Wednesday, May 22, 2013

ဗေဒါလမ်း (၁) မယ့်လမ်းပါလား


  မယ့်လမ်းပါလား

ပန်းနီလာ၊ ဗေဒါဆင်သလို့
ယဉ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ၊ တန်းစီလို့လေး ။

အိုအချင်း... ကျူရိုးရှင်
မဗေဒါပြာလဲ့လမ်း၊ ကမ်းကပ်မယ်ပြင်
စံပယ်လှပွင့်ဖြူစင်၊ ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာခြံအရံနဲ့၊ သူစံရာ သူပျော်မွေ့
ပြေးတွေ့ချင်စမ်း ….. တဲ့။

တွေ့ချင်တဲ့စေတနာရယ်
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။
လိပ်ပြာကဝတ်ရည်သယ်၊ စံပယ်ကမအား
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း... ကျူရိုးရှင်
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျိုခင်ရဲ့အနွဲ့
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ၊ ပြုံးကြည့်ချင်ငဲ့ .. တဲ့။

ကြည့်ချင်တဲ့စေတနာရယ်
သနားဘွယ် ချစ်ဘွယ်တေးပေမို့
အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့၊ မြစ်ရိုးကအပြာချယ်ကို
ပျို့နယ်လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အိုအချင်း … ကျူရိုးရှင်
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ထီးတော်ကတချွင်ချွင်
ကွင်းပြင်ကဘုရား။
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ ဖူးချင်လျက်သား …. တဲ့။

ဖူးချင်တဲ့စေတနာရယ်
နိဗ္ဗိန္နာ ဂီတာတေးပေမို့
အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့အရ
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။
ချောင်းရေကဖောင်၊ တောင်လေကသွေး။
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင်၊
အားစိုက်ပါလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)



မှတ်ချက်။  ။ နှစ်သက်မိသော ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာ” လေးများပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့လေးထဲမှာ အမှတ် တရသိမ်းထားချင်တာမို့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာစာစု” များစာအုပ်မှ ကူးယူရေးသားဖော်ပြထားခြင်း ဖြစ် ပါတယ်ခင်ဗျာ။ စာအထား၊ အသို နှင့် စာလုံးပေါင်း အမှားအယွင်း များရှိခဲ့ပါက ကျွန်တော့်ရဲ့ ပေါ့ဆမှုအမှားများ သာဖြစ်ကြောင်းပါခင်ဗျာ ။


ရာဇာထွေး

1 comment:

  1. အိုးးးးးးးးးးးး ကျေးဇူးအများကြီးတင်ပါတယ် ကိုကြီးရာဇာ...
    ကဗျာလေးကို တင်ပေးတဲ့အတွက်ပေါ့....:)))

    ReplyDelete

“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: