Friday, August 23, 2013

ပဋိစ္စသမုပ္ပါဒ်အကျဉ်းပြ လင်္ကာ





အ၀ိဇ္ဇာဘယ်မှာနေ မိမိစိတ်မှာနေ၊
တစ်ခါတလေမိုက်မဲမှု သင်္ခါရကိုပြု။

သင်္ခါရပြုတော့ ၀ိညာဏ်တွယ်၊
နာမ်ရုပ်အိမ်ကိုသွယ်။

အကြည်ခြောက်သွယ် မှန်တံခါး၊
ကောင်းစွာ တပ်ဆင်ထား။

အာရုံခြောက်ပါးတွေ့ဆုံသော်၊ 

ဝိညာဏ်ခြောက်ပါး ဆိုင်ရာပေါ်။
 
ပေါ်လာလေတဲ့ အာရုံများ၊ 
ကောင်းစွာသူခံစား။
 
ခံစားပြီးတော့ လိုချင်ပြန်၊ 
စွဲလမ်းဥပါဒါန်။
 
ဥပါဒါန်ကြောင့် ရလိုမှု၊ 
ကံတွေ ကံတွေ ထပ်ဆင့်ပြု။
 
ကံပြုမိတော့ ဇာတိပေါ်၊ 
နာမ်ရုပ်အသစ်ပေါ်။
 
နာမ်ရုပ်ပေါ်တော့ အိုနာဆုံး 
သေတော့ ခေါင်းတစ်လုံး ။      ။


                                      (ဆရာတော် ဦးဃောသိတ)



ဆရာတော် ဦးဃောသိတ ၏မှတ်သားဖွယ်ရာ “ပဋိစ္စသမုပ္ပါဒ်အကျဉ်းပြ လင်္ကာ” လေးအားပြန်လည်ရေး သားဖော်ပြပါသည်။


ရာဇာထွေး


read more

Tuesday, July 16, 2013

ဗေဒါလမ်း (၂) – မယ့်လမ်းပါတဲ့



မယ့်လမ်းပါတဲ့


ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စံပယ်ကို ယမယ်ဖွဲ့ (ယိုးမယ်ဖွဲ့) ကမ်းကပ်ချင်ခဲ့။

ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
ပျိုမယ်ကို ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။

ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စေတီငယ်ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။


လင်းယဉ်နွဲ့ တချီချီ
ကျူရိုးရှင်သူ့စကား၊ နားကျခဲ့ပြီ
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီပြာလဲ့။

စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။ ။




ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)




မှတ်ချက်။  ။ နှစ်သက်မိသော ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာ” လေးများပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့လေးထဲမှာ အမှတ် တရသိမ်းထားချင်တာမို့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာစာစု” များစာအုပ်မှ ကူးယူရေးသားဖော်ပြထားခြင်း ဖြစ် ပါတယ်ခင်ဗျာ။ စာအထား၊ အသို နှင့် စာလုံးပေါင်း အမှားအယွင်း များရှိခဲ့ပါက ကျွန်တော့်ရဲ့ ပေါ့ဆမှုအမှားများ သာဖြစ်ကြောင်းပါခင်ဗျာ ။


ရာဇာထွေး





 



read more

Saturday, July 13, 2013

ဘုရားရှင်မှ ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ

















“ အပြု (ကာယကံ) ”

ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ 
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။

ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ 
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။

ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ 
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ 



“ အပြော (၀စီကံ) ”

ပြောမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ 
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။

ပြောဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ 
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။

ပြောပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ 
ထိခိုက်နိုင်ငြား၊ အပြောများ၊ မမှားရှောင်ကြဉ်ပါ။ 



“ အတွေး (မနောကံ) ”

တွေးမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ 
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။

တွေးဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ 
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။

တွေးပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ 
မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိပြီလဲ။ 
ထိခိုက်နိုင်ငြား၊ အတွေးများ၊ မမှားရှောင်ကြဉ်ပါ။ 


                                  (ချမ်းမြေ့ဆရာတော်)




မှတ်ချက်။   ။ “ချမ်းမြေ့ဆရာတော်” ၏ (ဓမ္မကဗျာပဒေသာ စာအုပ်မှ) ပြန်လည်ကူးယူဖော်ပြပါသည်။


ရာဇာထွေး
read more

Friday, July 12, 2013

လောကနီတိ- ၂၀



• သူယုတ်မာကို အချစ်မလွန်ရာ။
• သူယုတ်မာသည် ထိပ်တင်ခေါင်းရွက် မြှောက်စားခံရသော်လည်း မချေမငံ ဆူဆူညံညံ ပြုတတ်၏။
• Do not love the unvirtuous too much.
• Even though praised highly, the wicked may act impolitely and boisterously.



• မြွေသည် အမျက်လွန်၏။
• မြွေထက် သူယုတ်မာသည် ပို၍ အမျက်လွန်၏။
• မြွေကို မန္တာန်ဆေးဝါးဖြင့် ငြိမ်းစေနိုင်သော်လည်း သူယုတ်မာကို ငြိမ်းစေနိုင်သည့် ဆေးမရှိချေ။
• The snake is extreme in anger.

• The wicked is more furious than the snake.
• Though the snake can be subdued by charm and drugs , there is no remedy for
subduing of the wicked.



• မိမိမိုက်လျက် မိုက်မှန်းသိသူကို ပညာရှိဟု ဆိုအပ်၏။
• မိမိမိုက်လျက် ပညာရှိဟု အထင်ရောက်သူကိုမူ သူမိုက်ဟု ဆိုအပ်၏။
• One who knows himself of his foolishness, may be said to be the wise.
• One who thinks of himself as the wise even though he is foolish may be said to be the foolish.



• သူမိုက်သည် သူပြုခဲ့သော မကောင်းမှုများ အကျိုးမပေးသေးသမျှ အကုသိုလ်ကို ပျားရည်ဟု တွေးထင် တတ်၏။
• သူပြုသောမကောင်းမှုကြောင့် ဆိုးကျိုးများ ကျရောက်ချိန်တွင်မူကား ဆင်းရဲဒုက္ခ ရောက်ရတော့၏။
• The foolish thinks his evil deeds as honey so long as there occurs no due results for his evil deeds.
• When bad results occured due to his evil deeds, then he gets into trouble.



• လူမိုက်သည် ခွန်အားရှိလျှင် သူတစ်ပါး ဥစ္စာကို အနိုင်အထက် လုယူတတ်၏။
• ပညာနည်းသော ထိုသူမိုက်သည် သေလွန်ပြီးသော် ငရဲသို့ ရောက်ရ၏။
• The fool, if he is stronger, may plunder others possessions by force.
• After death that fool of less knowledge lands in hell.



လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သား ဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)

ရာဇာထွေး
read more

Friday, July 5, 2013

သက်သတ်လွတ်နှင့် အသားကြီးဆယ်မျိုး




အရှင်ဘုရား
ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တွေကို သက်သတ်လွတ်စားဖို့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ၀က် ဆိုတဲ့ အသား ကြီးငါး မျိုး ရှောင်ကြဉ် ဖို့ မြတ်စွာဘုရားရှင်ရဲ့ မိန့်ဆိုဟောကြားချက် ထေရ၀ါဒပိဋကတ်တော်မှာ ရှိ-မရှိ ဖြေ ကြားပေးတော်မူပါဘုရား …
                                                                                        
                                                                                                       အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)


ဦးဇင်းရဝေနွယ်ရေ…
ထေရ၀ါဒ ဗုဒ္ဓအဆုံးအမနဲ့ ဆန့်ကျင်တဲ့ အပြောအဆို၊ အရေးအသားတွေကို အကြောင့်သင့် အကျိုး သင့် ရှင်းပြပြီး ဖယ်ရှား သုတ်သင်ရမယ့် တာဝန်ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ မထမ်းမဖြစ် ထမ်းဆောင် ရမယ့် " ဘုရားပေးတာဝန် " တစ်ခု ဖြစ်ပါတယ်။ (ဗုဒ္ဓ ဘာသာဝင် အမည်ခံပြီး ပြော ဆိုရေး သားတာတွေ ကို ပြောတာပါ။ တခြားဘာသာဝင်တွေရဲ့ ကိုယ့်ဘာသာဆိုင်ရာ ပြောဆိုရေးသားမှုတွေ ကိုတော့ ၀င်ရောက် စွက်ဖက်စရာ လုံးဝ မလိုပါဘူး။)


မြတ်စွာဘုရားရှင်က ဗြဟ္မဇာလသုတ္တန်မှာ "အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ- မမှန်တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ်" လို့ မိန့်ကြားတော်မူထားပါတယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ မဟုတ်မမှန်တာတွေကို " ဘာကြောင့် မဟုတ်ဘူး၊ ဘာကြောင့်မမှန်ဘူး " လို့အကြောင်း အကျိုးခိုင်လုံစွာ ဖြေရှင်းပြရမယ်..တဲ့။ သည်းခံတာပဲ ကောင်းပါတယ် ဆိုပြီး နှုတ်ဆိတ်ငြိမ်တိတ် မနေရ ဘူး..တဲ့။ အဲဒီလို ဘာမှ ပြန်ဖြေရှင်းမပြဘဲ နှုတ်ပိတ်နေတာဟာလည်း သည်းခံခြင်းအစစ်မ ဟုတ်ပါဘူး …တဲ့။
           

ရဝေနွယ်ရေ…
မြတ်စွာဘုရားရှင်က ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ လူဝတ်ကြောင် ဒကာ၊ ဒကာမတွေကို သက် သတ်လွတ်စားဖို့ လုံးဝမိန့်ကြားတော် မမူခဲ့ပါဘူး။ လူဝတ်ကြောင်တွေကိုသာ မဟုတ်ပါဘူး။ သာသနာ့ အ တွင်းသား ရဟန်းတော်များကိုလည်း သက်သတ်လွတ်စားဖို့ လုံးဝ ပညတ်တော်မမူခဲ့ပါဘူး။


သက်သတ်လွတ် စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်လို့ မြတ်စွာဘုရားရှင်က သက်သတ်လွတ်စားဖို့ တိုက် တွန်းတော်မမူ ခဲ့တာပါ။ ပါးစပ်ထဲ ထည့်သွင်းလိုက်တဲ့ အစားအစာတစ်ခုကို " ဟိုဟာပဲ၊ ဒီဟာပဲ " လို့ ရွေးချယ် သတ်မှတ် လိုက်ရုံနဲ့ အလို လိုနေရင်း ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်မသွားပါဘူး။ အစားအစာဟာ အစား အစာပါပဲ။ ဘာအစားအစာကိုပဲ စားစားကုသိုလ်ဖြစ်အောင် နှလုံးသွင်း ဆင်ခြင် ပြီးစားရင် ကုသိုလ်ရပါတယ်။ အကုသိုလ်ဖြစ်အောင် စဉ်းစားတွေးတောပြီး စားရင် အကုသိုလ်ရပါ တယ်။ အစားအစာက အဓိကမဟုတ်၊ စိတ်ကသာ အဓိက ဖြစ်တဲ့အတွက် အစာစားရင်း ကုသိုလ် ရ ချင်ရင် အစာကို ရွေးချယ်နေစရာမလိုဘဲ စိတ်ကိုသာ ပြုပြင်နေဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့မျှတတဲ့ အ စားအစာကိုရွေး ချယ်တဲ့ " ဘောဇနသပ္ပာယ " ကတော့ တစ်ပိုင်းတစ်ကဏ္ဍပေါ့။ (သက်သက်လွတ်နှင့် သပ္ပာယ အကြောင်း ဆောင်းပါးသီး သန့် ရေးပါမယ်။)
           

သက်သတ်လွတ်အစားအစာကို ပါးစပ်ထဲ ထည့်လိုက်ရုံနဲ့ အလိုလိုနေရင်း ကုသိုလ်ရမသွားသလို အသားငါး အစားအစာကို ပါးစပ်ထဲထည့်လိုက်ရုံနဲ့လည်း အလိုလိုနေရင်း အကုသိုလ်ဖြစ်မသွားပါဘူး။ သက်သတ်လွတ် စားရင်း လောဘ၊ ဒေါသဖြစ်စ ရာတွေ တွေးနေမယ်၊ အကုသိုလ်ဖြစ်စရာစကားတွေ ပြောနေမယ်ဆိုရင် သက် သတ်လွတ်စားရင်း အကုသိုလ်တိုးနေပါတယ်။ အသားငါးစားရင်း လောဘ၊ ဒေါသငြိမ်းကြောင်း ဘာဝနာ တစ်ခုခုကို ပွားနေမယ်၊ ကုသိုလ်ဖြစ်စရာ စကားတွေ ပြောနေမယ် ဆိုရင် အသားငါးစားရင်း ကုသိုလ် တိုးနေ ပါတယ်။
           

အတွေးကြောင့်ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ်က သပ်သပ်၊ အစားကြောင့်ဖြစ်တဲ့ ကုသိုလ်၊ အကုသိုလ် ကသပ် သပ်ရယ်လို့ မရှိ ပါဘူး။ သက်သတ်လွတ်အစားအစာဟာ ကုသိုလ်အစားအစာ မဟုတ်သလို အသားငါး အစား အစာဟာလည်း အကုသိုလ်အ စားအစာ မဟုတ်ပါဘူး။
           

သက်သတ်လွတ် စားရုံသက်သက်နဲ့ ကုသိုလ်ရတယ်ဆိုရင် နို့စို့အရွယ်ကလေးတွေ အမေနို့ စို့နေတဲ့အချိန် ၊ မြီးကောင်ပေါက် ကောင်မလေးတွေ သရက်ပေါင်း၊ ဆီးပေါင်း စားနေတဲ့အချိန်၊ ရုပ်ရှင် ဗွီဒီယိုကြည့် သူတွေနေကြာစေ့၊ ကွာစေ့ဝါးနေတဲ့အချိန်၊ အရက်သမား၊ ဘီယာသမားတွေ အရက်၊ ဘီယာသောက် နေတဲ့အချိန်၊ အရက်ဘီယာသောက် ရင်းအာလူးကြော်၊ မြေပဲလှော် မြည်းနေတဲ့အချိန်တွေမှာလည်း သူတို့တစ်တွေ အလကားနေရင်း ကုသိုလ်ရနေမှာပေါ့။ အဲဒါတွေ အားလုံး သက်သတ်လွတ်တွေချည်းပဲ မဟုတ် လား။
           

ပွင့်တော်မူခဲ့ပြီးသမျှ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တွေ အားလုံး အသားငါး အစားအစာရော၊ အသီး အရွက် အစားအစာပါ ကြုံရာ ရရာကို စားရင်းကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြလို့ ဘုရား အဖြစ်၊ ပစ္စေက ဗုဒ္ဓါအဖြစ်၊ ရဟန္တာ အဖြစ်ကို ရောက်တော်မူခဲ့ကြပါတယ်။ သက်သတ်လွတ်စားတဲ့ ကုသိုလ်ကြောင့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဖြစ်သွားတဲ့သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။
           

သက်သတ်လွတ်စားရုံသက်သက်နဲ့ ကုသိုလ်မရနိုင်တဲ့အတွက် အရှင်ဒေ၀ဒတ်ရဲ့  " ရဟန်းတော် တိုင်းသက် သတ်လွတ်စား ရန်" ပညတ်ပေးဖို့ အဆိုပြုချက်ကို မြတ်စွာဘုရားရှင်က "ဗီတိုအာဏာ" ထက်အဆပေါင်း များစွာသြဇာကြီးတဲ့ "ဗုဒ္ဓအာဏာ" နဲ့ ပြတ်ပြတ်သားသား ပယ်ချတော်မူခဲ့ပါတယ်။ ကိုယ့်အတွက် သီးခြား ရည်စူးပြီး သတ်တာလို့ မမြင်ရင် ၊ မကြားရင်၊ မယုံမှား ရင် လူဝတ်ကြောင်တွေအနေနဲ့ ဘယ်အသားကိုမဆို စားသောက်သုံးဆောင်နိုင်ပါတယ်။ လူဝတ်ကြောင်တွေ ရှောင်ကြဉ်ရ မယ့်အသား တစ်ခုမှ မရှိပါဘူး။ ရဟန်းတော်တွေကတော့ " လူသား၊ ဆင်သား၊ မြင်းသား၊ ခွေးသား၊ မြွေ သား၊ ခြင်္သေ့သား၊ ကျားသား၊ ကျား သစ်သား၊ ၀က်ဝံသား၊ အောင်းသား " ဆိုတဲ့ " အသားကြီးဆယ်မျိုး " ကို လုံးဝ ရှောင်ကြဉ်ကြရပါတယ်။
           

မြတ်စွာဘုရားရှင် လက်ထက်တုန်းက " သုပ္ပိယာ " ဆိုတဲ့ ဥပါသိကာမ တစ်ယောက်က အသား စွပ်ပြုတ်လိုအပ်နေတဲ့ ၀မ်းလျှော ရဟန်းတစ်ပါးကို ဈေးထဲမှာ အသားဝယ်မရတဲ့အတွက် မိမိရဲ့ပေါင်သား ကို လှီးဖြတ် စွပ်ပြုတ်လုပ်ပြီး  ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ မြတ်စွာဘုရား သိသွားတဲ့အခါ ဘာအသားလဲလို့ မစူး စမ်းဘဲ စွပ်ပြုတ်သောက်လိုက်တဲ့ ရဟန်းတော်ကို ကဲ့ရဲ့ရှုတ်ချပြီး ရဟန်းတော်များ လူသားလုံးဝမစားဖို့ ပညတ်ချက် ထုတ်လိုက်ပါတယ်။ " ဘာအသားလဲလို့ မစူးစမ်း၊ မမေးမြန်းဘဲ အသားဟင်း မစားရ၊ စားလျှင် ဒုက္ကဋ်အာပတ်သင့်စေ " လို့လည်း ၀ိနည်းစည်းကမ်း သတ်မှတ်လိုက်ပါတယ်။
           

အစာရေစာ ရှားပါးတဲ့တစ်ချိန်တုန်းက အလိုလိုသေဆုံးသွားကြတဲ့ ရှင်ဘုရင်ရဲ့ ဆင်တွေ၊ မြင်းတွေကို လူတွေက ဆင်သား ၊ မြင်းသားဟင်း ချက်စားကြပြီး ရဟန်းတော်တွေကိုလည်း လောင်းလှူကြပါတယ်။ ဘုဉ်းပေးတဲ့ ရဟန်းတော်တွေကို လူတွေ က " ကိုယ်တော်တွေ ဘာလို့ ဆင်သား၊ မြင်းသား စားကြ တာလဲ၊ ဆင်တို့၊ မြင်းတို့ဆိုတာရှင်ဘုရင်ရဲ့ အသုံးအဆောင်တွေ၊ မင်းအင်္ဂါတွေပဲ၊ ရှင်ဘုရင်သာသိရင်ကိုယ်တော်တွေ ကိုကျေနပ်မှာမဟုတ်ဘူး " လို့ ကဲ့ရဲ့  ကြတဲ့အတွက် မြတ်စွာဘုရားရှင်က ရဟန်းတော် တွေ ဆင်သား၊ မြင်း သား မစားဖို့ ပညတ်တော်မူရပြန်ပါတယ်။
           

လူတွေ လောင်းလှူလို့ ခွေးသား၊ မြွေသား ဘုဉ်းပေးကြပြန်တော့လည်း " စက်ဆုပ်စရာကြီး၊ ရွံစရာကြီး၊ ဘာ လို့ဘုဉ်းပေးကြ တာလဲ " လို့ ကဲ့ ရဲ့ ကြပြန်တဲ့အတွက် ခွေးသား၊ မြွေသား မစားဖို့ပညတ်တော်မူ ရပြန်ပါတယ် ။ မြွေသားမစားဖို့ ပညတ်တဲ့နေ ရာမှာတော့ " သုပဿ " ဆိုတဲ့ နဂါးမင်းက " သဒ္ဓါတရား မရှိတဲ့ နဂါးမျိုး ၊ မြွေ မျိုးတွေက ရဟန်းတော်တွေကို ဘာမဟုတ်တဲ့ အကြောင်းလေးတွေ လောက်နဲ့ လည်း ညှဉ်းဆဲနှိပ်စက်နိုင်တဲ့ အတွက်ရဟန်းတော်များ မြွေသားမစားဖို့တောင်းပန်ပါတယ် " လို့မြတ်စွာဘုရားရှင်ကိုတာင်း ပန်လျှောက် ထားခဲ့တာလည်း အကြောင်းတရားတစ်ခု အဖြစ် ပါဝင်ပါတယ်။
           

တောမုဆိုးတွေ လောင်းလှူတဲ့ ခြင်္သေ့သား၊ ကျားသား၊ ကျားသစ်သား၊ ၀က်ဝံသား၊ အောင်းသားတွေ ဘုဉ်းပေးပြီး တော ထဲမှာ သီတင်းသုံးကြပြန်တော့လည်း ခန္ဓာကိုယ်က ထွက်တဲ့ ခြင်္သေ့သားနံ့၊ ကျား သားနံ့၊ ကျားသစ်သားနံ့၊ ၀က်ဝံသား နံ့၊ အောင်းသားနံ့တွေကြောင့်  ခြင်္သေ့တွေ၊ ကျားတွေ၊ ကျားသစ်တွေ၊ ၀က် ၀ံတွေ၊ အောင်းတွေက ရဟန်းတော်တွေကို အမျိုးမျိုး ညှဉ်းဆဲတိုက်ခိုက် ရန်ပြု ကြပြန်တဲ့ အတွက် မြတ်စွာ ဘုရားရှင်က အဲဒီအသားတွေမစားကြဖို့ ရဟန်းတော်တွေကို ပညတ်ချက်ထုတ်ပြန်တော် မူရပြန်ပါတယ်။
           

အာပတ်အပြစ်အနေနဲ့ကတော့ လူသားစားရင် ထုလ္လစ္စည်းအာပတ်၊ ကျန်အသားကိုးမျိုးစားရင် ဒုက္ကဋ်အာ ပတ်သင့်ပါတယ်။ ဒီဆယ်မျိုးကို အသားသာ မစားကောင်းတာမဟုတ်ပါဘူး။ အရိုး၊ အရေ၊ အသား၊ အသွေး၊  အမွေးဘာကိုမှ မသုံးကောင်းပါဘူး။ သုံးရင် အာပတ်သင့်ပါတယ်။ အသားကြီးဆယ်မျိုးက လွဲရင်ဘယ်အ သားငါးကိုမဆို ရဟန်းတော်များ ဘုဉ်းပေးတာ ကောင်းပါတယ်။ ဘာအာပတ်မှ မသင့်ပါဘူး။ ဘာအကုသိုလ် မှ မဖြစ်ပါဘူး။ လောကီ၊ လောကုတ္တရာ ဘယ်လိုကောင်းကျိုးမျိုးကိုမှ မတားမြစ် နိုင်ပါဘူး။
           

ရဝေနွယ်မေးတဲ့ " ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ၀က် " ထဲက ဆင်နဲ့ မြင်းကိုတော့ ရဟန်းတော်များ လုံးဝရှောင် ကြဉ်ရပါတယ်။ ကျွဲ၊ နွား၊ ၀က် ကိုတော့ရှောင်ကြဉ်စရာမလိုပါဘူး။ ကိုယ်နဲ့တည့်ရင် စားနိုင်ပါတယ်။ လူ ၀တ်ကြောင်တွေကတော့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ၀က် ငါးမျိုးစလုံး ဆန္ဒရှိသလိုစားနိုင်ပါတယ်။ မတည့် လို့ရှောင်တာကလွဲရင် အကုသိုလ်ကြောက်ပြီးလည်း ရှောင်စ ရာမလိုပါဘူး။ ကိုယ်လိုချင်တဲ့ကောင်း ကျိုးတွေ မရမှာ၊ ကိုယ်ကျင့်နေတဲ့ ကျင့်စဉ်တွေ မအောင်မြင်မှာ ကြောက်ပြီး လည်း ရှောင်စရာမလိုပါဘူး။ အသားကြီး ငါးမျိုး ရှောင်ကြဉ်ရုံနဲ့လည်း အလိုလိုနေရင်း ကုသိုလ်ရမသွားပါဘူး။ ကိုယ့်ဘာသာ ကိုယ် မစားချင်လို့မစား တာကိုလည်း ဘာမှထူးပြီး ချီးမွမ်းစရာ မရှိပါဘူး။
           
အဆန်းမထွင်ဘဲ ဘုရားဟောမူရင်းအတိုင်း လိုက်နာကျင့်ကြံကြတဲ့ ဘုရားသားတော် ရဟန်းတော် (အမှန်အကန်) တွေက ဘုရားဟော ပိဋကတ်တော်နဲ့အညီ ပြောကြရေးကြတာကို ဘယ်သူ့ ပုတ်ခတ်တာ၊ ဘယ်ဝါ့ စော်ကားတာလို့ မကျေမနပ် တုံ့ပြန်ကြတာ လုံးဝ သဘာဝမကျပါဘူး။ ဘုရားဟောမရှိလို့ မရှိဘူးပြောတာ၊ ဘုရားဟောနဲ့ မညီလို့ မညီဘူးပြောတာ စိတ် ဆိုးစရာ၊ ဒေါသထွက်စရာ မဟုတ်ပါဘူး။ ၀မ်းမြောက်စရာ ၊ ကျေးဇူးတင်စရာပါ။ အယူမှန် သမ္မာဒိဋ္ဌိကို မြတ်နိုးတယ် ဆိုရင်ပေါ့။ ကိုယ့်အပြော၊ ကိုယ့်လုပ်ရပ်ကို ဘုရားဟောနဲ့ မညီဘူးလို့အပြောမခံချင်ရင် အစကတည်းက ဘုရားဟောနဲ့ ညီအောင် ပြောပြီးဘုရားဟော နဲ့ ညီအောင် လုပ်ရုံပါပဲ။
           

" အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ- မမှန်တာကို မမှန်ဘူးလို့ ဖြေရှင်းပြရမယ် " ဆိုတဲ့ ဗုဒ္ဓအဆုံးအမ ထဲက " မမှန် " ဆိုတာ ဘုရားဟောအမှန်၊ တရားသဘောအမှန်နဲ့ ဆန့်ကျင်တဲ့ " မမှန် " ကိုပြောတာပါ။ ကိုယ့်အကြိုက်၊ ကိုယ့်အမှန်နဲ့ ဆန့်ကျင်တဲ့ " မမှန် " ကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ကြိုက် လို့ကိုယ်မှန် တယ်ထင်နေတဲ့ အမှန်မှားနဲ့ ဆန့်ကျင်တိုင်း တာ " မမှန် " လို့ လိုက်ဖြေရှင်းနေမယ် ဆိုရင်တော့ ဖြေလေ ရှုပ်လေ၊ ရှင်းလေ မှားလေ ဖြစ်နေမှာ သေချာပါတယ် ။   ။


" မကျင့်လည်းမှား၊ ကျင့်လည်းမှား " တဲ့ အဖြစ်ဆိုးမျိုးမှ လွတ်မြောက်နိုင်ကြပါစေ။ 




“ အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ ၏ နို့နှစ်လုံးဖိုးကျေပါတယ်စာအုပ် ” မှ ပြန်လည်ကူးယူဖော်ပြပါသည်။


ရာဇာထွေး
read more

Friday, June 28, 2013

လောကနီတိ- ၁၉


  • အိမ်ယာထောင်ထား အကြင်ယောကျာ်းသည် ပျင်းရိမူမကောင်း။
  • ရဟန်းသည် ကိုယ်နှုတ်နှလုံးကို စောင့်ထိန်းခြင်းမရှိမူ မကောင်း။
  • မင်းအစိုးရသည် မဆင်မခြင် ပြုလေ့ရှိလျှင်မကောင်း။ 
  •  ပညာရှိသည် အမျက်ထွက်တတ်မူမကောင်း။
  • A family man who is lazy is not good.
  • A monk who does not control thought, world and deed in unvirtuous.
  • An authority who acts wantonly is not good.
  • A sage, given anger is not good.

အကြင်အရပ်၌-
  • နောက်လိုက်မရှိ၊ ခေါင်းဆောင်ချည်းသာများအံ့။
  • နာခံသူမရှိ၊ ပညာရှိဆရာ လုပ်လိုသူချည်းသာများအံ့။
  • နှိမ့်ချသူမရှိ၊ အကြီးအမြတ် ဖြစ်လိုကြသူများသာဖြစ်အံ့။
  • ထိုသူတို့ လုပ်သမျှ ကိစ္စအ၀၀ သည် ပျက်စီးရတတ်၏။

A place,
  • Where there are no followers but all are leaders.
  • Who want to act wise with no listener,
  • To be great with no one humble is bound to see the ruin of whatever is done.

မင်းအစိုးရမည်သည် -
  • တိုင်းပြည်၏ အခွန်အတုတ်ရမရ၊ မျိုးရိက္ခာ ပြည့်စုံခြင်းရှိမရှိ ကိုယ်တိုင်သိအောင် ပြုရာ၏.
  • အမှုထမ်းများ တာဝန်ကျေအောင် ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း ကိုယ်တိုင်သိအောင်ပြုရာ၏။
  • နှိမ့်ချ အရေးယူထိုက်သူများကို နှိမ့်ချ အရေးယူ၍ ချီးမြှောက်စားထိုက်သူများကို ချီးမြှောက်စားရာ၏။

Government must be directly in the know-
  • If revenue is received or not and if seeds and food supplies are sufficient or not.
  • If those in service are dutiful or not.
  • If those on whom action must be taken is taken and those worthy of reward are reward.




လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သား ဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)

ရာဇာထွေး
read more

Tuesday, June 25, 2013

စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ(စိတ်အားဖြည့်ဓမ္မနှင်းပွင့်)
















၁။ စိတ်မော်ဒယ်လ် အမြဲသစ်ပါစေ

အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့ လူသားတွေအနေနဲ့

ရုပ်ဝတ္ထုပစ္စည်းဘက်မှာ မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင်

ကြိုးစားနေကြသလို ကိုယ့်နှလုံးသားထဲက စိတ်ကိုလည်း

မော်ဒယ်လ်သစ်နိုင်သမျှ သစ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်ပါတယ်။

တကယ်ဆို….

ရုပ်မော်ဒယ်လ်သစ်ဖို့ထက် စိတ်မော်ဒယ်လ်သစ်ဖို့က

ပိုပြီးတောင် အရေးကြီးပါသေးတယ်။




၂။ ကျင့်စဉ်မှန်ဖို့ အဓိက

ရဟန္တာဆီ တပည့်ခံအားထုတ်မှ ရဟန္တာဖြစ်မှာ မဟုတ်ပါဘူး။

ပုထုဇဉ်ဆီ တပည့်ခံအားထုတ်ရင်လည်း ဘုရားဟောကျင့်စဉ်နဲ့

ကိုက်ညီရင် ရဟန္တာဖြစ်နိုင်ပါတယ်။

ရဟန္တာလို့ နာမည်ကြီးပေမယ့် သူညွှန်ကြားတဲ့ကျင့်စဉ်တွေက ဘုရားဟော

ထေရဝါဒကျင့်စဉ်တွေနဲ့ ဆန့်ကျင်နေမယ်ဆိုရင်တော့

“ဆရာမှားရင် တစ်သံသရာလုံးမှောက်” ဆိုတဲ့ စကားအတိုင်း

အကြီးအကျယ် ကိုယ်ကျိုးနည်းကြပါလိမ့်မယ်။




၃။ နိဗ္ဗာန်ဦးတည်မှ ပါရမီကုသိုလ်

ဂုဏ်လိုချင်လို့ ထင်ပေါ်ကျော်ကြားချင်လို့ ပြုတဲ့

ကုသိုလ်ကောင်းမှုတွေ အခွင့်အရေးတစ်ခုခု။

လုပ်ပိုင်ခွင့်တစ်ခုခု ရချင်လို့ အပေးအယူသဘောမျိုး

လာဘ်ထိုးတဲ့သဘောမျိုး ပြုတဲ့ ကုသိုလ်ကောင်းမှုတွေ

နောင်ဘဝတွေမှာ ချမ်းသာကောင်းစားချင်လို့ ပြုတဲ့

ကုသိုလ် ကောင်းမှု တွေဟာ ပါရမီကုသိုလ်တွေမဟုတ်ပါဘူး။

ရိုးရိုးကုသိုလ်တွေ၊ သာမန်ကုသိုလ်တွေပါ။

နိဗ္ဗာန်ကို လုံးဝမရောက်နိုင်ပါဘူး။

နိဗ္ဗာန်ကို ဦးတည်တဲ့စိတ် ရင့်သန်ခိုင်မာပြီးသား ပုဂ္ဂိုလ်တချို့ရဲ့

နောင်ဘဝမျှော် ကုသိုလ်တချို့ကလွဲရင်ပေါ့။




၎။ ပါရမီပြည့်ဖို့လိုပါတယ်

တရားတော့အားထုတ်နေပါရဲ့၊ အပူဒဏ် အအေးဒဏ်လည်း သည်းမခံနိုင်၊

အစားဆင်းရဲ အအိပ်ဆင်းရဲဒဏ်လည်း သည်းမခံနိုင်

ဟိုလူ အပြစ်ပြော ဒီလူကဲ့ရဲ့ဒဏ်ကိုလည်းသည်းမခံနိုင်၊

ဟိုလူနဲ့ တရားငြင်းခုံလိုက်၊ ဒီလူနဲ့ တရားရန်ဖြစ်လိုက် ဖြစ်နေမယ်ဆိုရင်

“အမျက်မထွက်ခြင်း”ဆိုတဲ့ “ခန္တီပါရမီ”ချို့တဲ့နေတဲ့အတွက်

ဘယ်တော့မှ တရားထူးမရနိုင်ပါဘူး။

ဒါဆိုရင် ဝိပဿနာအလုပ်ကို အားထုတ်နေရင်းနဲ့ ခန္တီပါရမီကိုလည်း

ပူးတွဲဖြည့်ကျင့်သွားရမယ်ဆိုတာသဘောပေါက်လောက်ပါပြီ။

အတိတ်ဘဝတွေက ခန္တီပါရမီ ဖြည့်ကျင့်ခဲ့မှလည်း ဒီဘဝမှာ ခန္တီစွမ်းအား ကြီးမားနိုင်တာပါ။

တခြားပါရမီတွေလည်းနည်းတူပါပဲ။ သာဝကဗောဓိဥာဏ်ဆိုတဲ့ တရားထူးရဖို့အတွက်

အတိတ်ဘဝတွေကလည်း ပါရမီဖြည့်ခဲ့ဖို့ လိုသလို ဒီဘဝမှာလည်း ပါရမီဖြည့်နေဖို့ လိုပါတယ်။




၅။ ကိလေသာနည်းလေ မော်ဒယ်လ်သစ်လေ

မနေ့က ကိုယ့်စိတ်မှာ လောဘတစ်ပိဿာရှိတယ်။

ဒီနေ့လည်း တစ်ပိဿာပဲဆိုရင် ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းနေပါတယ်။

ဒီနေ့ တစ်ဆယ်သားထပ်တိုပြီး တစ်ပိဿာနဲ့ တစ်ဆယ်သား ဖြစ်လာတယ်ဆိုရင်တော့

ကိုယ့်စိတ် မော်ဒယ်လ်ဟောင်းရုံတင်မကဘူး မော်ဒယ်လ်နိမ့်သွားပါပြီ။

မော်ဒယ်လ်အရမ်းအောက်သွားပါပြီ။

ဒီနေ့တစ်ဆယ်သားလျော့သွားပြီး ကိုယ်ဆယ်သားပဲ ကျန်တော့တယ်ဆိုရင်တော့

မော်ဒယ်လ်သစ်သွားပါပြီ။

မော်ဒယ်လ်မြင့်သွားပါပြီ။

လောဘလျော့လေ မော်ဒယ်လ်သစ်လေပါပဲ။




ဦးဇင်းရဲ့ ၀ိရဓမ္မ ဘလော့မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံ စဉ်) များကို ning ဆိုက်များတွင် ဦးဇင်း အရှင်ဝိမလဝံသ ပို့စ်တင်ကတည်းက ကြိုက်နှစ်သက်မိလို့ ကျွန်တော်ကူးထားတာ ကြာပါပြီ။ ကျွန်တော့်ရဲ့ဘလော့လေးမှာ လည်းသိမ်းထားချင်တာကြောင့် အခုလို ပြန်လည်ဖော်ပြလိုက်တာပါ။ 
သူငယ်ချင်း ညီအကို၊ မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ။
 
 
ရာဇာထွေး



read more

Friday, June 21, 2013

လောကနီတိ - ၁၈



  • ဥစ္စာမရှိဘဲ အစားမကြူးရာ။
  • ခွန်အားမရှိဘဲ အသတ်အပုတ် မကြိုက်ရာ။
  • ပညာမရှိဘဲ စကားများစွာ မဆိုရာ။
  •  Without wealth, be not excessive in eating.
  • Without strength, love not fighting.
  • Without learning, speak not too much.

  • မဖိတ်ခေါ်ဘဲ သူတစ်ပါး အိမ်သို့ ကြိမ်ဖန်များစွာ မသွားရာ။
  • သူမမေးဘဲ များစွာ မပြောရာ။
  • မိမိဂုဏ်ကို ထုတ်ဖော် ၀ါကြွားပလွှားခြင်း မပြုရာ ။ (ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်)
  •  Don't visit another's house frequently without being invited.
  • Don't talk too much without being asked.
  • Don't extol and boast of oneself.
  • (Don't blow one's own trumpet.)

  • ရေမပြည့်သော အိုးသည် ဘောင်ဘင် ခတ်တတ်၏။
  • ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။
  •  A half-empty vessel makes more sound.
  • A person not fully educated tends to show off.

  • သမုဒ္ဒရာသည် ရေ၌ မရောင့်ရဲ။
  • မျက်စိသည် ချစ်သောသူကို မြင်ခြင်း၌ မရောင့်ရဲ။
  • ပညာရှိသည် စကားကောင်း၌ မရောင့်ရဲ။
  •  The ocean is not contented in receiving water.
  • The eye is not contented in seeing the beloved.
  • The wise is not contented in good speech.


လောကနီတီလေးများကို အခုလိုကူးယူခွင့်ပေးတဲ့ ဧရာဝတီစာကြည့်တိုက် ကိုအထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ။ မှတ်သားဖွယ်ရာလောကနီတိလေးများကို ဖတ်ရှု့မှတ်သားရင်း သူငယ်ချင်းညီအကို၊ မောင်နှမများ အားလုံးဘ၀ အမောတွေပြေကြပါစေခင်ဗျာ....။

(တင်ထားပြီးသမျှ လောကနီတိ လေးများ)


ရာဇာထွေး
read more

Tuesday, June 18, 2013

အတင်းပြောတာ အကုသိုလ်အလုပ်(စိတ်အားဖြည့် ဓမ္မနှင်းပွင့်)
















၁။ ကိုယ်ကျင့်တရားသည် အရေးကြီးဆုံး လူသိက္ခာ

လူတစ်ယောက်ဟာ ပင်ကိုယ်ရုပ်အဆင်း ဘယ်လောက်ချောချော

ကိုယ်ကျင့်တရားမကောင်းရင် လုံးဝကျက်သရေမရှိပါဘူး။

ပင်ကိုယ်ရုပ် မလှပေမယ့် ကိုယ်ကျင့်တရားကောင်းရင် ကျက်သရေရှိပါတယ်။

လူတစ်ယောက်ရဲ့ ဂုဏ်သတင်းပျံ့မွှေးမှုကို ရေရှည်တည်တံ့အောင်

ထိန်းသိမ်းထားနိုင်တာ ကိုယ်ကျင့်တရားရနံ့ တစ်ခုပဲရှိပါတယ်။

ကိုယ်ကျင့်တရား ခိုင်မြဲနေသမျှ ဂုဏ်သိက္ခာအားလုံး ခိုင်မြဲနေဦးမှာပါပဲ။

ကိုယ်ကျင့်တရား ပျက်စီးရင်တော့ ရှိသမျှဂုဏ်အားလုံး ပျက်စီးသွားပါပြီ။



၂။ အတင်းပြောတာ အကုသိုလ်အလုပ်

အတင်းပြောတာ ဝါသနာပါတဲ့သူတွေက

“သူများပါးစပ် ငှားပြောတာ မဟုတ်ဘူး ကိုယ့်ပါးစပ်နဲ့ ကိုယ်ပြောတာ ဘာဖြစ်လဲ…!

ဟုတ်လို့ဟုတ်တယ်ပြောတာ မှန်လို့မှန်တယ်ပြောတာ ဘာဖြစ်လဲ…လို့”

နှုတ်သီးကောင်းလျှာပါးနဲ့ ရန်စကားပြောတတ်ကြပါတယ်။

ဟုတ်ကဲ့……ဘာမှမဖြစ်ပါဘူး။ အကုသိုလ်ဖြစ်ရုံနဲ့ ငရဲကျရုံလောက်ပါပဲ။

ဘာလို့လဲဆိုတော့ အတင်းပြောတယ်ဆိုတာ ဝစီဒုစရိုက်အမှု ကျူးလွန်နေတာမို့ပါ။



၃။ ယုံကြည်ချက်ရှိမှ ဘဝတောက်ပမယ်

ယုံကြည်မှု သဒ္ဓါတရားဟာ စိတ်ကို ကြည်လင်စေရုံသာမက နှလုံးသားကိုလည်း တောက်ပစေပါတယ်။

သဒ္ဓါတရားပိုင်ရှင်ရဲ့ နှလုံးသွေးဟာ ရွှေဝါရောင်တောက်ပနေတာမို့ သဒ္ဓါတရားထင်ရှားနေတဲ့အခိုက်

အဲဒီလူရဲ့ မျက်နှာတစ်ခုလုံးဝင်းလက်တောက်ပနေပါတယ်။

ကုသိုလ်အလုပ်တစ်ခုခုကို စိတ်ပါလက်ပါအာရုံစိုက်ပြီး လုပ်နေချိန်မှာ သဒ္ဓါတရားသိပ်ထင်ရှားနေတဲ့အတွက်

အဲဒီအချိန်မှာ ရုပ်အဆင်း ဝင်းလက်တောက်ပမှုလည်း အရမ်းကိုသိသာပေါ်လွင်နေပါတယ်။

သဒ္ဓါတရားအားကောင်းလေ ရုပ်အဆင်းရော ဘဝအခြေအနေပါ တိုးတက်တောက်ပလေပါပဲ။



၎။ တရားအလှူသာ အမြတ်ဆုံး

ဘုရား ပစ္စေကဗုဒ္ဓါကလွဲရင် တရားအလှူမရှိဘဲ တရားထူးရတဲ့သူ

တရားအလှူမပါဘဲ သံသရာလွတ်မြောက်တဲ့သူ

ရှေးကလည်းမရှိခဲ့၊ အခုလည်းမရှိ၊ နောင်လည်း ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး။

တရားထူးရရေး သံသရာလွတ်မြောက်ရေးမှာ တရားအလှူဟာ မပါမဖြစ် မရှိမဖြစ်တဲ့အတွက်

တရားအလှူ ဓမ္မဒါနဟာ အနှိုင်းမဲ့ အလှူ ဖြစ်ရပါတယ်။



၅။ တရားအလှူသူဟာ မသေဆေးတိုက်ကျွေးတဲ့သူပါ

ဓမ္မဒါနဟာ အမတဒါနပါ။ တရားအလှူဟာ မသေခြင်း အလှူပါ။

သူတစ်ပါးကို တရားပေးလှူရင် သူတစ်ပါးကို မသေခြင်း ပေးလှူရာရောက်ပါတယ်။

မသေဓာတ် ပေးအပ်ရာရောက်ပါတယ်။

သူတစ်ပါးကို မသေအောင် လုပ်ပေးရတဲ့ အလုပ်လောက်

ကောင်းတဲ့အလုပ်မျိုး လောကမှာ ရှိပါဦးမလား။

လုံးဝ(လုံးဝ) ကို မရှိနိုင်တော့ပါဘူး။





ဦးဇင်းရဲ့ ၀ိရဓမ္မ ဘလော့မှာလည်း သွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။ အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မသံ စဉ်) များကို ning ဆိုက်များတွင် ဦးဇင်း အရှင်ဝိမလဝံသ ပို့စ်တင်ကတည်းက ကြိုက်နှစ်သက်မိလို့ ကျွန်တော်ကူးထားတာ ကြာပါပြီ။ ကျွန်တော့်ရဲ့ဘလော့လေးမှာ လည်းသိမ်းထားချင်တာကြောင့် အခုလို ပြန်လည်ဖော်ပြလိုက်တာပါ။ 
သူငယ်ချင်း ညီအကို၊ မောင်နှမများ အားလုံး ဘ၀အမောတွေပြေကြပါစေ ခင်ဗျာ။


ရာဇာထွေး
read more
“ သင့်ရဲ့စကားလေးတစ်ခွန်းက နေ့သစ်တွေအတွက် အားဆေးလေးတစ်ခွက်ပါ”... သူငယ်ချင်း ညီအကိုမောင်နှမများအားလုံးဘ၀ အမောတွေပြေ ကြပါစေခင်ဗျာ...
“ Blog မိတ်ဆွေ၊ သူငယ်ချင်း၊ ညီအကို မောင်နှမများ..”

Color Code ယူရန်: