနေ မေးလာတဲ့ဇနီးသည်ကို စိတ်သက်သာ ရအောင် အခြေအနေကောင်းပါတယ်လို့ ကျွန်တော်ပြောလိုက်ပေမဲ့ ရင်ထဲမှာတော့ သားအတွက် အတော် လေးစိုးရိမ် နေတုန်းပါ….။ သူငယ်ချင်းတွေလည်း အလုပ်တွေနဲ့မို့ နေ့လည်လောက်မှာပြန် ကြပါတယ်…။
ကျွန်တော်သူတို့ကို ကားလိုက်ဌားပေးပြီး ဆေးရုံရှေ့ ကအရိပ်ကောင်းတဲ့ ခုံတန်းလေးမှာခဏ ၀င်ထိုင် ရင်း ကျွန်တော့်ရဲ့ ကလေးဘ၀ကို အတွေးဇာချဲ့ မိပါတယ်…။ အဖိုး၊ အဖွားတွေ နဲ့ မေမေရဲ့ ပြောပြချက်တွေအရ ကျွန်တော့်ကိုလည်း ဗိုက်ခွဲမွေးခဲ့ရကြောင်း၊ မွေးပြီးပြီးချင်း အခုလိုပဲ အရေးပေါ်ကုသမှုကို ခံယူရကြောင်း၊ ကျွန်တော်ကတော့ တစ်ပတ်နဲ့တင် ကျန်းမာရေးကောင်းလာလို့ ဆေးရုံကနေ ဆင်းလို့ရပေမယ်.. မေမေ ကတော့ ကလေးခွဲမွေးတဲ့ ဒဏ်ကြောင့် ဆေးရုံမှာ တလကျော်လောက် နေခဲ့ရကြောင်း၊ ကျွန်တော် နို့စာလို့ ငိုရင်အဖေက အိမ်ထောင်သည် သူ့ညီမ(ကျွန်တော့်ဒေါ်လေး)ဆီ ပို့ပြီး နို့တိုက်စေတဲ့အကြောင်း၊ ကျွန်တော့်ကိုကျန် တဲ့ သားနဲ့ သမီး ထက်ပိုပြီးဂရု တစိုက် ဒုက္ခခံခဲ့ ကြောင်းတွေကို ပြန်စဉ်းစားမိပါ တော့တယ်..။
အခုလို ကျွန်တော် သားအတွက် ပူဆွေးသောက ရောက်ခံစားခဲ့သလို တချိန်က အဖေလည်း ကျွန်တော့် အပေါ်မှာ ကိုယ်ရင်သွေးဆိုတဲ့ အသိနဲ့ အခုလိုပဲ ခံစားရမှာပဲလို့ ကိုယ်ချင်းစာနာတတ်ခဲ့ ပါတယ် ။ အဖေ ဆိုတဲ့ နေရာကို ရောက်လာမှ အဖေ့ရဲ့ မေတ္တာကို ကျွန်တော် နားလည် ခံစားတတ်မိပါပြီ…။ ဖြစ်ပြီးခဲ့တဲ့ မိသားစုအရေး ကိစ္စတွေအတွက် အဖေ့မှာ တာဝန်ရှိသလို၊ အဖေ မှားနေပေမယ့် ကျွန်တော် အဖေ့ပေါ် ဆက်ဆံခဲ့တဲ့ အပြုအမူတွေကလည်း သားသမီးတယောက်အနေ မမှန်ခဲ့ဘူး ဆိုတာကို ကျွန်တော် သိလိုက်ရပါပြီ …။ အဖေ ဘာတွေ ပဲလုပ်နေလုပ်နေ၊ ဘာတွေပဲမှားနေမှားနေ အဖေဟာ အဖေပါပဲ…။ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် ပါပဲ..။ အဖေ့အပေါ်မှာ အမြင်မကြည်ပဲ အမှောင်ဖုံးနေတဲ့ ကျွန်တော်ရဲ့ အတ္တနဲ့ မာနတွေက သားလေး ဖိုးသားကြောင့် ကျွန်တော် အမြင်ကြည်လင်သွားခဲ့ပါပြီ… ။ တစ်နည်းပြောရရင် ဖခင်တယောက်အနေ နဲ့
“ ကိုယ်ချင်းစာနာတတ် ခဲ့ပါပြီ ”
အိတ်ကပ်ထဲမှ ဟန်းဖုန်းမည်သံလေးကြောင့် ကျွန်တော့် အတွေးလေးတွေ ပျက်သွားပါတော့တယ်…။နံပါတ် ကို ကြည့်လိုက်တော့မှ ဇနီးသည် ခေါ်နေတာပါ…။ ဖုန်းဖွင့်လို့ နားထောင်လိုက်တယ် ဆိုရင်ပဲ“ မောင် အဖေ့ ဆီကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်ပါအုန်း… ညကဖုန်း ဆက်သေးတယ်… သူဖုန်းစောင့်နေမယ်တဲ့ အမ ဖုန်း ထဲမှာပိုက်ဆံမရှိတော့” ဇနီးသည်ရဲ့ စကားမဆုံးခင် လိုင်းကျသွားတာမို့ သူ့ဖုန်းထဲ ပိုက်ဆံ ကုန်သွားပါပြီ…။ ကျွန်တော်နဲ့ အဆက်အသွယ် မလုပ်ပေမယ့် ကျွန်တော့်ဇနီးနဲ့ အဆက်အသွယ်ရှိတယ် ဆိုတာတော့ ကျွန်တော် သိထားပါတယ်…။ ဒီအချိန်မှာ ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို သိထားပြီးသားမို့ ဇနီးသည် ပေးထားတဲ့ အဖေ့ရဲ့ ဖုန်းနံပါတ်လေးကို တုန်ယင်စွာနှိတ်ရင်း အဖေ့ဖုန်းကို လှမ်းခေါ်လိုက်ပါတယ်…။ ကျွန်တော့် ဖုန်းမှန်းအဖေ သိထားလို့ အရင်ဆုံးပဲ သူက စမေးပါတယ်…“
လူလေး အဖေ့ မြေးလေးနဲ့ သမိးရော ကျန်းမာလား၊ ကလေးရော အင်္ဂါစုံလား လူလေး၊ ဘယ်နှပေါင်ရှိလည်း၊ ဘယ်အချိန်က မွေးတာလည်း လူလေး၊ အချိန်ကို သေချာမှတ်ထား ကလေးဇာတာတွက်လို့ ရအောင်” လို့ အဖေတရဆက် ပြောနေမဲ့ ကျွန်တော် မျက်ရည်တွေကြားမှာ ဘာစကားလုံးတွေမှ ရှာမရခဲ့ပါ ဘူး..။ ကျွန်တော် ပြန်ပြောမိတာကတော့ “ အားလုံးအဆင်ပြေပါတယ် အဖေ… စိတ်မပူကြပါနဲ့လို့ ကျန်တဲ့ သူတွေကိုလည်း ပြောလိုက်ပါ အဖေ… ကျွန်တော် အဖေ့အပေါ်မှားခဲ့တာတွေ ရှိပါတယ် ခွင့်လွတ်ပေး ပါအဖေ… ကျွန်တော်အခု ဖခင်တစ်ယာက်ဖြစ်နေပြီမို့ ဖခင်တယောက်ရဲ့ မေတ္တာကို နားလည်ခဲ့ပါပြီ အဖေ… ကိုယ်လည်းချင်းစာတတ် ခဲ့ပါပြီ အဖေ..” လို့ကျွန်တော် ပြောတော့…“ အဖေခွင့်လွတ်ပါတယ် လူလေးရာ… အဖေလည်း သားတို့အပေါ် တာဝန်မကျေခဲ့ဘူးလေ…။ သားလည်း အဖေ့လို တာဝန်မကျေတဲ့ အဖေမျိုးမဖြစ်စေနဲ့ ငါ့သား… အဖေလည်း အသက်ကြီးပြီမို့ အားလုံးကို နားလည်သဘောပေါက်နေပါပြီ… အခုလည်း လူလေးအကိုတွေ အမတွေဆီ တလှည့်စီနေရင်း မမြင်ရတာ ကြာပြီဖြစ်တဲ့ လူလေးကို အဖေ လွမ်းနေတာပါ လူလေးရာ… အသက်လေး ကြီးလာတော့ သားသမီးတွေရဲ့ အပြုအစုအယု အယတွေကို လိုချင်လာမိတယ်… အဖေလူလေးကို တွေ့ချင်နေပြီ လူလေးရာ… အင်း အဖေတို့ သားအဖချင်း ထမင်းလက်ဆုံမစားရတာ နှစ် 20 နီးပါးပဲနော်…လူလေးရဲ့ မိသားစုကို ကောင်းမွန်အောင် စောင့်လျှောက်ပါ … လူလေးတို့ မိသားစုပြန်လာမယ့် အချိန်ကို အဖေစောင့် နေပါမယ်..”
သြော်.... အခုတော့သား ဖိုးသားလေးနဲ့ ဇနီးသည်တို့ မြန်မာပြည်ပြန်သွားတာ ၂ နှစ်နီးပါးတောင်ရှိနေပါပြီ…။ ဇနီး ထက် သားကို ပိုလွမ်းနေမိပါသည်…။ သားလေး ဖိုးသား ကတော့ သူ့အဖေကျွန်တော် သူ့ကို လွမ်းနေတာ၊ သတိရနေတာ ဘယ်သိပါ့ မလည်းခင်ဗျာ… ။ အဖေလည်း အခုလိုပဲ ကျွန်တော့်ကို လွမ်းဆွတ် တမ်းတသတိနေခဲ့တာ ပါလားဆိုတဲ့ အသိ၊ ကိုယ်ချင်းစာ စိတ်လေး ကျွန်တော့် ရင်ထဲမှာဖြစ်ပေါ်ခံစားနေရပါပြီ ခင်ဗျာ….။
သူငယ်ချင်း ညီအကို မောင်နှမတွေအားလုံး ဘ၀အမောတွေ ပြေကြပါစေ
ရာဇာထွေး
ဆောင်းပါးလေးဖတ်သွားတယ် မောင်ရာဇာရေ။ မိသားစုတိုင်းမှာ ဖခင်ဖြစ်စေ မိခင်ဖြစ်စေ သူ့နေရာနဲ့သူ လိုအပ်တာချည်းပဲပေါ့ကွယ်။ နောက်တစ်ချက်က အတိတ်ကံအကြောင်းတွေကြောင့် ဘဝမှာ ဘယ်လိုကကြိုးတွေ ကနေရပါစေ သားသမီးကို မချစ်တဲ့ မိဘဆိုတာ မရှိဘူးလို့ တီတင့်ယုံကြည်ထားတယ်။ မိဘတွေအပေါ် နားလည်ခွင့်လွှတ်နိုင်တဲ့ သားလိမ္မာအဖြစ် ထာဝရ ရပ်တည်နိုင်ပါစေကွယ်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်ပါတယ် အန်တီ တင့်ရေ....
Deleteကိုယ် ကိုယ် တိုင်မိဘဆိုတဲ့နေရာ ကိုရလာတော့ မိဘတွေရဲ့
မေတ္တာ အတိမ်အနက် ကို ပိုပြီးနားလည်ခံစားရလာပါတယ်...
အဲဒါကြောင့် အမှတ်တရ အနေနဲ့ ဒီပို့စ်လေးရေးလိုက်မိတာ ပါ ခင်ဗျာ..
အခုလို အသိပေးဆုံးမပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ...
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
ကိုရာဇာရေ
ReplyDeleteမသိလို့နောက်ကျနေတာနော်
စိတ်ထဲမထားပါနဲ့ ဒီလောက်ခင်မင်နေတာ မသိရတာလဲစိတ်ထဲမကောင်းဘူး
မသန့်နဲ့ ကလေးနေကောင်းရဲ့လား ဖုန်းဆက်ရင်သတိရကြောင်းပြောပါနော်
ရေးတတ်လိုက်တာ-မျက်ရည်တောင်ဝဲတယ်-----
ဟုတ်ပါ့ အမ စံပယ် ရေ...
Deleteလူချင်းဒီလောက်ရင်းနှိးနေတာ ဘလော့ထဲမှာ ရှိမှန်း
ကျွန်တော်တို့ မသိကြဘူးနော်...ကျွန်တော် အမစံပယ်ကို
အပြင်မှာ သိတာက နာမည်အရင်း လေ...အခုအမ က စံပယ်ချို လေ
..တွေ့ပေမယ် မသိတော့ စကားလည်းမပြောမိ ဘူး... ကျွန်တော့် ကို
အမတို့တွေ သိတာ ကိုဖိုးကျော် လေ... ဘလော့လုပ်ထားတာ နာမည်အရင်း
နဲ့ ဆိုတော့ အဲလိုတွေ လွဲကုန်တာ အမရေ... ဘလော့လည်ဖို့ တအိမ်တိုးလာ
တာပေါ့... မသန့် နဲ့ ဖိုးသား နေကောင်းပါတယ် အမရေ...
ခင်မင်စွာဖြင့်
ရာဇာထွေး
ငါ့မောင်ရေ။။
ReplyDeleteအမဒီပိုစ့်လေးဖတ်ပြီး ဘာပြောရမှန်းမသိပါဘူး။ ဒါပေမဲ့ ရာဇာအတွက် အမ ဝမ်းသာဂုဏ်ယူလိုက်တယ်။
မိဘဟာ.... မိဘ ပါဘဲ အသိအချိန်မှီ ပြန်ဝင်ခဲ့လို့ပေါ့။
သားလေးတောင် ၃ နှစ်ရှိပြီ။ သားသမီးတွေအကြောင်း ပြောတိုင်းသ အမလည်းမျက်ရည်ဝဲရပါတယ်။ခလေးချစ်တတ် သူဆိုတော့။
ခင်မင်စွာဖြင့်
ကိုရာဇာရေ ဒီပို့စ်လေးဖတ်ရတာ အရမ်းခံစားရပါတယ်....သားသီးပေါ်ထားတဲ့မိဘမေတ္တာကို သားသမီးကနေမိဘဖြစ်တဲ့အချိန်မှာ ခံစားရမယ်ဆိုတာ မိဘမဖြစ်သေးပေမဲ့ နားလည်နိုင်ပါတယ်...အခုလို ကိုရာဇာတို့သားအဖ ပြန်လည် ချစ်ချစ်ခင်ခင်ဖြစ်သွားတာ အရမ်းဝမ်းသာပါတယ်.......
ReplyDeleteခင်မင်တဲ့ ရင်ဆူး
တကယ်တော့လမင်းဒီပိုစ့်လေးကိုအရင်ဆုံးဖတ်တာပဲအကိုရေ
ReplyDeleteငိုချင်လာတာနဲ့ကွန်မန့်တောင်မပေးမိဘူး အဲလို အဲလို အပျိုကြီးတို့မေ့တတ်ပါပေတယ်။။
မသေချာလို့ လာလည်ရင်ကြည့်လိုက်တာ ထင်တဲ့အတိုင်းပဲ ဟူးးးးးးးးး
အသက်လေးရလာတော့ အဲလိုပဲ အကိုရေနားလည်ပေးပါ တပ်စုမူး
ခံစားချက်တွေတူလို့ဘာပြောရမှန်းတောင်သိတော့ဘူးးး