ဒီအကြောင်းလေး ပြောချင်နေခဲ့တာ ကြာပါပြီ… ။ အခုတော့ ပြောဖို့အချိန်လေးလည်း ရလာပြီမို့ ပြောပါတော့မည်…။ ကျွန်တော့်ကို ချက်တင်မှာလာပြီး အမှုစစ်သလို စစ်စစ်သွားတဲ့ ကိစ္စပါ…။ အားလုံးလည်း ကြုံဖူးကြမှာပါ…။ ကျွန်တော် အွန်လိုင်းသုံးတတ်တာ အချိန်အားဖြင့် ၄ နှစ်သာရှိပါသေးသည်…။ စပြီးသုံးတဲ့ အချိန်ကနေပြီး ဒီနေ့အထိ အသုံးပြုနေတာ လက်ရှိအကောင့် တစ်ခုထဲပါ…။ ထုံးစံအတိုင်းပါပဲ အွန်လိုင်းကို စပြီးသုံး တတ်ကာစ ချက်တင်ပဲထိုင်တတ်ပါတယ်…။ သတင်းဆိုက်တွေ ဖြစ်တဲ့ ဧရာဝတီ၊ ဟစ်တိုင် ၊ ရိုးမ၊ မဥ္စိမ စ တဲ့ သတင်း စာမျက်နှာတွေကိုသာ သွားလာလည်ပတ် တတ်ပါတယ်…။ တခြားဘယ်ဘလော့ စာမျက်နှာတွေကိုမှ မရှာတတ်၊ မသွားတတ်ခဲ့ ပါဘူး။ ( လူကလည်း နည်းနည်းထူပါတယ်) ..။
ဒါကြောင့် အားအားရှိချက်တင် လောက်သာ ထိုင်ဖြစ်တာများပါတယ်…။ မြန်မာလိုလည်း စာစရိုက် တတ်ကာစဆိုတော့ ချက်တင်ပဲ ထိုင်ချင်နေတာပါ…။ အဲဒီမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ်နဲ့ ချက်မယ့် အဖော်က မရှိပြန်ဘူး…။ ကိုယ်နဲ့အမြဲ ချက်တင်ထိုင်ပြီး ပြောနေတဲ့ သူကလည်းကိုယ်နဲ့ အခန်းချင်းကပ် ရပ်က သူငယ်ချင်း ၂ ယောက် ပဲရှိပါတယ်…။ သူတို့လည်း ကိုယ့်လိုပဲ အခုမှ စပြီးသုံးတတ်ကာစမို့ နှုတ် ခမ်းပဲ့ချင်း မီးမှုတ်နေရသလိုပါပဲ။ ဘာမှအနှစ်သာရ မရှိဘူး…။ ဒါကြောင့် သူငယ်ချင်းအသစ်တွေ လိုချင်တာလည်း မဆန်းပါဘူး…။ ခက်တာက ဘယ်လိုသူငယ်ချင်း ရှာရမလည်းပေါ့ (အဲလောက်တောင်တုံး တာပါ) …။
နောက်မကြာပါဘူး မြန်မာပြည်ပြန်သွားတဲ့ သူငယ်ချင်းတယောက်က သူ့အကောင့်ပေးလို့ သူနဲ့ ချက်တင်ထိုင်ဖြစ်ပါတယ်။ နောက်မကြာမကြာ သူကမြန်မာပြည်က သတင်းထူးလေးတွေ၊ အတင်းထူးလေးတွေကို ဖော်ဝက်မေးလ် ပို့ပို့ပေးပါတယ်…။ အဲဒီအထဲမှာ မမျှော်လင့်ပဲ မေးလ်အကောင့်တွေ အများကြီးပါလာလို့ ကျွန်တော်အတွက် နတ်ရထားဆိုက် သလိုပါပဲ…။ အဲဒီအထဲကနေ အကောင့်တချို့ကိုရွေးလို့ ကျွန်တော်လိုက်ပြီး အက်ပါတယ်…။ ကိုယ်ကစပြီး အက်တာမို့ သူတို့ကိုယ့်ကို လက်ခံလိုက်လို့ လိုင်းပေါ်မှာတွေ့ရင် ကျွန်တော် အရင်သွားနှုတ်ဆက်ပါ တယ်။
(((မင်္ဂလာပါ…ကျွန်တော်ရာဇာထွေး…ဒီအကောင့်ကို မေးလ်ထဲကနေရလို့ အက်လိုက်တာပါခင်ဗျာ…အခု လိုလက်ခံပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ))) စဖြင့်အဲဒီလို ကိုယ်ကအရင် ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင်း အရင်အသိပေးပြီး မိတ်ဆက်ပါတယ်…။
အဲဒီတုန်းက ကိုယ့်ကိုကောင်းကောင်းမွန် လက်ခံပေးတဲ့ သူငယ်ချင်းတွေ လည်းအခုချိန်ထိ ရှိကြပါသေးတယ်…။ တချို့လည်း တစ်ခါ၊ နှစ်ခါ လောက်သာပြောပြီး နောက်မတွေ့ ရတော့ပါဘူး…။ ဒီလိုနဲ့ နေလာတာ ၆ လကျော်ကျော်လောက်မှာ အဲလိုပဲ မေလ်းထဲကနေ အကောင့်တွေ ထပ်ရပြန် ပါတယ်…။ အဲဒီမေးလ်တွေ ထဲကနေ မလေးရှားမှာရှိတဲ့ သူတွေရဲ့အကောင့် ၅ ခု လောက်ကို သွားအက် လိုက်တာ ၄ ယောက်ကလက်ခံပြီး ၂ ယောက်သာ ကောင်းကောင်းမွန်မွန် စကားပြောပါတယ်…။ အဲကျန် တဲ့ ယောက်ကျားလေး တစ်ယောက်ကတော့ လက်ခံပါတယ် စကားပြန်မပြောပါဘူး…။ နောက်ထပ်မိန်း ကလေး တယောက်ကိုတော့ လိုင်းပေါ်မှာတွေ့လို့ ကျွန်တော်သွားပြီး မိတ်ဆက်စကားလည်း သွားပြောရော ကျွန်တော့်ကို စစ်တမ်းတွေ ထုတ်တော့တာပါပဲ…။ သူ့အကောင့် ဘယ်လိုရတာလည်း ကနေစပြီး ကျွန်တော် ဘယ်မှာနေတယ်၊ ဘာလုပ်တယ်၊ အသက်စဖြင့် အားလုံးလည်း မေးပြီရော ကျွန်တော့်ကို တော်တော်လေး အားယားနေလား၊ နင့်မှာ ညီမရှိရင် အကောင့်ဖွင့်ခိုင်းပြီး ချက်ကြပါလား၊ လူတိုင်းနဲ့ လက်ခံစကားပြောရအောင် ငါ့ကိုဘယ်လိုကောင်မလို့ နင်ထင်လို့လည်း နင်တို့လို မလေးက အကောင်တွေေ-ာက် အထင်မကြီးဘူး၊ အားယားနေတဲ့ အကောင်တွေစသဖြင့် ရင့်ရင့်သီးသီးကို အပြောခံလိုက်ရပါတယ်…။
ကျွန်တော် သူနဲ့ပြောတဲ့ စကားတွေထဲမှာ မရိုးသားတဲ့ စကားမျိုး၊ သူ့ကိုစော်ကားသလိုဖြစ်မယ့် အသုံးအနှုန်း တစ်လုံးမှ မပါပါဘူး…။ လက်မခံချင်ရင် အစထဲကကျွန်တော်အက်တာကို လက်မခံပဲငြင်းလို့ရပါတယ်…။ အခုတော့လက် ခံပါတယ်၊ သိချင်တာတွေလည်း မေးသွားပါတယ်၊ ပြီးမှ လူကိုပျစ်ပျစ်နှစ်နှစ် တွယ်သွားတာမို့ ခံရတော့တော်တော် ခက်ပါတယ်…။ ကျွန်တော့်အပေါ် အထင်အမြင် လွဲသွားတာမို့ ကျွန်တော် မေးလ်တွေပို့ပြီး အကြိမ်ကြိမ် ရှင်းပြပါတယ်…။ နေ့တိုင်းဆိုသလို မေးလ်တွေ ပို့ဖြစ်ပါတယ်...။ တစ်လလောက် အကြာမှာတော့ သူဖက်ကလာပြီး စကားပြန်ပြောလာပါတယ်… အရင်ကပြောလိုက် တာတွေအတွက် တောင်းပန်ပါတယ်တဲ့…။
ကျွန်တော် လိုချင်တာအဲဒါပါ...။ ကျွန်တော်ဟာ သူထင်သလိုမ ဟုတ်ဘူးဆိုတာ သူသိသွားရင် ကျေနပ်ပါပြီ..။ အဲဒီအချိန် ကစလို့ သူ့ကိုကျွန်တော် ဘာအဆက်အသွယ် မှမလုပ်တော့ပဲ နေလိုက်တာဒီနေ့အထိပါ…။ သူလာပြီး ဟိုင်းလည်း ကျွန်တော်ပြန်တောင် ပြန်မဟိုင်းပါဘူး၊ သူက မင်္ဂလာပါဆိုလည်း ကျွန်တော်ပြန်ပြီး မမင်္ဂလာပါဘူး (မာနကြီး တာမဟုတ်ပါ)…။
ကျွန်တော် သူ့ကြောင့်ချက်တင်ကို တော်တော်စိတ်ကုန်သွားပါတယ်…။ အဲဒီ နောက်ပိုင်းက စလို့ ကျွန်တော် ဘယ်သူ့ကိုမှစပြီး အရင်သွားမအက်တော့တာ ဒီနေ့ ဒီချိန်အထိပါ…။ ကိုယ့်ကို လာအက်သမျှ အားလုံးကိုပဲ လက်ခံပါတယ် …။ နောက်တော့ နိုင်းဆိုက်တွေမှာ မန်ဘာဝင်ရင်း စာလေး ဘာလေးရေးဖြစ်တော့ ချက်တင်မထိုင် ဖြစ်တော့ပါဘူး…။ ကွန်မန့်လေးတွေ လိုက်ပေး၊ သူငယ်ချင်းတွေ စာမျက်နှာလေးတွေ လည်လိုက် ၊ နောက်တော့ ဘလော့လေး တစ်ခုလုပ်ပြီး လိုင်းပေါ် မှာ ပျော်နေခဲ့တာပါ…။ ချက်တင်မှာ အရမ်းရင်းနှီးတဲ့ သူတွေလောက်နဲ့သာ ပြောဖြစ်ခဲ့တာပါ…။
တလောလေးက အလှူအတွက် ဆက်သွယ်ရမယ့် အကောင့်တွေ တင်ထားပါတယ်…။ လာအက်ကြ တဲ့ သူတွေလည်းရှိပါတယ်( ၆ယောက် ပါ..။ တယောက်မှ အလှူအကြောင်းမမေးပဲ ကျွန်တော့် အကြောင်းတွေကိုသာ အမှုစစ်သလို စစ်သွားကြပါတယ်…။ ကျွန်တော့်နည်းတူ အမလွမ်း(အလွမ်းမြို့လေး) နဲ့ ညီမလေး လမင်း(ချစ်စံအိမ်)တို့လည်း ခံရတယ်လို့ သတင်းရပါတယ်:P)…။
အဲဒီ မတိုင်ခင်ကလည်း ကျွန်တော်နိုင်းဆိုက်တွေမှာ လည်နေတုန်းက အကောင့်ကို ဆိုက်တွေထဲမှာ တင်ထားတာရှိပါတယ်…။ အက်ဒမင် လုပ်နေတာမို့ ဆက်သွယ်ရန်မေးလ် လိပ်စာတွေမှာလည်း လက်ရှိအကောင့်ကို တင်ထားသလို ဖလက်စောင်း သီချင်းလေးတွေ လုပ်ရင်လည်း ကိုယ့်အကောင့်ကို ထည့်ထားတာမို့ ဘယ်သူလာအက်အက် ကျွန်တော်အားလုံးကို လက်ခံတတ်ပါတယ်…။ သူတို့ မသိတာလေးတွေ လာမေးကြသလို၊ လိုချင်တာလေးတွေလည်း တောင်းတတ်ကြပါတယ်…။ ကျွန်တော် လူတတ်ကြီးမဟုတ်ပေမဲ့ ကျွန်တော်တတ်ထားတာ၊ သိထားတာ၊ ရှိတာလေးတွေဆိုရင်အ ချိန်ပေးပြီးပြောပြ၊ လုပ်ပြ၊ သင်ပြပေးတတ်ပါတယ်…။ အဲလိုလာအက်တဲ့ အထဲမှာတချို့ တော်တော်ဆိုးပါတယ်…။ သူတို့က ကျွန်တော့်ကို အရင်လာအက်လို့ ကျွန်တော်လက်ခံတာပါ…။
သူတို့ ဘယ်သူ၊ ဘယ်ဝါဆိုတာ မသိပါဘူး…။ နောက်ပြီး လာအက်တဲ့ သူတွေက သူတို့ ဘယ်သူဘယ်ဝါဆိုတာကို အရင်မပြောပဲ မင်းဘယ်သူလည်း၊ ဘယ်မှာနေတာလည်း၊ ဘာအလုပ်လုပ်လည်း အဲလိုတွေ သူတို့အရင်လာမေးကြပါတယ်… ။ နောက်ပြီး မိန်းကလေးတွေ ရှိပါသေးတယ် လာတော့အက်ပါတယ်၊ သူတို့သိချင်တာတွေ အကုန်မေးသွားတတ်ပါတယ်၊ ကိုယ်က သူ့နာမည် ဘယ်လိုခေါ်လည်းလို့ ပြန်မေးရင် မဖြေပါဘူး...။ သူတို့နဲ့သာ ကျွန်တော် စကားပြောပြီးသွားတယ် သူတို့ ဘယ်သူဆိုတာ ကျွန်တော်မသိလိုက်ပါဘူး…။ ကဲကျွန်တော်ပြောချင်တာ အဲဒီမှာပါ…။ သူငယ်ချင်းလို ခင်မင်ချင်လို့ ရိုးရိုးသားလာအက်ပြီး မိတ်ဆွေဖွဲ့ချင်တာဆိုရင် လက်ခံပါတယ်…။ တခုခု အကူအညီလိုလို့ လာအက်ရင် လက်ခံပါ တယ်…။
ဒါပေမယ့်ကိုယ်နဲ့ စကားလာပြောတဲ့သူဟာ မောင်ဖြူလား၊ မောင်နီလား၊ ယောက်ကျားလား၊ မိန်းမလား ဆိုတာတော့ ကျွန်တော်သိချင်ပါတယ်…။ အခုတော့ ကိုယ့် နာမည်လေးတောင်မှ မပြောပြ ချင်လောက်အောင် ရိုးသားမှုမရှိရင် အစထဲက လာပြီးမအက်တာ သူ့ အတွက်ရော ကိုယ့်အတွက်ပါ ပိုကောင်းပါတယ်…။ ရိုးသားစွာ ခင်မင်ချင်တဲ့ သူတွေကို ကျွန်တော်ကြိုဆိုပါ တယ်…။ အားလုံးကို မောင် လိုနှမလို ခင်မင်တတ်တာ ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်ပါ…။ မရိုးသားတဲ့ ဘဘော မျိုးဆိုရင်တော့ ကျွန်တော့်ဆီ လာအက်မနေပါနဲ့ အချိန်ကုန်ပါတယ်…။
ကျွန်တော်ကိုယ်တိုင်လည်း မရိုးမသားမဆက်ဆံတတ်ပါဘူး…။ အားလုံးကို ခင်မင်တတ်ပါတယ်…။ ခင်မင်တတ်လွန်းလို့လည်း ခဏခဏအ လိမ်ခံခဲ့ရဘူးပါတယ်:D…။ အလုပ်လုပ်ရင်း အွန်လိုင်းသုံးတာမို့ မအားတတ်တာများပါတယ်…။ အလုပ် ထဲရောက်လာရင် အကောင့်ကို အမြဲတမ်းဖွင့်ထားပြီး အလုပ်လုပ်လိုက်၊ အလုပ်လေးပါးတဲ့အချိန် အွန်လိုင်းလေးတက်လိုက် ဒီလိုနေတာပါ… ။ ဒါကြောင့် အမြဲတမ်း Busy ပဲပြထားတာပါ…။ အဲလိုပြထားပေမယ့် ကိုယ့်ကို လာပြီးစကားပြောနေမယ် ကိုယ်ကလည်း အားနေမယ်ဆိုရင် ကျွန်တော်ပြန်ပြီးလက်ခံ စကားပြောတတ်ပါတယ်…။ တခါတလေ ကိုယ်ကလည်း အလုပ်ရှုပ်နေတဲ့ အခါမျိုးသူတို့ လာစကားပြောရင် ဘာမှပြန်မပြောနိုင်ပါဘူး…။ အဲဒီအခါ ကျရင် ( ဟေ့ ပြောနေတယ်လေ… မကြားဘူးလား … ပြန်ဖြေလေ …ေ-ာက်ပဲ က များနေသေးတယ် ) အဲလို လည်း အပြောခံရဘူးပါတယ်…။ အဲလိုပြောသွားတဲ့ သူတွေကကျွန်တော့် တူ သား အရွယ်တွေပါ…။
(အမျိုးရင်းဖြစ်တဲ့ ညီမလေး ချစ်စံအိမ်တောင် ကျွန်တော်က မာနကြီးတယ်… အဲဒီ မာနတွေကို ဗိုက်ထဲမှာ ထည့်ထားလို့ ကျွန်တော် ဗိုက်ပူနေတာလို့ တောင်သူများကိုသွားပြီး အတင်းတုတ်ပါ တယ်:P)
တစ်ဖက်လူရဲ့ အခြေအနေကို သေချာမသိပဲ ကိုယ့်ဖက်ကိုယ်ကြည့်ပြီး ပြောသွားကြတာပါ…။ နောက် ထပ်ရှိပါသေးတယ်… ကိုယ့်ကို လာအက်ပြီး မိန်းကလေးအကောင့်တွေ ရှိရင်ပေးလား…ကျွန်တော်မှာရှိ တာ လည်းပြန်ပေးမယ်လေ ဆိုပြီး မျက်နှာပြောင်တိုက်ပြီး အကောင့်လာတောင်းတဲ့ သူတွေလည်း ရှိပါတယ်…။
ကျွန်တော့်အထင် သူတို့မှာ တော်တော်လေးအချိန်တွေ ပိုနေတယ်ထင်တာပဲ၊ အင်တာနက်သုံး တဲ့ နေရာမှာ ချက်တင်အပြင် တစ်ခြားဘာမှ မသုံးတတ်ဘူးလား မသိဘူး…။ လိုင်းပေါ်တက်လာ ကောင်မလေး ၊ ကောင်လေးတွေနဲ့ Q ဖို့လောက်ပဲသူတို့ အာရုံရကြတာလား မပြောတတ်ပါဘူး…။ အဲလိုလူမျိုးဆိုရင် ကျွန်တော်ဘာမှ ပြန်ပြောမနေတော့ပါဘူး…မောလို့…။ ကျွန်တော်အွန်လိုင်း စသုံးတတ်ကာစ ချက်တင်ထိုင်ချင်လို့ သူငယ်ချင်းရှာတာ မိန်းကလေး မရှိသလောက် ရှားပါတယ်…။ ချစ်စကား ကြိုက်စကားပြောဖို့ တီတီ တာတာ လုပ်ဖို့လည်း စိတ်ကူးမရှိဘဲတကယ် သူငယ်ချင်းလိုချင်လို့ လိုက်အက်ပြီး မိတ်ဆွေဖွဲ့တာပါ…။ သူ့တို့ကျမှ ကောင်မလေး အကောင့်တွေ ချင်းဖလှယ်ကြမယ် လုပ်တာတော်တော် အံသြမိပါတယ် …။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း ကျွန်တော့်လို ခဏခဏ အမေးခံရလို့ စိတ်ပျက်ပြီး သူ့အကောင့်မှာ အခုလို စာလေးပြီး တင်ထားပါတယ် …။

အမည်= ဇာလင်းဟန်
အသက်= ၃၃ နှစ်
အမျိုးအစား= ယောက်ကျား
နေရပ်= မလေးရှား
အဲလိုရေးထားတာ…။ ကျွန်တော်က“ ဟ..ဇာလင်း စာတွေ ဘာတွေ ရေးထားလို့ပါလား ”လို့မေးတော့“ ဟုတ်တယ် ကိုဖိုးကျော်ရေ .… ဇာလင်းဟန်လို့ ရေးထာတာတောင် လာပြီး Q တဲ့ ကောင်နဲ့.. .ကောင်မလေး အကောင့် လာတောင်းတဲ့ ကောင်နဲ့.. .တော်တော် အာရုံနောက်လို့ ရေးထား လိုက်အေးရော။ အကိုရာ...” ကဲ....မခက်ဘူးလားခင်ဗျာ…။ အင်တာနက်ကို ချက်တင်လောက်သာ အသုံးချနေရင် ငွေကုန်အချိန်ကုန်တာဘဲ အဖတ်တင်မှာပါ…။ အင်တာနက်သုံးရင်း အခြားလေ့လာ သင်ယူစရာ ဗဟုသုတတွေအများကြီးပါ…။ ရှာကြပါ၊ လေ့လာကြပါ၊ ချက်တင်မှာပဲ အချိန်းမဖြုန်းကြဖို့ ညီငယ်၊ ညီမငယ်၊ ကိုကို၊ မမတွေ ကိုအသိပေးချင်ပါ တယ်…။
သူငယ်ချင်း ညီအကိုမောင်နှမတွေအားလုံး ဘ၀အမောတွေပြေကြပါစေ
ရာဇာထွေး
အခုလို စိတ်ရှည်ရှည်နဲ့ ဆုံးမပေးတာ ကျေးဇူးပဲ အကိုရေ...
ReplyDeleteကျွန်တော်လည်း အကို ပြောသလို chatting တစ်ခုတည်းနဲ့ အချိန်မကုန်အောင် ကြိုးစားနေထိုင်လျက်ပါဗျာ...
ကိုရာဇာပြောသလိုပါပဲ
ReplyDeleteအဲလိုအဖြစ်မျိုးခံရလွန်းလို့ရိုးနေပါပြီ
ခဏခဏ အပြောခံရတယ်ခုတော့ မေးလ်ကို မဖွင့်တော့ဘူး
ကိစ္စကြီးငယ်ရှိမှဖွင့်တယ်
----နားအေးရော
အဟီး....စံပယ်ရယ် ကိုယ့်မေလ်းကိုဖွင့်တာပါ. မကြောက်ပါနဲ့. သူကြီးသမီး အလွမ်းရှိပါတယ်. အဟား.
ReplyDeleteမိလွမ်းကတော့ လာအက်သမျှ အကုန်လက်ခံပေးပါတယ်. ကိုယ်တော့ စတင်မအက်ဘူး. ကိုယ်စတင်အက်တဲ့
သူတွေက ကံထူးလို့ဘဲ။ ရာဇာတို့ လွင်ပြင်တို့လို လူတွေပေါ. အဟီး
မိလွမ်းကတော့ ဘာမေးမေး အေးဆေးဖြေတယ်။ အရေမရ အဖတ်မရ အကျိုးမရှိ အကုသိုလ် ဖြစ်မဲ့ လမ်းကြောင်း
တွေပါနေပြီဆို ပြောမနေတော့ဘူး ယောကျာင်္ရော မိန်းမပါ (ဘလော့)ဘဲ။ အဓိက အေးအေး နေချင်တာ။
သူငယ်ချင်းအပေါင်းသင်း အများကြီးမရှိချင်နေပါ. မိတ်ဆွေကောင်းလေးပျောက်မှာတော့ စိုးတယ်။
ဒါကြောင့်ရှိနေသော မိတ်ဆွေကောင်းလေးတွေကို တန်ဖိုးထားခင်တွယ်နေပါတယ်။
စံပယ်လိုဘဲ သူရှိနေရင်ပျော်နေတတ်သူမို့ နေတတ်ကျေနပ်နေတယ်..ခိ ခိ ခိ
ခင်မင်တဲ့
မကြီးလွမ်း
အရမ်းမှန်လွန်းတဲ့ ပို့စ်လေးပဲ။။။။။
ReplyDeleteအကိုရာဇာရေ...ကြုံဖူးပါရဲ့ရှင်.. ဒါကြောင့်လည်း ချက်တင်မထိုင်ဖြစ်ပါဘူး.. ထုံးစံအတိုင်း fb မှာ ပိုစ့်လေးတွေတင်လိုက်..ဆိုဒ်တွေထဲ လည်လိုက်.. ဆော့ဝဲလ်တွေဒေါင်းလိုက်နဲ့.. အလုပ်ကတဖက်.. gtalk မှာတော့ အဆဲခံရတာလည်း တော်တော်ရှက်ဖို့ကောင်းတယ်.. ညလေးက မိန်းကလေးဆိုတော့.. ပိုဆိုးပေါ့.. ပြောတော့ပါဘူး အကိုရာ.. :)
ReplyDeleteလူအမျိုးမျိုးစိတ်အထွေထွေရှင်သန်ကြတဲ့လူ့လောကကြီးထဲမှာ
ReplyDeleteမဖြစ်မနေကြုံတွေ့နေရမဲ့ကိစ္စလေးတွေပေါ့ မောင်ရာဇာရေ။
ရင်ထဲခံစားချက်လေးတွေဖွင့်အံလိုက်တော့ခံစားရသက်သာသွားပြီမဟုတ်လား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်တယ်အစ်ကိုရေ....ကို့အကောင့်မှာ လူများပြီး ဘာမှန်းမသိတဲ့လူတွေရှိနေတာထက် သိတဲ့ခင်တဲ့လူဘဲ လက်ခံထားတာ နားအေးတယ်....ကိုမသိရင်တော့ အက်မနေဘူး.....သိတဲ့လူဘဲ အက်လိုက်တော့တယ်....အာရုံစားလွန်းလို့.....ဥပေက္ခာပြုလိုက်တာနားအေးပါတယ်ဗျာ.....
ReplyDelete